ပြည်သူ့ သူရဲကောင်းများ
ကျွန်းပါတီက ဇူလိုင်လ ၃၁ ရက်ကို ‘ပြည်သူ့ သူရဲကောင်းများနေ့’ လို့ သတ်မှတ်လိုက်ပါတယ်။ အာဇာနည်တွေရဲ့ အသုဘအခမ်းအနားကို ပါတီနေ့ (သြဂုတ်လ ၁၅ ရက်)မှာ ကျင်းပမယ်လို့ ကြေညာခဲ့တယ်။
ဒီရက်တွေအတွင်း (အာဇာနည် ၂ ယောက်အတွက် သီချင်း ၂ ပုဒ် စပ်ထားပြီးပြီမို့) ကျန် အာဇာနည် ၆ ယောက်အတွက် သီချင်းစပ်ဖို့ အဖွဲ့ ၃ ဖွဲ့ (၅ ယောက်စီ) ဖွဲ့လိုက်ပါတယ်။ တဖွဲ့ကို ၂ ယောက်နှုန်း သတ်မှတ်ပေးပါတယ်။ ကျနော်က ရဲဘော်မြအောင် ဦးဆောင်တဲ့အဖွဲ့မှာ ပါဝင်ခွင့်ရခဲ့တယ်။ စပ်ရမှာက ရဲဘော် စိန်ချင်းနဲ့ ရဲဘော် မောင်မောင်စိုးအတွက် ...
ရဲဘော် မြအောင်က သီချင်းစပ်ရာမှာ ကျွမ်းကျင်ပြီးသားမို့ ကျနော်တို့က ပါစေချင်တဲ့အချက်အလက်၊ အကြောင်းအရာပဲ ရွေးပေးရပါတယ်။ သြဂုတ်လ ၁ဝ ရက်မတိုင်မီ တီးဝိုင်းအဖွဲ့ကို အဖွဲ့အသီးသီးက သီချင်းအပ်နိုင်ကြတယ်။ ပါတီ ဂီတဝိုင်းကလည်း ရဲဘော် ၈ ယောက်စလုံးအတွက် ရည်ညွှန်းတဲ့ သီချင်းတပုဒ် စပ်ပါတယ်။
ပါတီနေ့မရောက်မီအတွင်း အာဏာပိုင်တွေဆီက ဘိလပ်မြေတွေတောင်းပြီး အာဇာနည် ကျောက်တိုင်တခု ‘ထူ’လိုက်ကြပါတယ်။
ရဲဘော်အားလုံးရဲ့စိတ်ကူးစိတ်သန်းတွေ ပေါင်းစပ်ကာ ထူဆောက်လိုက်တဲ့ အာဇာနည်ကျောက်တိုင်ဟာ အမြင့် ၈ ပေရှိပြီး အပေါ်မှာ ၈ လက်မအရွယ် ကြယ်နီတခု ထွင်းထုတင်စိုက်လိုက်လို့ စုစုပေါင်း ၈ ပေနဲ့ ၈ လက်မ မြင့်ပါတယ်။
ကျောက်တိုင်ဟာ ၈ မြှောင့်၊ ၈ မျက်နှာပုံသဏ္ဍာန် ဖြစ်တယ်။ တမျက်နှာစီရဲ့အောက်မှာ အုတ်ဂူလေးတွေ ရှိတယ်။ ဒီအပေါ်မှာ ကျဆုံးသူ ရဲဘော်အမည်၊ အသက်၊ ပါတီဝင်၊ တိုက်ပွဲဝင်ရက်တွေ ရေးထားတယ်။ အထက်ကျောက်တိုင်ရဲ့ မျက်နှာပြင်မှာတော့ သက်ဆိုင်ရာရဲဘော်ရဲ့ အဆိုအမိန့်တခုကို ကမ္ဗည်းထိုးလိုက်ကြတယ်။
အရှေ့အရပ်မှာ ရဲဘော် သိန်းကြည်ရဲ့အုတ်ဂူရှိပြီး အစဉ်အတိုင်း ပတ်ဝိုင်းထားတာပါ။
ကျောက်တိုင် လက်စသတ်လိုက်တော့ ရဲဘော်တွေရဲ့စိတ်ကူးနဲ့လက်ရာကို ကျန်အဖွဲ့အစည်းများက လက်ဖျားခါကြတယ်။ ရဲဘော် မြအောင် ရေးဆွဲထားတဲ့ အာဇာနည်ရဲဘော် ၈ ဦးရဲ့ ပုံတူ ပန်းချီကားကြီးတွေလည်း အဆင်သင့် ဖြစ်နေပါပြီ။
အခမ်းအနားနေ့အတွက် လိပ်ရှာ၊ လိပ်ဥစု၊ ငါးဖမ်း လုပ်တဲ့သူတွေလည်း လိုအပ်သလောက် စုထားလိုက်ကြပါပြီ။
သြော် … သူတို့သာရှိကြရင်ဆိုတဲ့ အတွေးတွေနဲ့ … လှုပ်ရှားနေကြရတာပါ။
သြဂုတ်လ ၁၅ ရက်ရောက်ပါပြီ။
အာဇာနည်ဗိမာန်ကနေပြီး ခေါင်း ၈ လုံးကို ရဲဘော် ၈ ယောက်စီ ထမ်းထုတ်ကြပါတယ်။ ကျနော်က ရဲဘော် လေးမောင်ရဲ့ခေါင်းကို ထမ်းခွင့်ရတယ်။ ကိုရန်ရွှေလည်း ပါတယ်။ ကိုသိန်းမြကတော့ ရဲဘော်မောင်မောင်စိုးရဲ့ ခေါင်းကိုထမ်းတာ တွေ့ရတယ်။
မုန်တိုင်းလည်း စဲသွားပါပြီ။ လှိုင်းလေကလည်း တလိမ့်လိမ့် တဖြူးဖြူး ညှင်းညှင်းသာသာ ရှိပါတယ်။ ကောင်းကင်တပြင်လုံး ကြည်လင်နေပါတယ်။
စခန်းဝင်းနဲ့ မလှမ်းမကမ်း အရှေ့မြောက်ထောင့်၊ အိုနာဆစ်သင်္ဘောကြီးနဲ့ မျက်စောင်းထိုး၊ ပင်လယ်ကမ်းထိပ်နားမှာ အုန်းသုံးပင်က တြိဂံပုံ ပေါက်နေတယ်။ အလယ်မှာတော့ ကျင်းအကျယ်ကြီးတကျင်း တူးထားပြီးပါပြီ။
ခေါင်းတွေမှာတော့ ၄ ထောင့်ကြေးပြားကြီး တချပ်စီထည့်ထားခဲ့ပြီးဖြစ်တယ်။ ကြေးပြားတိုင်းမှာ အာဇာနည် ကျောက်တိုင်ပေါ်နဲ့ အုတ်ဂူလေးတွေပေါ်မှာ မော်ကွန်းတင်ထားတဲ့အတိုင်း ကမ္ဗည်းထိုးထားပါတယ်။
ထမ်းထုတ်သယ်ယူလာတဲ့ ခေါင်း ၈ လုံးစေ့တာနဲ့ ပါတီတီးဝိုင်းက အင်တာနေရှင်နယ်သီချင်းကို တယော ၈ လက် အပါအဝင် တူရိယာစုံနဲ့ တီးမှုတ်ရင့်ကျူးပါတယ်။
နောက် ကျဆုံးသွားတဲ့ အစီအစဉ်အတိုင်း ရဲဘော်တယောက်စီရဲ့ခေါင်းကို သူ့အတွက် စပ်ဆိုထားတဲ့ ဂုဏ်ပြုတေးနဲ့ မြေချပါတယ်။ ၈ ယောက်စလုံးကို ပေါင်းစုဂုဏ်ပြုတဲ့ သီချင်းတီးမှုတ်သီဆိုပြီးမှ မြေဖို့ပါတယ်။
နောက် ပန်းခွေချ အခမ်းအနား စပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီက စပြီး လွမ်းသူ့ပန်းခွေချ အလေးပြုပါတယ်။ ဦးညွှတ်အလေးပြုလိုက်ကြရတဲ့ ကျနော်တို့တတွေရဲ့မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေ ဝိုင်းနေကြတယ်။
နောက်မှ တဖွဲ့ပြီးတဖွဲ့ ပန်းခွေချ အလေးပြုတာပါ။ တသီးပုဂ္ဂလများကလည်း ကိုယ်စီ အလေးပြုကြပြန်တယ်။ မှတ်မှတ်ရရ အလံနီ (ဟောင်း) မန္တလေးသား သခင် ရန်ချွေကြီးက တို့ဗမာခေတ်ပုံစံ ဓားမကြီးထမ်းကာ အလေးပြုခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် အဖွဲ့အစည်းအသီးသီးဟာ ဗမာပြည်နိုင်ငံရေးသမိုင်းမှာ ဖြတ်သန်းကြရင်း အပြန်အလှန် ဂိုဏ်းဂနတွေ၊ အသိအမှတ် မပြုနိုင်မှုတွေ၊ ပွတ်တိုက်မှုတွေ ရှိခဲ့ကြတယ်။
သို့သော်လည်း ဒီတပွဲမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်မှုနဲ့ ဒီ ရဲဘော် ၈ ယောက်ရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုကြောင့် ကိုယ်ထူကိုယ်ထစီမံကိန်း ဖျက်ပေးရတာ နိုင်ငံရေးအကျဉ်းသားအားလုံး ပြည်မ ပြန်ရောက်ကြရတာကိုတော့ အသိအမှတ်ပြုကြပါတယ်။
မျက်ရည်များနဲ့ နုတ်ဆက်ခဲ့ကြခြင်း
ကျနော်တို့တတွေဟာ ပြည်မ မပြန်ရမီ မိုးမရွာတဲ့ ညများမှာ အုန်းသုံးပင်အရပ်ကိုသွားပြီး ထိုင်မိတတ်ကြတယ်။ မီးတွေဖိုပြီး စကားစု,ပြောကြတယ်။ တော်လှန်ရေးသီချင်းတွေ ဂုဏ်ပြုတေးတွေ ဆိုခဲ့ကြတယ်။ သူတို့ကို လွမ်းစိတ်နဲ့တမ်းတခဲ့ကြတယ်။ တလပြည့် အထိမ်းအမှတ်အဖြစ် သူတို့ကို ဂုဏ်ပြုတဲ့ ကဗျာစာအုပ်တအုပ် ထုတ်ခဲ့တယ်။
ပြည်မ ပြန်ပို့ရက် သင်္ဘောပေါ်မတက်ခင်မှာလည်း အသုတ်လိုက်သွားပြီး နုတ်ဆက် အလေးပြုခဲ့ကြတယ်။
မျက်ရည်များနဲ့ … ပေါ့။
နိဂုံး
(၁) ၅၃ ရက်တိုက်ပွဲ နှစ် ၃ဝ ပြည့် အထိမ်းအမှတ်အဖြစ် ရေးခြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှ အမှတ်မှားတာ မေ့ကျန်တာတွေ ရှိပါလိမ့်မယ်။ ဒါကြောင့် သမိုင်းမှတ်တမ်းတင်တဲ့ဘက် အလေးမကဲဘဲ ပြန်ပြောင်းသတိရချက် တခုအဖြစ်သာ သဘောထားစေချင်ပါတယ်။
တိုက်ပွဲကြီးတခုလုံးမှာ အောက်ခြေမှ ကျနော်ပေါင်းစပ်ပေးခဲ့တာက အစိတ်အပိုင်းလေးတခုသာ ဖြစ်ပါတယ်။ အဓိက သော့ချက်နေရာမှာပါဝင်ခဲ့တဲ့ ကျနော်တို့ ခေါင်းဆောင်တွေ၊ ကေဒါတွေ နှစ် ၃ဝ အတွင်းမှာ ကွယ်လွန်ကုန်ကြပါပြီ။ တချို့က ပြန်အဖမ်းခံရပြီး ထောင်ထဲမှာပဲ ကျဆုံးကုန်ခဲ့ကြတယ်။ သူတို့ ရေးမသွားနိုင်ကြပါ။
(၂) ၅၃ ရက် တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့သူတွေရော နောက်ပိုင်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ရင်း ကျဆုံးသွားကြတဲ့ ကျွန်းရဲဘော်တွေထဲမှာပါ၊ ကျွန်းကာလ အယူအဆ ၃ မျိုးကို သီးခြားစီ ကိုယ်စားပြုခဲ့သူတွေချည်းပါ။ ဒီမှာတွေ့ရတာက လမ်းစဉ် အယူအဆ ဘယ်လောက်ပဲ ကွဲကွဲ၊ အရင်းခံ မူနှစ်ချက်ကို လက်မလွှတ်သမျှ ကိုယ်စီ ကိုယ်ကျိုးစွန့်နိုင်တယ်။ တော်လှန်ရေးကို အလုပ်အကျွေးပြုနိုင်တယ် … ဆိုတာပါပဲ၊ ဒီနှစ်ချက်ကတော့
(၁) ပါတီကို ယုံကြည်ရမယ်။
(၂) ပြည်သူကို ယုံကြည်ရမယ် … ဆိုတဲ့ တောင်းဆိုချက် ဖြစ်ပါတယ်။
(၃) ရေးနိုင်သူ ပေါင်းစပ်နိုင်သူတွေ အများကြီး ကျန်ပါသေးတယ်။ ဒါပေမယ့် အများစုက ဒီမိုကရေစီဆိတ်သုဉ်းတဲ့နေရာမှာ ရှိနေကြတယ်။ သူတို့ကတော့ ကျွန်းရဲဘော်တွေနဲ့ ကျွန်းမှာအတူနေခဲ့ တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တွေပါ။ သူတို့ရေးနိုင်လာတဲ့တနေ့မှာ ဒီ ပန်းချီကားချပ်ကြီး အတော်အတန် ပြည့်စုံသွားနိုင်ပါတယ်။
ရေးနိုင်မယ့်တနေ့ကို စောင့်ကြိုကြပါစို့။ ။
ဆက်လက်ဖော်ပြပါမယ်။