အဲဒီလိုနဲ့ ၆၃ ခုနှစ် ‘စေ့စပ်ရေး’ မျက်လှည့်ပြပွဲကြီး ရောက်လာရော။ အဲဒီကျတော့ သူတို့လည်း နည်းနည်းပါးပါး ကိုယ်ရှိန် သတ်ထားရတယ်။ ဒါကို အခွင့်ကောင်းယူပြီး ကျနော်တို့ကျောင်းသားသမဂ္ဂတွေက အတင်းဗြောင်လှုပ်ရှားလို့ရအောင် တရားဝင်ပြန်ဖြစ်အောင် ကြိုးစားကြတယ်။ အဲဒီနောက် ကျနော်တို့ရဲ့ အဓိက ဦးတည်ချက် အဓိကရည်မှန်းချက်ဟာ နံပတ်(၁) သမဂ္ဂ တရားဝင်ရပ်တည်ခွင့်ရရေး။ အဲဒီရည်မှန်းချက်နဲ့ လုပ်တာ။
ကျနော် ဒီနေရာမှာ ရှင်းရှင်းပြောမယ်။ ဘယ်ခေတ် ကျောင်းသားပဲဖြစ်ဖြစ် တိုင်းပြည်မှာ ဖိနှိပ်သူ အုပ်စိုးသူရှိနေသမျှ ကာလပတ်လုံး သူတို့ရဲ့ အဓိက နံပါတ်တစ်၊ ပထမခြေလှမ်း အခြေခံအကျဆုံးလုပ်ရမယ့်ဟာက ‘သမဂ္ဂ ဖော်ထုတ်ရေး’ ဖြစ်တယ်။
ကျနော်တို့ ကျောင်းသားသမဂ္ဂ မရှိရင် ဘယ်လုပ်ငန်းမှ စုစုစည်းစည်း၊ ညီညီညွတ်ညွတ်၊ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ (တကွဲတပြား ကျနော်တို့ လှုပ်ရှားမှုတွေ၊ အခုလည်း ပေါ်နေတာပဲ။ ထိရောက်သင့်သလောက် မထိရောက်ဘူး။) ကျောင်းသားသမဂ္ဂဟာမျိုးရှိမှ တပြည်လုံးကို ကိုယ်စားပြုတဲ့ တပြည်လုံးက ကျောင်းသားတွေ၊ (တပြည်လုံးဆိုတာ ဟိုး အထက်ဘက် ကချင်ပြည်နယ်ကနေ အောက်ဆုံး တနင်္သာရီအထိ) တပြည်လုံးကို ကိုယ်စားပြုတဲ့ ကျောင်းသားသမဂ္ဂ တွေရှိမှ ကျနော်တို့လုပ်ငန်းတွေဟာ တကယ်ထိရောက်မှာပါ။ ဒါ ခေတ်အဆက်ဆက် ကျောင်းသားတွေရဲ့တာဝန်၊ အရင်က ထမ်းခဲ့တဲ့တာဝန်၊ နောင် ထမ်းရမယ့်တာဝန်လို့ ကျနော်ပြောချင်တယ်။
အဲဒီတော့အခုနကပြောသလိုပဲ အစိုးရရဲ့ စေ့စပ်ဆွေးနွေးပွဲဆိုတဲ့ဟာကြီးကို အခွင့်ကောင်းယူပြီး ကျနော်တို့ သမဂ္ဂတွေ ပြန်ဖွင့်ဖို့လုပ်ကြတဲ့အထဲမှာ ရန်ကုန်မှာဆိုရင် ‘ယာယီသမဂ္ဂအဆောက်အဦ’ ဆိုပြီး ကပ်တဲကြီးတခု ဆောက်ခဲ့တယ်။ အဲဒီ ကပ်တဲကြီးကိုပဲ ဗဟိုပြု၊ အဲဒီထဲမှာပဲ စာလှိမ့်စက်တွေဘာတွေထားပြီးတော့ လှုပ်ရှားခဲ့ကြတယ်။
ကျနော်တို့ မန္တလေးမှာတော့ ငွေရေးကြေးရေးက အဲဒီလောက်အဆင်မပြေတော့ အဆောက်အဦတွေ ဘာတွေ မဆောက်နိုင်ဘူး။ ဒါပေမယ့် ကျနော်တို့ဆီက စီစဉ်ထားတာကလည်း ရန်ကုန်နဲ့ချိန်သားကိုက်ပြီး လှုပ်ရှားတယ်လို့ဆိုရလောက်အောင်ပဲ ရည်မှန်းချက်လည်း အတူတူ တင်ပြချက်လည်း အတူတူ၊ ခံစားမှုလည်းတူတာကိုးဗျ။ အကုန်လုံး အတူတူပဲ လှုပ်ရှားကြတာပါ။
ကျနော်တို့ အဲဒီတုန်းက သမဂ္ဂပေါ်ပေါက်ရေး လုံးပမ်းတယ်။ နောက်တခါ အဲဒီတုန်းကပေါ်နေတဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး၊ အကောင်အထည်ပေါ်ရေးလှုပ်ရှားမှုမှာ ကျောင်းသားတွေ တက်တက်ကြွကြွပါဝင်ပြီး ကျနော်တို့ လှုပ်ရှားကြပါတယ်။
ကျနော် မှတ်မိသေးတယ်။ ကျနော်တို့ သမဂ္ဂဖော်ထုတ်ရေး အတွက်အစီအစဉ်မှာ ရွေးကောက်ပွဲအတွက် ကျနော်တို့ပြင်ပြီး လုပ်ကြတာ။ ကျနော်တို့ခေါင်းထဲမှာ သမဂ္ဂဖော်ထုတ်ရေးဆိုတာ ပါးစပ်နဲ့ပြောနေတာ မဟုတ်ဘူး။ တကယ်ကို အစီအစဉ်ရှိရှိ လုပ်တာ။ ရွေးကောက်ပွဲအထိ စဉ်းစားထားပြီးသား။
ပထမဆုံးအနေနဲ့ ကျနော်တို့ဘာလုပ်သလဲဆိုရင် အဲဒီတုန်းက မြို့နယ် ဗကသတွေ ဖော်တယ်။ နောက်ပြီးကျတော့ ခရိုင် ဗကသတွေ ဖော်တယ်။ ကျနော်ဆိုရင် မန္တလေး အရှေ့မြောက်မြို့နယ် ဗကသမှာ ကျနော် အတွင်းရေးမှူးဖြစ်တယ်။ အဲဒါက ကျနော်တို့ မန္တလေး လက်ဆည်ကန် အောင်နန်းရိပ်သာအရှေ့ ၅၆၆၊ အကွက် ၁ဝ ဓမ္မာရုံမှာလုပ်တာ။ အဲဒီနားက တိုင်းချစ်တို့၊ နေရှင်နယ်တို့ … အဲဒီကျောင်းက ကျောင်းသားတွေ တက်ကြ တယ်။ အဲဒီကနေ တဆင့်တက်ပြီးတော့ ခရိုင်ဗကသကို ဖွဲ့တယ်၊ ရွေးတယ်။ အဲဒါက ဘယ်မှာလုပ်သလဲဆိုလို့ရှိရင် ရွှေကျီးမြင်ဘုရားထဲမှာ လုပ်တယ်။
အဲဒီမှာ ကျနော်က တွဲဘက်အတွင်းရေးမှူး ဖြစ်တယ်။ ကျနော်မှတ်မိနေတာ ဥက္ကဋ္ဌက ဟို ကဗျာဆရာ ကိုကြည်အောင် (လူနာမည်တော့ ကိုကြည်လင်)ပေါ့ဗျာ။ ကျနော့် အကိုကြီးတယောက်ပါ။ နောက်ပြီးကျတော့ ကဗျာဆရာမ မစိမ်းပင်တို့ (သူ့နာမည်အရင်းက မအေးစန်း)။ သူလည်း သမဂ္ဂလုပ်ငန်းနဲ့ပတ်သက်ရင် ကျနော့်ရဲ့ အမတော်တယောက်လို့ ပြောရမယ့် ဟာ တယောက်ပါ။ ကျနော့်ကို အများကြီးသင်ပေး သတ္တိမွေးပေးခဲ့တဲ့ အမျိုးသမီးတယောက်ပါ။ သူတို့နဲ့အတူ ကျနော်ဟာ ဒီလုပ်ငန်းထဲကို ပါဝင်လာရတာပါ။
ဆိုလိုတာ ကျနော်တို့အစီအစဉ်ရှိရှိ ခြေလှမ်းရှိရှိ လုပ်နေကြတာ။ အဲဒါတွေပြီးတော့ ဘာမှ မကြာဘူး။ ကျနော်တို့ မန္တလေးတက္ကသိုလ် ကျောင်းသားညီညွတ်ရေးတပ်ဦး အမှုဆောင်အဖွဲ့ကိ ပြန်ဖွဲ့တယ်။ ကျောင်းသား ညီညွတ်ရေးတပ်ဦး အမှုဆောင်အဖွဲ့ဆိုတာက အလွယ်တကူ ဖွဲ့လို့မရဘူး။
တပ်ဦးကောင်စီဆိုတာ တပ်ဦးအဖွဲ့ဝင်ဟောင်းတွေ ညီလာခံ ခေါ်ရတယ်။ အဲဒီလိုခေါ်ပြီး ညီလာခံကဖွဲ့မှ ညီလာခံမှာ မဲပေး၊ ဆန္ဒပေးပြီးတော့ရွေးမှ အတည်ဖြစ်တယ်။ ဒီတိုင်း ကိုယ့်ဟာကိုယ် လူတစုကြိတ်ပြီး လုပ်လို့ရတာ မဟုတ်ဘူး။ ဒါကြောင့်မို့ကျနော်တို့ မန္တလေးတက္ကသိုလ်အဝင်မှာ ရှိတဲ့ ပန်းခြံထဲမှာ တပ်ဦးညီလာခံကို ကျနော်တို့ ကျင်းပတယ်။ အလံတွေ တလူလူနဲ့ပေါ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment