Saturday, April 18, 2009

သက်ကြီးပူဇော်ပွဲ (မောင်တောက်)

ဘာနုရာဇာမည်သော တနင်္ဂနွေဂြိုလ်မင်းက အောင်မဲညိုပွင့်အဆင်းနှင့် ဘီလူးကို စီး။ ထင်းမီးတဖက် ကိုင်၊ ဝမ်းဗိုက်ကို တဖက်က ပိုက်လျက် အရှေ့မြောက်ထောင့်မှ အနောက်တောင်ထောင့်သို့ ဝင်လေ၏။ သို့နှင့် သင်္ကြန်သုံးပါးတို့တွင် အာယာမဟု မည်သော မဟာအတာသင်္ကြန်ကား ပြီးဆုံးခဲ့လေပြီ။


ထိုသို့ပြီးဆုံးခဲ့သော အတာတန်ခူးတွင် ထူးတာမြူးတာမှတဆင့် ရူးတာ၊ မူးတာလေးများလည်း အရံအသင့် သဘောလောက်ပါမည်ဟု ဉာဏ်ချင့်၍ပြောရပေမည်။ ပျော်ပွဲက တလွန်လွန်၊ လူတွေကလည်း တသဲသဲပေကိုး။


သို့နှင့် လူကြီးသူမ သက်ကြီးရွယ်အိုတို့အား ဦးခေါင်းလျှော်၊ ရေမိုးချိုး၊ နံ့သာပက်ဖြန်း၍ ပူဇော်ကန်တော့သော နှစ်ဆန်းတရက်နေ့သို့ ရောက်ရှိလာပြန်သည်။ ဒါနကုသိုလ် ဓလေ့စရိုက်နှင့် နှစ်သစ်၏ အကူးအစ ပထမဦးဆုံး နေ့ရက်ကို ဖွင့်လှစ်လိုက်ခြင်းပင်တည်း။


ကောင်းစွ။


“သက်ကြီးပူဇော်ပွဲ”


ထိုဝေါဟာရကို ငယ်စဉ်ကတည်းက ကြားဖူးခဲ့။ ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲခဲ့ဖူးသည်။ ထိုစဉ်ကတော့ အသက်အရွယ်ကြီးသော လူကြီးသူမတို့ကို ပူဇော်ကန်တော့ခြင်း (သို့မဟုတ်) ကိုယ့်ထက် အသက်အရွယ်ကြီး ရင့်သော သူတို့ကို အရိုအသေပြုခြင်းဟု သဘောပေါက် သိမြင်နေမိခဲ့၏။ တနည်းအားဖြင့် အသက်ကို ပဓာနထားကာ လေးစားဂါရဝပြုကြတာဟု လက်ခံထားမိခဲ့သည်။



ထိုစဉ်က … ။


ယခုတော့ အသက်အရွယ်ဟူသော ပညတ်အမြင်နှင့်ယှဉ်တွဲနေသည့် လူပုဂ္ဂိုလ်တို့အပေါ် အာရုံစူးစိုက်လာမိတော့ သည်။ အချိန်ကား အကန့်အသတ်မရှိ စီးဆင်းနေ၏။ ထိုအကန့်အသတ်မဲ့ စီးဆင်းနေသော အချိန်ကာလနှင့်အတူ ပူးကပ်ဖြတ်သန်းနေသည်မှာ လူပုဂ္ဂိုလ်များဖြစ်ကြ၏။


လူမျိုး ဘာသာမရွေး အသက်အရွယ်ကြီးရင့်သူတိုင်းတွင် ညီမျှသော အချိန်ကာလဖြတ်သန်းမှုတို့ ကိုယ်စီကိုယ်ငှ ရှိနေကြသည် မဟုတ်လား။


အနှစ်တရာအတွင်း အားလုံးဟာ ခေတ်ပြိုင်ချည်းပါပဲဟု ကဗျာဆရာတဦးက ဒဿနဆန်ဆန် ပြောကြားခဲ့ဖူး သည်။ သို့သော်လည်း ကျနော်တို့အရင် အနှစ် ၅ဝ သမိုင်းသည် အယဉ်လား၊ အရိုင်းလားဟု မေးခဲ့သည်ရှိသော် နုနယ်သောအရွယ်က ဖြတ်သန်းခဲ့ရသည်မို့ ဝေဝေဝါးဝါးပင် ပြန်လည်ဖြေကြားနိုင်ပေမည်။ ထိုထက်စောစွာသော အတိတ်သမိုင်းတို့ဆိုလျှင် မည်သို့မျှ ပီပီပြင်ပြင် ဖြေကြားနိုင်မည် မဟုတ်တော့။


“၁၉၂ဝ ကျောင်းသားသပိတ်ကိုတော့ ကျနော် မမီလိုက်။ ကျနော်မွေးပြီး နောက်တနှစ်တွင် ယင်း ၁၉၂ဝ ကျောင်းသားသပိတ် ဖြစ်ခဲ့သည်။ သို့သော် ကျနော်သည် အမျိုးသားကျောင်းများတွင် စာသင်ကြားခဲ့ရာ အမျိုးသားနေ့ကို ဆင်နွှဲမိခဲ့ရသည်။ ယင်း အမျိုးသားနေ့၊ အမျိုးသားကျောင်းဆိုသည်မှာ ၁၉၂ဝ ကျောင်းသား သပိတ်နှင့် ဆက်စပ်နေသည်။ ထိုအတိတ်ကို ကျနော်တို့ကိုယ်တိုင် ခံစားထိတွေ့ခဲ့သည် မဟုတ်။ သို့သော် သမိုင်းခေတ်များကို ဖြတ်သန်းရင်းက အတိတ်ကိုလေ့လာရသည်။ ထိုအခါ အတိတ်ကာလကိုမီသော ကျနော့်ထက် အသက်များစွာကြီးသော သူများထံမှ မေးမြန်းရသည်။ အတိတ်၏ သမိုင်းခေတ်များကို သိရသည်”


(ဒဂုန်တာရာ)

“သမိုင်းသည် မဆုံး”

ရွှေဝတ်ရည်မဂ္ဂဇင်း၊ အမှတ်(၁)

အောက်တိုဘာလ၊ ၁၉၉၇။


စာပေသစ်ဖခင်ကြီး ဒဂုန်တာရာ၏ “သမိုင်းသည်မဆုံး” ဟူသော ဆောင်းပါးကိုဖတ်မိရာမှ လင်းလက်ခဲ့ရသော အပိုဒ်တပိုဒ်။ လေးစားဦးခိုက်စရာ လူကြီးသူမတို့၏ အတိတ်ဖြတ်သန်းမှုပုံရိပ်များ။ လူပုဂ္ဂိုလ်တို့၏ နောက်ခံ ကားချပ်တို့ကား အတိတ်ဖြတ်သန်းမှု အယဉ် အရိုင်းတို့နှင့် လှိုင်းကြွနေသည်။


ကျနော်ကား အတိတ်သမိုင်းနှင့် သမိုင်းနောက်ခံရုပ်ပုံကားချပ်တို့ကို လွန်နှင့်ပြီးသူများ၏ ပြုစုရေးသားထားခဲ့မှုများ၊ သမိုင်းဆိုင်ရာ စွမ်းဆောင်ချက်များ၊ အဆိုအမိန့်များ၊ ထူးခြားသောဖြစ်စဉ်ထဲမှ ကောက်နုတ်ထုတ်ယူရရှိမှုများဖြင့် တွေ့ထိရင်း ဆက်လက်ကြီးပြင်းနေကြရသည်။


ကိုယ့်နိုင်ငံ၏သမိုင်းကား မသိလို့ မဖြစ်။ နိုင်ငံ၏သမိုင်းကိုမသိလျှင် မိမိကိုယ်မိမိ မသိသူသာလျှင် ဖြစ်ပေတော့ မည်။

သည်တွင် မကသေး။ သက်ရှိထင်ရှား လူကြီးသူမများ၏ အသက်အရွယ်နှင့်ညီမျှသော ဖြတ်သန်းမှု အတွေ့အကြုံများ၊ စံပြ စရိုက်များ လက္ခဏာများ၊ လေးနက်သော လမ်းညွှန်မှုများဖြင့် ပူးကပ်နေထိုင်လျှက် ဆက်လက်ဖြတ်သန်း ကြီးပြင်းနေရသေးသည်။

လူကြီးသူမတို့၏ ဒိဌေ၊ ဒိဌ ကျေးဇူးတရားတို့အား လေးစားဂါရဝပြုစရာ တန်ဖိုးအနဂ္ဂများပင်။


“သက်ကြီးပူဇော်ပွဲ ”


ယခုတော့ … ။


အသက်ကြီးနေသဖြင့် ပူဇော်ရသည်ဟူသော သာမညအမြှေးပါးသည် ကျနော်ဆွဲဖွင့်မိသော အတွေးတံခါး၏ နောက်ကွယ်တွင် ဆွဲအဖယ်ခံလိုက်ရသည့် ဇာခန်းဆီး ပါးပါးလှပ်လှပ်ကလေးကဲ့သို့ လှုပ်လှုပ်ခါခါ ကျန်ရစ်ခဲ့ပေတော့သည်။


ယခု ဆိုပါတော့ … ။ ။


သရုပ်ဖော်ပုံ - ကာတွန်းစောငို


No comments: