Sunday, September 20, 2009

လင်ဆိုး မယား


လူတယောက်ကို

ရိုက်နှက်နှိပ်စက်တာဟာ ရာဇဝတ်မှုဖြစ်တယ် လို့

ဥပဒေမှာ ပြဌာန်းထားပါတယ်။ ယောင်္ကျားတယောက်က

သူ့ရဲ့ဇနီးမယားကို ရိုက်နှက်ညှဉ်းဆဲတယ်ဆိုတာလည်း ရာဇဝတ်မှုတခုပါပဲ။

ဒါပေမယ့်

ဒီလို ရိုက်နှက်ခံရတာကို ရဲသွားတိုင်တဲ့အခါ ဒါမှမဟုတ်၊

ဇနီးဖြစ်သူက ပြန်ပြီးခုခံရင် ဘာဖြစ်လာမယ်ထင်သလဲ။

အဖြေသိချင်ရင်တော့ ကလေး ၃ ယောက်အမေ

စန်းစန်းကိုသာ မေးပေတော့။

သူက လူသတ်မှုနဲ့ တရားစွဲခံထားရတယ်။


“ကျမ သမီးကြီးက ဆယ့်ခြောက်နှစ်ရှိပြီ၊ သူ့ကို မွေးပြီးတဲ့အချိန်ကတည်းက ကျမဟာ ရိုက်တာနှက်တာ ခံခဲ့ရတယ်” လို့ ပြောပြပါတယ်။ စန်းစန်းရဲ့ပုံစံကိုပြောရမယ်ဆိုရင် ထုသားပေသားကျနေတဲ့ ခပ်ဝဝ ထိုင်းအမျိုးသမီးဆိုပါတော့။ နောက်ဘက်မှာ လျော့လျဲလျဲ ထုံးထားတဲ့ မသပ်မရပ် ဆံပင်တွေက သူ့မျက်နှာ နွမ်းလျလျကို အားဖြည့်ပေးထားလေရဲ့။ ကိုယ့်ကိုယ်ကိုယ် ပြင်ဖို့ဆင်ဖို့ သူ့ခမျာ အချိန်လည်းမရှိ၊ ပိုက်ဆံလည်း မရှိ။


“ရဲစခန်းကို တခေါက်တော့ သွားဖူးတယ်၊ အားကိုးမိတာပေါ့လေ။ သူတို့က ဘာပြောလဲ ဆိုတော့ မိသားစုအတွင်းရေးတွေ မှာ ဝင်မပါချင်ဘူးတဲ့။ သူတို့က မကူညီပါဘူး။ ပြောသေးတယ်၊ ပြန်ပြီးမရိုက်နိုင် မခုခံနိုင်ဘူးဆိုရင် ပြေးရင်ပြေး၊ ပုန်းရင်ပုန်းနေပေါ့ တဲ့။ ပြီးတော့ သူ စိတ်ဆိုးပြေတဲ့အထိ စောင့်တဲ့။ ဒါပဲပြောတယ်”


ရဲစခန်းက ပေးလိုက်တဲ့အကြံအတိုင်းတော့ စန်းစန်း လိုက်မလုပ်ခဲ့ပါဘူး။ လင်မယားရန်ပွဲကတော့ ပုံမှန်ဖြစ်နေတယ်။ ယောင်္ကျားက သူ့ကိုရိုက်တယ်၊ သူက ပြန်ခုခံတယ်။ အသက်အန္တရာယ်ရှိတဲ့အထိ အရိုက်ကြမ်းလာရင်တော့ ပြေးတော့ ပုန်းတော့တာပဲ။ ပြဿနာတွေ အဆုံးအစွန်တက်သွားတဲ့ည မတိုင်ခင်အထိတော့ အဲသလို ပြေးခဲ့ပုန်းခဲ့ရတာပေါ့။


“သူနဲ့ငြိနေတဲ့ မိန်းမဆီကို မသွားဖို့ ကျမကပြောတော့ သူ တော်တော် ဒေါသထွက်သွားတယ်လေ၊ ဓားကိုင်ပြီး ကျမနောက် ကို လိုက်ခုတ်တာပဲ”


စန်းစန်းက ရန်ဖြစ်ရင်းနဲ့ အနားမှာရှိတဲ့အမေ့အိမ်ထဲ ပြေးသွားတယ် တဲ့။ “အိမ်ထဲက သေနတ်ကို သွားယူပြီး၊ ကျမ ပြန်ထွက်လာတော့ သူက ရပ်စောင့်နေတယ်၊ ဓား တရမ်းရမ်းနဲ့။ ကျမကိုလည်း ခြိမ်းလားခြောက်လားနဲ့။ ကျမလည်း သေနတ်နဲ့ ပစ်ထည့်လိုက်တယ်။ သူ့ ထိ မထိတော့ မသိပါဘူး။ မီးပွင့်သွားတာတွေ့လိုက်ပြီး ကျမလည်း အတော်လေး လန့်သွားတာပဲ၊ ဒါနဲ့ သေနတ်ကို ခြုံပုတ်ထဲ လွှင့်ပစ်လိုက်တယ်၊ သူ ကျမနောက်ကိုလိုက်လာမှာပဲလို့ စဉ်းစားရင်း ကျမ ထွက်ပြေးတယ်။ ဒါပေမယ့် သူ ဘယ်လိုက်လာနိုင်တော့မလဲ”


ခင်ပွန်းဖြစ်သူရဲ့အသုဘပြီးသွားတော့ စန်းစန်းက ရဲစခန်းမှာသွားဝန်ခံဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ယောင်္ကျားကို သေနတ်နဲ့ ပစ်လိုက်တာ သူပါပဲလို့။ “ဖြစ်ခဲ့တာတွေအတွက် အပြစ်မကင်းဘူး၊ မကောင်းဘူးလို့ ကျမ ခံစားမိတယ်” ရဲကတော့ သူ့ကို ကြိုတင်ကြံရွယ်ပြီး လူသတ်မှုကျူးလွန်တယ်လို့ စွဲချက်တင်လိုက်တယ်။ အာမခံငွေကြေးက များလွန်းလို့ မတတ်နိုင်တော့ အမှုရင်ဆိုင်နေရတဲ့တချိန်လုံး ထောင်ထဲမှာပဲ နေခဲ့ရတာပေါ့။ အမျိုးသမီးဖောင်ဒေးရှင်းအဖွဲ့(Foundation for Women )က လာကယ်တဲ့အထိ တနှစ်ကျော်ကြာ နေခဲ့ရတယ်။ စန်စန်းကို စောင့်ရှောက်ထားတဲ့ ဒီအဖွဲ့က အကြမ်း ဖက်ခံရတဲ့သူတွေ၊ ရောင်းစားခံရတဲ့သူတွေကို ကူညီတဲ့အဖွဲ့ပါ။


“ကလေးတယောက် လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခံရလို့ဆိုပြီး ကျမတို့ဆီကို ဆရာမတယောက်က အကူအညီလာတောင်းတယ်လေ၊ ဖြစ်ချင်တော့ အဲဒီကလေးက စန်းစန်းရဲ့သမီးဖြစ်နေတယ်။” ဒီအဖွဲ့ရဲ့ တာဝန်ခံ တယောက်က ရှင်းပြတာပါ။ သူက ဆက်ပြီး ပြောပါသေးတယ်။ “ကဲ ကြည့်စမ်းပါဦး၊ မိခင်တွေကို ထောင်ထဲထည့် လိုက်ပြီဆိုရင်၊ သူတို့ကလေးတွေဘာဖြစ်နေမလဲ။ သူတို့ကိုလည်း ကြည့်မယ့်ရှုမယ့်သူ မရှိဘူးဆိုရင်ပေါ့”


စန်းစန်းကတော့ သူ ကံသိပ်မဆိုးသေးဘူးလို့ ထင်နေတယ်။ ထောင်ထဲမှာတုန်းက မိန်းမ တော်တော်များများနဲ့ ဆုံခဲ့ရတယ်။ သူလိုပဲ လင်ဆိုးမယားတွေ။ လင်ယောင်္ကျားတွေ နှိပ်စက်အကြမ်းဖက်တာကို ပြန်ခုခံရင်း လူသတ်မှု မတော်တဆ ကျူးလွန်မိတဲ့သူတွေ။


“ဒါပေမယ့်လည်း သူတို့မှာ ရှေ့နေတွေ ဘာတွေ မရှိခဲ့လို့ လူသတ်သမားတွေအဖြစ်နဲ့ ပြစ်ဒဏ်ချခံခဲ့ရတယ်” လို့ စန်းစန်းက ပြန်ပြောပြတယ်။ စန်းစန်းရဲ့အမှုကလည်း မပြတ်သေးပါဘူး၊ မပြတ်သေးပေးမယ့်လည်း စန်းစန်းက သူ့ကိုယ်သူ ယုံကြည်မှု ရှိပုံရတယ်။ အဖွဲ့ကလည်း ဒီလိုအမှုတွေမှာ အတွေ့အကြုံရှိတဲ့ ရှေ့နေတယောက် ငှားထားပေးတယ်။ သူ့ကလေးတွေကို ကူညီဖို့အတွက်တော့ ဘယ်တတ်နိုင်ပါ့မလဲ။ “တချိန်လုံး ကျမကလေးတွေအတွက်ပဲ စိတ်ပူနေရတယ်၊ ကျမ အတွက်တော့ စိတ်မပူပါဘူး” စန်းစန်းရဲ့အသံက ဆို့ဆို့နင့်နင့်။ တုန်နေတဲ့ နှုတ်ခမ်းကိုကိုက်ပြီး ခပ်ဝေးဝေးကို ငေးနေလေရဲ့။


“တကယ့်ကို မတရားတာပဲ၊ ကျမတို့အရိုက်ခံရ၊ နှိပ်စက်ခံရပြီဆိုရင်၊ ရဲတွေက ဖြစ်နေကျပဲလေ၊ ဘာထူးဆန်းလို့လည်းဆိုပြီး အကူအညီပေးတာမဟုတ်ဘူး။ ကျမတို့ တိုင်ချက်ဖွင့်တာကိုတောင် လက်ခံတာမဟုတ်ဘူး။ ဒါပေမယ့် ကျမတို့ခုခံရင်းနဲ့ မတော်တဆ ဖြစ်သွားတဲ့အခါကျရင်တော့ ၊ ဥပဒေ ဆိုတာကြီးနဲ့ ကျမတို့ကို ပြင်းပြင်းထန်ထန် အရေးယူတော့တာပါပဲ”


ဒီလို အနိုင်ကျင့်နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့အမှုတွေကို လိုက်ပြီးအကျိုးဆောင်ပေးရတာ ပိုက်ဆံ အင်မတန် အကုန်အကျများတယ် တဲ့။ ပထမဆုံး အာမခံနဲ့ အချုပ်ကလွတ်အောင်လုပ်တာနဲ့ စရပါမယ်။ အာမခံငွေက လူတယောက် ကို ဘတ်သုံးသိန်း၊ (မြန်မာငွေနဲ့ဆို ကျပ် သိန်းငါးဆယ်လောက်ပေါ့။) အင်မတန်အချိန်ကြာတဲ့ အမှုရင်ဆိုင်ရမယ့် ကာလ အတွင်း ရှေ့နေငှားဖို့ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတာ မေးမနေနဲ့တော့။ ခုချိန်ထိတော့ အဖွဲ့အနေနဲ့ စန်းစန်းလိုမျိုး အရိုက်အနှက်ခံရလို့ ပြန်ခုခံရင်း လူသတ်မှုကျူးလွန်မိတဲ့ အမျိုးသမီးလေးယောက်ကို ကူညီနေပါတယ်။ ဒီလို အမျိုး သမီးတွေကို ဥပဒေကြောင်းအရ ပိုပြီးကူညီနိုင်ဖို့ ဒီအဖွဲ့ငယ်လေးက ရန်ပုံငွေရှာနေတယ်လို့ ဆိုတယ်။


ဒီအဖွဲ့နဲ့ ထိုင်းနိုင်ငံ မဟီဒေါတက္ကသိုလ်ရဲ့လေ့လာတွေ့ရှိချက်တခုအရ ယိုးဒယားအမျိုးသမီး ၄၄% လောက်ဟာ သူတို့ရဲ့ ယောင်္ကျားတွေ၊ ဒါမှမဟုတ် ချစ်သူရည်းစားတွေရဲ့ နှိပ်စက်တာကို ခံနေရပါသတဲ့။ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကိုခံနေရတဲ့ အမျိုးသမီးပေါင်း ၂၈% ရှိပြီး၊ ပုံစံမျိုးစုံနဲ့ အကြမ်းဖက်နှိပ်စက်တာ ၂၂%၊ အတင်းအကြပ် လိင်ဆက်ဆံဖို့ နှိပ်စက်တာ ၂၉% စသဖြင့် ရှိနေကြတယ်လို့ လေ့လာတွေ့ရှိရတယ်လို့ ဆိုတယ်။ ဒီလေ့လာမှုကို အသက် ၁၅ နှစ်နဲ့ ၄၉နှစ်အကြားမှာရှိတဲ့ ယိုးဒယားအမျိုးသမီးပေါင်း ၄၀၀၀ ကို မေးမြန်းပြီးပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မိသားစုအတွင်း အကြမ်းဖက်နှိပ်စက်မှုတွေကို လေ့လာစူးစမ်းတဲ့ထဲမှာတော့ အပြည့်စုံဆုံး လေ့လာချက်ပါပဲ။


လေ့လာချက်အရ ထပ်သိရတာကတော့ နှိပ်စက်ခံရတဲ့ အမျိုးသမီး ၄၂% ဟာ ကြိတ်မှိတ်ငုံ့ခံနေကြသတဲ့။ ဘယ်သူမှ သူတို့ကို ကူညီနိုင်မှာမဟုတ်ဘူးလို့ ထင်နေပုံရပါတယ်။ “ကျမတို့ယဉ်ကျေးမှုအရ မိန်းမတွေဟာ ခံစားချက်တွေ၊ အနိုင်ကျင့်ခံရတာတွေကို မြိုသိပ်ထားကြတယ်။ မြိုသိပ်ထားတယ်ဆိုတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေပေါ်လာပြီပေါ့” လို့ စိတ်ရောဂါအထူးကုဆရာဝန်တယောက်က ပြောပြပါတယ်။ ဥပဒေပိုင်းအရ ကူညီတာတွေအပြင်၊ စိတ်ပိုင်းဆိုင်ရာအရ လည်း ကူညီဖေးမကြဖို့ သူက အမျိုးသမီးအဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါသေးတယ်။


“နှိပ်စက်ခံရတဲ့ အိမ်ထောင်ရှင် အမျိုးသမီးတွေဟာ ကိုယ့်ပြဿနာတွေကို တခြားသူတွေ မမြင်အောင် ဖုံးကွယ်ရင်းနဲ့ အစိုးရိမ်လွန်တာတွေ၊ ညဘက်အိပ်မရတာတွေတိုးပွားလာပြီး စိတ်ပိုင်းဆိုင်ရာ တခြားဝေဒနာတွေ စွဲကပ်လာမှာပဲ” လို့ သူက ရှင်းပြပါတယ်။ “ပြဿနာတွေကိုရှင်းမရတဲ့အဆုံး သေကြောင်းကြံစည်တာနဲ့ ဇာတ်သိမ်းသွားတာတွေ အများကြီးပဲ”

သူ့ရှင်းပြချက်တွေ မှန်ကန်တဲ့အကြောင်းကို အထက်မှာဖော်ပြခဲ့တဲ့ လေ့လာတွေ့ရှိချက်ကလည်း ထောက်ပြနေတယ်။ လေ့လာချက်မှာလည်း ဒီလိုအမျိုးသမီးတွေဟာ စိတ်ကျဝေဒနာ အကြီးအကျယ် ဖြစ်လာတယ်၊ သုံးပုံတပုံလောက်က ကိုယ့်ကိုယ်ကိုသတ်သေကြတယ်၊ နောက် သုံးပုံတပုံကလည်း သတ်သေဖို့ နည်းနာတွေကို လေ့လာခဲ့ဖူးတယ်လို့ ဆိုတယ်။


ကိုယ့်ယောင်္ကျား၊ ကိုယ့်ချစ်သူက နှိပ်စက်တယ်ဆိုရင် ၇% လောက်ကပဲ ရဲသွားတိုင်ပြီး၊ ကျန်တဲ့အတော်များများကတော့ အသက်အန္တရာယ်ရှိလာတဲ့အချိန်အထိ ကြိတ်မှိတ်ခံနေပါသတဲ့။ ၃၉% က ထွက်ပြေးကြတယ်၊ ၄% ကျော်ကျော်ကတော့ ဆယ်ခေါက်ထက်မနည်း ပြေးခဲ့ဖူးပါသတဲ့။


ဘာကြောင့်မို့ ဒီမိန်းမတွေဟာ ဒီလို မတော်မတရား ပြုနှိပ်စက်တာတွေကို ငုံ့ခံနေရတာလဲ။ နိုင်ငံရေးသမားတယောက် ကတော့ ယိုးဒယားယဉ်ကျေးမှုကို အပြစ်တင်ပါတယ်။ ဒီယဉ်ကျေးမှုအရ ယိုးဒယား အမျိုးသမီးတွေကို စိတ်ရှည်သည်းခံတဲ့ ဇနီးသည်တွေအဖြစ် မိခင်လောင်းတွေအဖြစ် သတ်မှတ်ထားပါသတဲ့။ အမျိုးသမီးတွေကို စီးပွားရေးလုပ်ငန်းတွေမှာ အားနည်းအောင်လည်း ဒီလူမှုအသိုင်းအဝိုင်းက လုပ်ထားတာကြောင့် အကြောက်တရားတွေ၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု ကင်း လာတာတွေ တိုးလာပါသတဲ့။


သူက ထပ်ပြောတာကတော့ ဒီလိုပါ။ “ဘယ်မှသွားလို့မရတော့မှာကို၊ ဘယ်သူ့ကိုမှ အားကိုး လို့ မရတော့မှာကို သူတို့ ကြောက်ကြတယ်။ တော်တော်များများက ဒီအတိုင်းပဲ အနိုင်ကျင့်ခံနေကြတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုအနိုင်ကျင့်တာကို ငြိမ်ခံမနေဘူးဆိုရင် ပိုဆိုးလာပြီး၊ အသတ်ခံရမယ်လို့ သူတို့ ထင်နေကြတယ်”


အမျိုးသမီးတွေကို နှိပ်စက်အနိုင်ကျင့်တာကို ငယ်ကတည်းက မြင်နေကြုံနေရတဲ့ ယောင်္ကျားလေးတွေဟာ သူတို့ အရွယ်ရောက်လာတဲ့အခါမှာ အမျိုးသမီးတွေကို နှိပ်စက်အနိုင်ကျင့်လာတတ်ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။


“ဒီလိုဖြစ်နေတာတွေကို ရပ်သွားအောင်လို့ ကျနော်တို့ လုပ်ကြရမှာပဲ။ အမျိုးသမီးတွေကို လေးစားတတ်အောင်လို့ ယောင်္ကျားလေးတွေ ငယ်တုန်းကရင်း သင်ပေးရမယ်”


စန်းစန်းလိုပဲ အမျိုးသမီးအများစုက သူတို့ယောင်္ကျားဆိုးတွေကို ရဲတွေက ထောင်ချလိုက်မှာကိုလည်း မလိုချင်ပြန်ဘူး။ နှိပ်စက်အနိုင်ကျင့်တာတွေ ရပ်သွားရင်ပဲ သူတို့ကျေနပ်နေတတ်တယ်။ ရဲတွေက ဒီလိုအမှုတွေလာတိုင်တဲ့အခါ ဂရုမစိုက် ဥပေက္ခာပြုထားပြန်လေတော့ ရဲတွေပါ အပြစ်မကင်းဘူးပေါ့။ နောက်ဆုံး မဖြစ်သင့်တာတွေ မတော်တဆဖြစ်လာလို့ တရားရုံးရောက်ပြန်တော့လည်း ငွေကြေးမတတ်နိုင်တဲ့ အမျိုးသမီးတွေအတွက် အခက်တွေ့ရပြီ။


တရားရုံးက စီစဉ်ပေးတဲ့ ရှေ့နေတွေကလည်း ဒီလို အနိုင်ကျင့်နှိပ်စက်ခံရတာတွေအပေါ် သဘောပေါက်ကျွမ်းကျင်မှု နည်းပါးနေပြန်တယ်။ တရားရုံးမှာ အမှုရင်ဆိုင်နေရတုန်းမှာပဲ အိမ်ကနေပဲ အမှုရင်ဆိုင်တဲ့ အခွင့်အရေးရဖို့ လိုအပ်ပါတယ်။ ဒါမှသာ မိခင်တွေနဲ့ ကလေးတွေနဲ့ အတူတူရှိနေနိုင်မှာပါ။


စန်းစန်းကတော့ အခုလို ရှင်းပြပါတယ်။ “ကျမတို့လို အမျိုးသမီးတွေအတွက် ခုအချိန်မှာ စာနာနားလည်ပေးတာတွေ အကူအညီတွေ လိုအပ်ပါတယ်၊ အခြေအနေတွေ ဆိုးသွားတဲ့အချိန် မရောက်ခင် ကူညီစာနာမှ ဖြစ်မှာပါ။ ကျမတို့ အနိုင်ကျင့်ခံနေရတာ သိပ်ကြာနေပါပြီ။ ကျမတို့ကို တရားဥပဒေကြောင်းအရ ကူညီကြပါ။ ကျမတို့ကလေးတွေနဲ့ ကျမတို့ အတူနေချင်ပါတယ်။ ဒါပေမယ့်လည်း ကျမတို့က ဆင်းရဲတယ်၊ ပြီးတော့ ဘာလုပ်ရမလဲဆိုတာလည်း မသိကြဘူး”


ထိုင်းနိုင်ငံ၊ နေးရှင်းသတင်းစာ (ဇန်နဝါရီ ၂၉၊ ၂ဝဝ၂) ဆောင်းပါးတပုဒ်ကို ဘာသာပြန်ပါတယ်။

နဒီ အမျိုးသမီးရေးရာစာစောင်

မေလ ၂ဝဝ၂ ခုနှစ်။ အတွဲ ၁၊ အမှတ် ၁


No comments: