Thursday, September 24, 2009

ကျောင်းသား ထောင် တော်လှန်ရေးသမား (၄)



တပ်ဦးညီလာခံ

အဲဒီတပ်ဦးညီလာခံမမှာ ဥက္ကဋ္ဌက ပဲခူးရိုးမမှာ သေဆုံးသွားတဲ့ ကိုကျော်ခင်၊ အတွင်းရေးမှူးက ပေါင်းလောင်းဘက်မှာ အစိုးရနဲ့တိုက်ပွဲဖြစ်ရင်း ကျသွားတဲ့ ကိုသောင်းရွှေ၊ ကျနော်က တွဲဖက်အတွင်းရေးမှူး။ အဲဒီလိုဖြစ်လာတယ်။ ဒီအမှုဆောင် အဖွဲ့က နောင် သမဂ္ဂရွေးကောက်ပွဲမှာဝင်ဖို့ အားပြင်တဲ့ အဓိပ္ပာယ်ပဲ။

အဲဒီလို ကျနော်တို့ တဖက်က ကိုယ့်အတွင်းစည်းရုံးရေးကိုပြန်လုပ်ပြီးတော့ အပြင်ဘက်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွ ဝင်ပါကြတယ်။ ကျနော်တို့ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်တွေဟာ အဲဒီ ပြည်တွင်း ငြိမ်းချမ်းရေးအဖွဲ့ အလုပ်လုပ်တဲ့နေရာတွေမှာ အောက်ခြေသိမ်းကအစ ကျနော်တို့ ဝင်လုပ်တယ်။

မှတ်မှတ်ရရ ကျနော်ဆိုလို့ရှိရင် ဟို … သုခဝတီပုံနှိပ်တိုက် အနောက်ဘက်က ဦးသန်းဖေအိမ်မှာ အဲ … ညတိုင်း ပိုစတာ ရေးတာ။ ကျနော်ခုနပြောတဲ့ ကိုသောင်းရွှေတို့နဲ့အတူသွားပြီး ညတိုင်း ပိုစတာရေး၊ ကိုယ့်ဟာကိုယ် ကော်တွေကျို၊ အောက်လင်းဓာတ်မီးထွန်း၊ ပြီးတော့ အမရပူရ ပို့၊ မတ္တရာ ပို့၊ မန္တလေးမှာ ၆ ခရိုင်ငြိမ်းချမ်းရေး ဆန္ဒပြပွဲကြီးလုပ်ဖို့ အစီအစဉ် ရှိတာကိုး။ အဲဒီ ဆန္ဒပြပွဲကြီးမှာပါမယ့် ပိုစတာတွေ ပို့ရတယ်။

ကျနော် မှတ်မှတ်ရရ ဒီမှာပြန်ပြောချင်တာက ခုနပြောတဲ့ တပ်ဦးညီလာခံလုပ်တဲ့အခါကျတော့ အရင်တပ်ဦး ကောင်စီဝင် (တပ်ဦးအဖွဲ့ဝင်ပေါ့ဗျာ) အားလုံးတက်ခွင့်ရှိတာဆိုတော့ တက်လာကြတယ်။ တက်တာ မကန့်သတ်ပါဘူး။ မဲပေးတာတော့ တပ်ဦးကောင်စီဝင်တွေမှာ မဲပေးခွင့်ရှိတယ်။ တက်လာကြတဲ့အထဲမှာ မဆလကို ထောက်ခံပြီးတော့ စစ်အစိုးရလုပ်တာ မှန်ပါတယ်ပြောကြတဲ့ အရင်တပ်ဦးဟောင်းတွေလည်း ပါလာတယ်။ သူတို့လည်း လာတက်တယ်။ တက်ခွင့်ရှိတယ်။ လုံးဝမကန့်ကွက်ဘူး၊ တက်ပါ။ သူတို့လည်း အဲဒီမှာ ဝင်ပြော၊ အမှုဆောင်အတွက် သူတို့လူကို တင်တဲ့ အခါကျတော့ တခါတည်း ခွက်ခွက်လန် နှာခေါင်းကျည်ပွေ့တွေ့တာပဲ။

ဟိုမှာကတော့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ ဖြစ်ကြတဲ့အတွက် သူတို့ကို ဟားတိုက်တာတို့၊ အော်တာတို့၊ မောင်းထုတ်တာတို့ အဲလိုတော့ မရှိဘူး။ ဒါပေမယ့် အဆုံးအဖြတ်က အညှာအတာကင်းတယ်။ သူတို့ကို ထောက်ခံတဲ့လူက သူတို့လူလေး ၃-၄ ယောက်။ အဲဒါအပြင် နောက်ထပ် ဘယ်သူမှမရှိဘူး။ ကျန်တဲ့ ခန်းမတခုလုံးက သူတို့ကို မသိကျိုးကျွန်ပြုထားလိုက်တာ။ အဲလိုနဲ့ ခွက်ခွက်လန်ပဲ။ သူတို့ကို နောက်ရက်တွေမှာ တွေ့ကိုမတွေ့ရတော့ဘူး။

ဆိုလိုတာက အဲဒီကတည်းက ကျောင်းသားတွေရဲ့စိတ်ထဲမှာကတော့ ပြတ်နေပြီ။ စစ်အစိုးရနဲ့ ပတ်သက်ရင် ကျောင်းသားတွေဘက်က ပြတ်တယ်။ မြင်တယ်။ ဘယ်သူမှ မမြင်တာမဟုတ်ဘူး။ အရင်ခေတ်ကျောင်းသားလှုပ်ရှားမှု လုပ်ရတာနဲ့ကို မတူဘူး။ လူစုဖို့က သိပ်လွယ်တယ်။ အမျိုးသမီးတွေလည်း သိပ်တက်ကြွတယ်။ နောက်ခုနက အဲဒီ မဆလ ကိုထောက်ခံတဲ့သူတွေကလည်း တခါတည်း ခွေးတိုးဝက်ဝင်နေရာလေးလောက်တောင် မရဘဲနဲ့ အဲဒီညီလာခံထဲကနေပြီး တော့ ခေါင်းငုံ့ပြီး ထွက်သွားကြရတာ။ ကျနော် ဒီနေ့အထိ မှတ်မိနေသေးတယ်။ သူတို့နာမည်တွေ မပြောတော့ပါဘူး။ အခုထက်ထိ ရှိနေပါသေးတယ် တချို့က။

ဒီနေရာမှာ ကျနော်ပြောချင်တာက ကျောင်းသားသမဂ္ဂထဲကို ကျနော်တို့ပါလာကြတာဟာ တခုက အခြေအနေ အချိန်အခါက တောင်းဆိုလို့၊ တွန်းပို့လို့ဖြစ်လာတာ။ နောက် ဒုတိယအချက်က ကျနော်တို့ကို အကူအညီပေးတဲ့ (အကူ အညီပေးတယ်ဆိုတာက ဟို … တည့်တည့်ပြောရင် သွန်သင်ဆုံးမသလိုပဲဗျာ) အဲလိုလုပ်ပေးတဲ့ နောင်တော်၊ အမတော် ကျောင်းသားခေါင်းဆောင်တွေ ရှိတယ်။ ကျနော်တို့တတွေ ဒီလို တာဝန်တွေယူလာရတာ။

သူတို့ဆီက ကျနော်တို့ရတာ ဘာတွေလည်းဆိုတော့ တခုက အသိ၊ ကျောင်းသားအရေးဟာ မှန်တယ်ဆိုတာ တင် မလုံလောက်ဘူး။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်ဟာမှမှန်တယ်။ တရားအရသိအောင်၊ ဒီဟာတွေကို အတွေးအခေါ် ဖြစ်လာအောင် သူတို့ဆီက လက်ခံရရှိတာ။ နောက်တခုက အဲဒီအတွေးအခေါ်နဲ့ဆက်စပ်တဲ့၊ အတွေးအခေါ်ကနေ ထပ်ပြီးပေးလာတဲ့ သတ္တိ။

ကျနော် ရှင်းအောင်ပြောပါမယ်။ လူတွေမှာ သတ္တိဆိုတာရှိတယ်။ ဒါပေမယ့် သတ္တိဆိုတာ ဘယ်နေရာမှာ သတ္တိရှိ တာလဲ။ ဘာအတွက် သတ္တိရှိတာလဲ။ အဲဒါကျတော့ တယောက်နဲ့တယောက် မတူတော့ဘူး။ အဲ … “လူရိုက်ရဲတယ်ကွာ” အဲဒီသတ္တိဟာ ဆန္ဒပြပွဲမှာ ရှေ့ကအလံကိုင်ပြီး တက်ရဲတဲ့သတ္တိနဲ့ တူပါ့မလား။ မတူပါဘူး။ တခြားစီပါ။ ခုနက အလံကိုင်ပြီးတိုက်တဲ့သတ္တိမျိုးဆိုတာ သာမန်မိုက်စိတ်လောက်နဲ့ ရတာမဟုတ်ဘူး။ သူ့ခေါင်းထဲမှာ၊ သူ့ရင်ထဲမှာ ဒီအရေးတော်ပုံ၊ ဒီဆန္ဒပြပွဲ၊ ဒီတိုက်ပွဲက မှန်ကန်တယ်။

အဲဒီအတွက် အနစ်နာခံရတာ၊ စွန့်လွှတ်ရတာ၊ နောက်ဆုံး အသေခံရတာဟာ မှန်တယ်၊ မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ် ခေါင်းထဲကို မြဲမြဲရှိမှ အဲဒီလို လုပ်နိုင်တာ။ အဲဒါမှ တကယ့်သတ္တိ။ အဲဒီလို သတ္တိမျိုး ကျနော်ပြောသလို အဆက်ဆက်က နောင်တော် အမတော်တွေရဲ့ သွန်သင်မှု၊ အဆက်ဆက်က အာဇာနည်တွေရဲ့ ရပ်တည်မှု၊ လှုပ်ရှားမှုတွေကို ကျနော်တို့ ကြည့်ပြီးမှ ကိုယ့်ဟာကိုယ် မွေးယူတည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော် ပြန်ဆက်ပြီးပြောမယ်။ ၆၃ ခုနှစ်မှာ အဲ … ဒုတိယ နှစ်ဝက်လောက်ကစပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေး လှုပ်ရှားမှုဟာ အရှိန်မြင့်လာတယ်။ အသေအချာလည်း အကောင်အထည်ပေါ်လာတယ်။ အစိုးရနဲ့ တောတွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးလာတာတွေလည်း များများစားစား လုပ်လာတယ်။ အဲဒီတော့ အဲဒီဟာတွေ များလာတာနဲ့အမျှ ကျနော်တို့ပြည်သူလူထုဘက်ကလည်း လှုပ်ရှားမှုတွေ များလာတယ်။ ပိုပြီးကျယ်ပြန့်လာတယ်။ ပိုပြီးတော့ နက်ရှိုင်းလာတယ်။

အဲဒီအတွက် ကျနော်တို့ကျောင်းသားတွေ အစွမ်းကုန် ပါဝင်ခဲ့တယ်။ ကျောင်းသားတွေ၊ ကျောင်းသူတွေ ဆန္ဒပြပွဲကြီးတွေမှာ ပါတယ်။ အလှူငွေကောက်ခံတဲ့ အဖွဲ့တွေမှာ ကျောင်းသားတွေပဲ။ အဲ … နောက်ပြီး ဒီဟာကို ဝါဒဖြန့်တဲ့နေရာမှာလည်း စာရွက်စာတမ်းတွေ လိုက်ဝေတဲ့နေရာမှာလည်း ကျနော်တို့ ကျောင်းသားတွေ ပါတာပဲ။ တခြားလူ့အလွှာ၊ လူတန်းစားတွေပါ ပါတယ်နော်။ မပါတာမဟုတ်ဘူး။ ကျနော်တို့ကျောင်းသားတွေ တတပ်တအား ပါဝင်တယ်ဆိုတာ ပြောတာပါ။

ဒါပေမယ့် အားလုံးသိတဲ့အတိုင်းပဲ။ ဒီ … တော်လှန်ရေးကောင်စီဆိုတဲ့ အစိုးရဟာ ဒီ … ငြိမ်းချမ်းရေးဆိုတာကို တကယ်လုပ်လာလုပ်လာရင်းနဲ့ နောက်ဆုံးကျတော့ သူ့ဇာတ်သူ မနိုင်တော့ဘူးဆိုတာ သူ သိလာတယ်။ အဲဒီ သူ့ဇာတ်သူ မနိုင်တော့ဘူးဆိုတာ သိလာတဲ့အခါကျတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာကို တုံးတိကြီး ဖျက်ချတော့တာ။

အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာလည်း ဖျက်လိုက်ရော၊ တခါတည်း တပြည်လုံးမှာ လူဖမ်းပွဲတွေလုပ်တယ်၊ ဖမ်းတာမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်တဲ့ လူဆိုလို့ရှိရင် (ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို လူလောက်ကို ချန်ပြီးတော့) ကျန်တာတွေ အကုန်လုံးဖမ်းတာပဲ။ အဲဒီနောက် ကျောင်းသားတွေကိုလည်း ဖမ်းတယ်။ သမဂ္ဂနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုမှန်သမျှကိုတော့ အကုန်လုံးလိုက်ဖျက်တယ်။ ဟို … ရန်ကုန်တက္ကသိုလ်က သမဂ္ဂဝါးကပ်တဲကြီးလည်း အဖျက်ခံရတယ်။

ဒီအချိန်မှာတော့ စစ်အစိုးရဟာ သူတို့အာဏာသိမ်းခါစကထားတဲ့ ရည်မှန်းချက်ကို အပြတ်အကောင်အထည် ဖော်ခဲ့တယ်။ စောစောကတော့ ကျနော် ခုနက ပြောခဲ့သလိုပဲ အကြောင်းကြောင်းကြောင့် သူတို့က အပြတ်မလုပ်ရဲသေး ဘူး။ မလုပ်ဝံ့သေးဘူး။ လုပ်လို့မရသေးဘူးဖြစ်နေတယ်။ အခုကျတော့ သူတို့ဆုံးဖြတ်လိုက်တယ်။ အဲဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲပြီးတဲ့အချိန်ကစပြီး သူတို့က ဗမာပြည်မှာ စစ်တပ်ကလွဲပြီး ဘယ်သူမှ နိုင်ငံရေးလုပ်ခွင့်မရှိစေရဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။

ဆက်လက်ဖော်ပြပါမယ်။

No comments: