Saturday, April 4, 2009

ဆယ်တန်းတောင် မအောင်တဲ့ကောင်



ကျုပ်လေ … ကျုပ်

ဆယ်တန်းတောင် မအောင်ခဲ့

မြို့မှာနေတုန်းက

မအောင်ဖူးတဲ့ ဒီဆယ်တန်းကြောင့်

ကောင်မလေးတွေက ငေါ့တယ်

ဟင်း … ဆယ်တန်းတောင် မအောင်တာ

ဘာလုပ်ရမှာလဲတဲ့ … အော် … ခက်ပြီ။


အိမ်မှာနေတုန်းကလည်း

မအောင်သေးတဲ့ ဒီဆယ်တန်းကြောင့်

အမေက ပြောတယ်

နင် … ခွေးဖြစ်မယ် တဲ့၊

ကျနော် အခုထိ ခွေးမဖြစ်သေးပါ

ဒါကို … အမေ သိမသွားခဲ့။


လူတွေကလည်း ကျနော့်ဘဝမှာ

ဆယ်တန်းအောင်ပြီးလားလို့

တဖွဖွ အမေးခံခဲ့ရ

ဟင့်အင်း လို့ဖြေရင်

မျက်လုံးအရောင် ပြောင်းလဲ၊ ဆက်ဆံရေးလည်းကျဲ

ကဲ … ဒီဆယ်တန်းကြီးမအောင်တော့ကော ဘာဖြစ်လဲ။


အခု ကျုပ်ဆိုတဲ့ ညံ့ချက်က နာ

ဆယ်တန်းတောင် မအောင်တဲ့ကောင်က

ကိုယ့်အကျိုးကို အပုပ်ခံ၊ လူထုအတွက်မြှုပ်နှံ

သွေး ချွေးကို စတေး ဒီမိုကရေစီကို ဘဝနဲ့ရေးတဲ့

တော်လှန်ရေးသမားဗျ …၊


ကျုပ်တို့ တော်လှန်စစ်လမ်းကြောင်းပေါ်ကို

သန်းနဲ့ချီရှိတဲ့ ဆယ်တန်းအောင်ပြီးတဲ့ကောင်တွေ မလာပါ၊


သန်းနဲ့ချီရှိတဲ့ ဘွဲ့ရပညာတတ်ဆိုတဲ့ကောင်တွေ

အနစ်နာမခံပါ၊


မိုးထဲ ရေထဲ ကျည်ဆံထဲမှာ

ဆယ်တန်းတောင် မအောင်တဲ့ကျုပ်

အသက်ကိုစတေး ပြည်သူ့အတွက်လေ။


သန်းနဲ့ချီတဲ့ ဆယ်တန်းအောင်ကောင်ကော

ဘွဲ့ရကောင်ရော

တော်လှန်ရေးလုပ်ရင်

ဒီမိုကရေစီလည်း မြန်မြန်ရ

ကျုပ်လည်း ဆယ်တန်းမြန်မြန်အောင်

ကဲ … မဟုတ်ဘူးလားဗျာ။


ဂမုန်း

၈၊ ၂၊ ၂ဝဝ၁


သံလွင်သွေးသစ် စာပေအင်အားစုမှ ထုတ်ဝေဖြန့်ချိသည့်

ဒေါနနေခြည်စာစောင် အတွဲ ၄ အမှတ် ၂၊ ၂၀၀၁ ခုနှစ် သြဂုတ်လ မှ


1 comment:

မောင်သုည said...

ကိုဂမုန်း
တခါတခါကြတော့လည်းလူတွေက သတ်မှတ်ချက်လမ်းကြောင်းထဲကမှအကောင်းထင်ကြတာ
ကိုးဗျ၊နည်းပညာတွေ အတတ်ပညာတွေ စာသင်ခမ်းထဲမှာမရှိသေး
တာအများကြီး အဲဒီစာသင်းထဲကနည်းပညာတွေကလည်းကမ္ဘာ့ပါတ်
ဝန်းကျင်ထဲကလူတွေရဲ့ အတွေ့ အကြုံတွေ။တခုကောင်းတာက
တော့ကျောင်းထဲကပညာတွေကစုစည်း ထုထောင်းပြီးသားတွေကို
ခူးခပ်စားသလိုတော့ရှိတာပေါ့၊သိမ့်မရင်းနှီး မပင်ပန်းရဘူးဒါလေးတော့ကွာတယ်။
အေးဗျာ ကျွန်တော့်ရင်တံခါးက ဘယ်လိုပွင့်သွားတယ်မသိ
လိုက်ဖူး၊ ဒါကိုပဲ လူတွေပြောတဲ့စံစားချက်နဲ့ တူပါရဲ့ ။