ကျောင်းသား
မုန်တိုင်းတွေနဲ့ချည်း
ကျနော်ကတော့ ကျောင်းသားသမဂ္ဂရဲ့ တရားဝင်ရပ်တည်ခွင့်ရတဲ့ နောက်ဆုံးအပိုင်းမှာ ပါဝင်လှုပ်ရှားခဲ့ရတဲ့ ကျောင်းသား တယောက်ပါ။ ဗမာပြည်မှာ ကျောင်းသားသမဂ္ဂတွေရဲ့သမိုင်းကို ရေးကြမယ်ဆိုရင် တရားဝင်ရပ်တည်လို့ရတဲ့အပိုင်း၊ တရားဝင်ရပ်တည်လို့မရတဲ့အပိုင်းဆိုပြီး နှစ်ပိုင်းခွဲပြီးရေးရတော့မလို ဖြစ်သွားပြီ။
ဒါဟာ ဒီစစ်အစိုးရကြောင့် ကျောင်းသား သမဂ္ဂတွေရဲ့သမိုင်းလမ်းကြောင်း ပြောင်းသွားရတယ်။
ကျောင်းသားသမဂ္ဂတွေ ပေါ်ထွက်လာတာဟာ နည်းနည်းနောနော သမိုင်းကြောင်း မဟုတ်ဘူး။ ကျနော်တို့ ဗမာတပြည်လုံးရဲ့၊ ဗမာပြည်သူတရပ်လုံးရဲ့ အင်္ဂလိပ်ကိုလိုနီတွေကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့တဲ့ ဖြစ်စဉ်ထဲကပေါ်လာတဲ့ သမိုင်းဖြစ်တယ်။ သမိုင်းရဲ့လိုအပ်ချက်အရ၊ ပြည်သူတွေရဲ့တောင်းဆိုချက်အရ၊ အခြေအနေရဲ့ တောင်းဆိုချက်အရ ပေါ်လာတာဖြစ်တယ်။
အဲဒီလိုပေါ်လာတဲ့ ကျောင်းသားသမဂ္ဂမျိုးကို အင်္ဂလိပ်အစိုးရကတောင်မှ ဘာမှမလုပ်ခဲ့ဘူး။ ဘာမှ မလုပ်ရဲခဲ့ဘူး။ တရားဝင် အသိအမှတ်ပြုထားခဲ့ရတာ။ သူတို့အနောက်နိုင်ငံတွေမှာရှိတဲ့ ကျောင်းသားသမဂ္ဂ ဆိုတဲ့ဟာက ဗမာပြည်က ကျနော်တို့ ကျောင်းသားသမဂ္ဂတွေလို နိုင်ငံရေးလုပ်ငန်းတွေမှာစိတ်ဝင်စားလှတာ၊ ပါဝင်လှတာ မဟုတ်ပါဘူး။ သူတို့က သာရေး နာရေးလောက်ပဲ၊ ပညာရေးဟောပြောပွဲလောက်၊ စကားရည်လုပွဲလောက် … အဲဒါလောက် လုပ်ကြတာ။
ဒါပေမယ့် ဗမာပြည်ရဲ့ ကျောင်းသားသမဂ္ဂကတော့ တိုက်ပွဲတွေကြားထဲက ပေါ်လာတဲ့ဟာမို့လို့ စကတည်းက နိုင်ငံရေး အသွင်ဆောင်ခဲ့တယ်။ ဒါကြောင့် ကျောင်းသားသမဂ္ဂကို ဆန့်ကျင်တဲ့၊ ဖိနှိပ်တဲ့ အစိုးရမှန်သမျှကလည်း ဘယ်တော့မဆို ကျောင်းသားနဲ့ နိုင်ငံရေးမပတ်သတ်ရဘူး ဆိုတဲ့ဟာကို သူတို့နှုတ်မိန့်နဲ့ ဥပဒေကြီးတခုလို လုပ်ထားတယ်။ ဒါ အစိုးရ အဆက်ဆက်ပဲ။ အင်္ဂလိပ်အစိုးရကနေ ဒီနေ့နောက်ဆုံး နအဖ အထိ ဒီလိုပဲ။
ကျနော်ကတော့ အဲဒီ ကျောင်းသားသမဂ္ဂသမိုင်းရဲ့ တရားဝင်အပိုင်းလို့ပြောရမယ့် ပထမအနှစ် ၃၀ လောက်မှာ နောက်ဆုံး အပိုင်းလေးမှ ပါဝင်ခဲ့တဲ့လူပါ။ ကျနော့်အသက်အရွယ်နဲ့ အဲဒီအချိန်မှပဲ မီပါတယ်။ အဲဒီဟာနဲ့ပတ်သက်ပြီး ကျနော် စပြောပါ့မယ်။
ကျနော့်အခြေအနေ၊ ကျနော့်ပတ်ဝန်းကျင်၊ ကျနော့်ထူးခြားချက်ပဲ ဆိုကြပါစို့။ အဲဒါ ငယ်ငယ်လေးကတည်းက ကျနော်က ကျောင်းသားသမဂ္ဂကလူတွေ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့ရတယ်။ သူတို့က ကျနော့်အိမ်ကို အဝင်အထွက်များတဲ့အခါကျတော့ သူတို့ကိုတွေ့ဖူးနေ၊ သူတို့ပြောတာတွေကို ကြားဖူးနေ၊ သူတို့ရဲ့ ခင်မင်ယုယမှုတွေကို ခံစားဖူးနေတဲ့ ကလေးတယောက်ပေါ့။ အဲဒီလို ကလေးဘဝမှာကတည်းက ကျနော်ဟာ ‘ကျောင်းသားသမဂ္ဂမှာရှိတဲ့ လူတွေက လူကောင်းတွေ’ ဆိုတဲ့ အထင်တော့ တလျှောက်လုံးရှိခဲ့တယ်။
ဒါ့အပြင် ကျနော့်အိမ်ရဲ့ ထူးခြားချက်အရ ဗမာပြည်မှာ အဲဒီအခါက အင်မတန် အရှိန်အဟုန်ကြီးစွာနဲ့ ဖြစ်ပွားနေတဲ့ ‘ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှု’၊ ‘ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှု’ အဲဒါတွေကိုလည်း ကျနော် သိနေတယ်။ အဲဒီအတွက် ဆန္ဒပြပွဲတွေကိုလည်း ကျနော် ဝင်ပါနေတယ်၊ တက်မိနေတယ်ပေါ့လေ။
တခါတလေလည်း မိဘနဲ့လိုက်သွား၊ တခါတလေလည်း သတင်းထောက်တွေနဲ့လိုက်သွား၊ တခါတလေလည်း အသိအကျွမ်းတွေနဲ့လိုက်သွား၊ တခါတလေလည်း အဲဒီ သမဂ္ဂတွေက အကိုကြီးတွေ အမကြီးတွေနဲ့လိုက်သွား … ပါဝင်မှုတွေ အမြဲရှိတယ်။
ဇူလိုင်လ ၅ ရက် ၁၉၆၀ ခုနှစ်က တန်းခွဲတန်းချ စနစ်ကိစ္စ ရန်ကုန်မြို့တော်ခန်းမတွင် ဆွေးနွေးပြီး ရန်ကုန်ခရိုင် ကျောင်းသားများ(ရကသ) ကကြီးမှူးပြီး မြို့တွင်း လှည့်လည်ဆန္ဒပြစဉ်။ (ဓာတ်ပုံ-ဒီဗွီဘီ)
ဒါပေမယ့် ကိုယ်ကိုယ်တိုင် နိုင်ငံရေးအသိရှိရှိနဲ့၊ ကိုယ့်အကျိုးစီးပွားနဲ့ ဆက်စပ်ပြီးတော့ ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲတွေကတော့ ၁၉၆၀ ခုနှစ်တုန်းက ‘တန်းခွဲ တန်းချစနစ် ဖျက်သိမ်းရေး’ ဆန္ဒပြပွဲပဲ။
ဦးနုအစိုးရက နဂို ၉ တန်းကနေပြီး မက်ထရစ် ဖြေတဲ့ စနစ်ကနေ ၁၀ တန်း မက်ထရစ်စနစ်ကို ပြောင်းတဲ့အခါမှာ အဲဒါကို ဆန့်ကျင်ဆန္ဒပြကြတဲ့ ဆန္ဒပြပွဲကြီး ကျနော်တို့ မန္တလေး အိမ်တော်ရာ ဇရပ်ကြီးမှာ ကျင်းပတယ်။
အဲဒါကို ကျနော်တို့ကျောင်းကနေပြီး တကျောင်းလုံးမှ ကျနော်တို့ ၃ ယောက်တည်းသွားပြီးတော့ (ကျနော်တို့ ကျောင်းက သာသနာပြုကျောင်းဆိုတော့ နိုင်ငံရေး ဘယ်သူကမှ အားမပေးဘူး။ အားမပေးတဲ့အပြင် အထင်သေးတယ်။ ဆရာတွေက လည်း နှိမ်ပြောတယ်။ အဲဒီအထဲက (ကျနော်တို့ ၃ ယောက်) စိတ်တူ သဘောတူ သူငယ်ချင်း ၃ ယောက်က တိတ်တိတ်ကလေးသွားပြီးတော့ အဲဒီနောက်နားလေးကို ကုပ်ကုပ်ကလေး သွားထိုင်ပြီး ပါဝင်ခဲ့ကြတာ။ ကျနော် ခုထက်ထိ မှတ်မိနေတယ်။ အဲဒီတုန်းက အိမ်တော်ရာ ၁၄ ခန်း ဇရပ်ကြီးထဲမှာ။ ဦးစီးကျင်းပတာက မန္တလေးခရိုင် ဗကသ က ဦးစီးကျင်းပတာ။ အဲဒါ ကျနော့်ရဲ့ ပထမဆုံး စိတ်ရော ကိုယ်ပါ ပါဝင်ခဲ့တဲ့ ဆန္ဒပြပွဲပေါ့။
အဲဒီကနေပြီးတဲ့အခါကျတော့ ကျနော် ၆၁ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကို ရောက်ပါတယ်။ အဲဒီမန္တလေး တက္ကသိုလ်ကို ကျနော်ရောက်တဲ့ ၆၁ ခုနှစ်မှာပဲ တက္ကသိုလ်သမဂ္ဂ ရွေးကောက်ပွဲနဲ့ ကြုံရတယ်။ ကျနော့်ကို ကံကောင်းတယ်လို့ ပြောရမယ်။
ဘာကြောင့်လည်းဆိုတော့ အဲဒီ ၆၁ သမဂ္ဂရွေးကောက်ပွဲဟာ ဗမာပြည်သမိုင်းမှာ (အခုအထိ သမိုင်းပေါ့လေ၊ နောင်မဟုတ်ပါဘူး) နောက်ဆုံး တက္ကသိုလ်ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲဖြစ်လို့ပါပဲ။ အဲဒီတုန်းက ကျနော် မဲပေးခွင့်ရခဲ့တယ်။ မဲပေးတာတွေကို မဲပုံးတွေရေတဲ့အခမ်းအနားကို ညကြီးမှာ မန္တလေးတက္ကသိုလ်၊ ရာဇာတ်ဟောကြီးရှေ့မှာသွားပြီးတော့ ကြည့်ခဲ့တယ်၊ ပါဝင်ခဲ့တယ်။ အတူပျော်ရွှင်ခဲ့၊ မြူးတူးခဲ့တယ်။ ကျနော်ဘယ်တော့မှ မမေ့နိုင်ဘူး။
အဲဒီနောက်ဆုံး သမဂ္ဂရွေးတင်လိုက်တဲ့ တကသ အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌက ကိုစိုးဝင်းမောင် (ကျောက်ဆည် က) (အခု ABSDF က ကိုသံခဲတို့၊ အလုပ်သမားသမဂ္ဂက ကိုသံဒုတ်တို့ရဲ့အဖေ) နောက်ပြီး အတွင်းရေးမှူးက အခုထက်ထိ မြင်းခြံထောင်ထဲမှာ နေရတဲ့ ကိုအောင်သူ။ ကျနော် သူတို့ကို ဘယ်တော့မှ မမေ့ပါဘူး။
အဲဒီကနေပြီးတော့ ၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ကျတော့ အာဏာသိမ်းပွဲနဲ့ ကြုံရတာ။ ကျနော့်ဘဝမှာ ကံဆိုးတယ် ပြောရမလား၊ ကံကောင်းတယ်ပြောရမလား မသိဘူး။ တက္ကသိုလ်ရောက်တယ်ဆိုတာနဲ့ တခါတည်း မုန်တိုင်းတွေနဲ့ချည်း ကြုံရတော့တာပဲ။ ကံဆိုးတယ်ဆိုတာက အေးအေးဆေးဆေး စာမသင်ရတာ။ ကံကောင်းတယ် ဆိုတာက အသက်ငယ်ငယ်လေးနဲ့ ရင့်ကျက်မှုရခဲ့ရတာ။
အာဏာသိမ်းပွဲဖြစ်တယ်ဆိုတာနဲ့ ကျနော်တို့တက္ကသိုလ်သမဂ္ဂတွေက ပထမဦးဆုံး ဒီအာဏာသိမ်းပွဲကို ဆန့်ကျင်တယ်၊ ကန့်ကွက်တယ်ဆိုတာ ထုတ်ပြန်လိုက်တာ။ တခြား ဘယ်နိုင်ငံရေးအဖွဲ့အစည်းကမှ အဲဒီလောက် မြန်မြန်ဆန်ဆန် မထုတ်ပြန်နိုင်ဘူး။ သမဂ္ဂတွေက ဒီနေ့ အာဏာသိမ်း၊ နောက်တနေ့ ထုတ်ပြန်ချက်ထွက် ဆိုတဲ့ဟာမျိုး။ စစ်အုပ်စု၊ စစ်အစိုးရကနေပြီးတော့ ကျောင်းသားတွေအပေါ်၊ သမဂ္ဂတွေအပေါ်မှာ နာကျည်းတဲ့အချက်တွေမှာ ဒါတွေလည်း ပါပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment