Sunday, February 22, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ - ၁၅



အမဲစက် တကွက်

ဒီအတွင်း ဒုတိယအသုတ်က ဝင်တိုက်နေတဲ့ Striker တွေထဲကတယောက် ဖောက်ထွက်သွားပါတယ်။ ဆေးလာစစ်တဲ့ ဆရာဝန်အရောက်မှာ “ကျနော် ဆေးအကုခံတော့မယ်။ ဆက်မတိုက်တော့ဘူး”လို့ ပြောလိုက်တယ်။
ထမ်းစင်နဲ့ ချက်ချင်းသယ်ထုတ်နေစဉ် သူနဲ့ရင်းနှီးတဲ့ တတိယအသုတ် Striker ရဲဘော် လေးမောင်က “ဟေ့ကောင် … သစ္စာဖောက်၊ မင်းမျက်နှာ မကြည့်ချင်ဘူး” … လို့ အော်လွှတ်လိုက်တယ်။

… ဟာ ရှက်ပြီး မျက်နှာကို စောင်နဲ့ဖုံးကာ လိုက်သွားရပါတော့တယ်။

ဖြစ်စဉ်က မြန်လွန်းပြီး တိတ်တိတ်ဆိတ်ဆိတ်ဖြစ်သွားတာမို့ အပြင်မှာရှိနေတဲ့ ရဲဘော်တွေ ဘယ်သူမှ မသိလိုက်၊ ထမ်းစဉ်နဲ့ Striker တယောက် သယ်ထုတ်လာတာတွေ့လို့ ကြည့်လိုက်တော့ စောင်အောက်ကလွတ်နေတဲ့ ခြေထောက်ကို မြင်မိကြတယ်။
“သြ … ခြေမကြီးကိုး” လို့ အာမေဋိတ်သံ ပြုလိုက်ကြတယ်။

ရန်သူက အားတက်သွားပါပြီ၊ ရဲဘော်တွေ ဒေါပွကုန်ပါတယ်။ ပါတီခေါင်းဆောင်တွေလည်း စိတ်ပူကုန်ကြတယ်။ ကျန်အဖွဲ့အစည်းတွေကလည်း ဟန်မှဟန်ပါတော့မလား၊ သံသယ ဝင်ကုန်ကြတယ်။ အကူအညီတွေ ပိုပေးလာပါတယ်။ ဆေးလိပ်တွေ လှူပါတယ်။ ပြုစုစောင့်ရှောက်သူတွေ တိုးပြီးပေးလာပါတယ်။ တိုက်ပွဲရက် ပိုကြာတော့မယ်လို့ တွက်,ရကြပြီလေ။

ကျနော် စဉ်းစားမိတယ်။ အဖိုးကြီးတွေနဲ့တွေ့စဉ်က တိုက်ပွဲအလားအလာနဲ့ပတ်သက်ပြီး မိမိအမြင် တင်ခဲ့တယ်။ “တိုက်ပွဲကတော့ နိုင်အောင်တိုက်ရင် နိုင်မှာပဲ၊ ဒါပေမယ့် အနည်းဆုံး ၃ ယောက်၊ အများဆုံး ၅ ယောက်လောက် ကျနိုင်တယ်” လို့ ပြောခဲ့တယ်။ ခုတော့ အနည်းဆုံး ၅ ယောက်လို့ ပြင်ရမလို ဖြစ်နေပြီ။

အာဇာနည်ဂုဏ်ပြုတေးတွေကို တဦးစီအလိုက် မရေးနိုင်တော့ပါ။ အလုပ်က ပိုရှုပ်လာခဲ့တယ်။ အထူးသဖြင့် ပြုစုရေးဘက်မှာ ဖြစ်တယ်။ တီးဝိုင်းက နောက်ရဲဘော်တွေအတွက် ရဲဘော် သိန်းကြည်၊ ရဲဘော် အုံးမော်တို့ အတွက်စပ်ထားတဲ့ သီချင်းနှစ်ပုဒ်ထဲမှာ ကျန်ကျဆုံး ရဲဘော်တွေရဲ့ နာမည်တွေထည့်ပြီး ပြင်တယ်ဆိုရုံ ပြင်ကာ တီးမှုတ်လှုံ့ဆော်နေရပါတယ်။

ကျနော်တို့ဟာ အဲဒီညမှာ အာဇာနည်ဗိမာန်ထဲ လာထိုင်ကြပြီး အလောင်းစဉ်ပေါ်က စီတန်းနေတဲ့ ခေါင်း ၃ လုံးကိုကြည့်ကာ ငိုင်နေကြတယ်။ အသံတိုးတိုးနဲ့ သူတို့ရဲ့ဂုဏ်ကျေးဇူးတွေကို ဖော်ထုတ်နေကြတယ်။ မမေ့နိုင်စရာတွေပါလေ …

၎။ ရဲဘော် ထွန်းမြင့် (ဒုတိယ အသုတ်)

မဲကြီးကျသွားတဲ့အချိန်မှာ သူ့ရဲ့ခြေတွေလက်တွေ အေးနေပြီ … လေ၊ ဒါဟာ ကျတော့မယ့် လက္ခဏာပဲ၊ ဆရာ ရာဂျန်ဟာ သူ့ခြေရင်းမှာထိုင်ပြီး ခြေထောက်ကလေးတွေကို ဆုပ်နယ်ပေးနေတယ်၊ အတွေးအခေါ်လုပ်ငန်းလည်း တဖက်က လုပ်ပေးနေရှာတယ်။
“ရဲဘော်ထွန်းမြင့် ခြေထောက်တွေတောင် အတော်အေးနေပြီ၊ နွေးသွားအောင် အဝတ်နဲ့ပတ် စောင်ခြုံပေးထားပါ”လို့ စောင့်ရှောက်နေသူ ရဲဘော်တဦးကို ခိုင်းလိုက်တယ်။

ဒါကို သူကြားတော့ “ဆရာရယ် … ကျနော့် ခြေတွေလက်တွေအေးနေပေမယ့် ကျနော့် နှလုံးသားက မော်စီတုန်းအတွေးအခေါ်နဲ့ နွေးထွေးနေဆဲပါ” … လို့ ခပ်ယဲ့ယဲ့ ပြောလိုက်ပါတယ်။ သူဟာ မှတ်တမ်းရေး မသွားပါဘူး၊ ၄၃ ရက်မြောက်တဲ့နေ့ သူ ကျဆုံးသွားပါတယ်။

အင်တာနေရှင်နယ်ဆိုပြီးတာနဲ့ မိုးတွေသည်းသည်း၊ လေပြင်းပြင်းမှာ ဘူးဝကို ထွက်ခဲ့ကြတယ်။ သူ့အတွက် စွဲချက်တွေတင်၊ ကြွေးကြော်သံတွေတိုင်အပြီး အဆောင်တွေဘက် ပြန်အလှည့်၊ လမ်းတဝက်လည်းရောက်ရော …

အားလုံးသတိ !
အင်တာနေရှင်နယ် စ,ဆို !

… ဆိုတဲ့အသံ ကြားလိုက်တာနဲ့ သိလိုက်ပါပြီ၊ ရဲဘော် စိန်ချင်းတယောက်လည်း ကျသွားပါပကော …။

ချက်ချင်း ပြန်လှည့်လိုက်ကြပြီး ရင်တွေ၊ နှလုံးတွေ အက်ကွဲစွာနဲ့ စွဲချက်တွေတင် ကြွေးကြော်သံတွေ တိုင်ကြရပြန်ပြီ … လေ။

ရဲဘော် ထွန်းမြင့်က စာရေးဝန်ထမ်း၊ ကလေး ၂ ယောက်ဖခင် ဖြစ်ပါတယ်။ အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နေတတ်တယ်။ မျက်နှာရဲ့ထူးခြားချက်က အမြဲပြုံးနေတာ ဖြစ်တယ်။ အဆောင် ၄ ကဖြစ်ပြီး ညနေ ညနေမှာ အဆောင် ၈ နဲ့ ၉ အကြားရှိ နှစ်တန်းဘားစင်ပေါ်မှာ အမြဲတွေ့ရတတ်တယ်။ တွေ့ကြရင် ရွှေသွားလေးပေါ်အောင် ပြုံးပြတတ်တာကလွဲလို့ စကားများများပြောလေ့ မရှိ၊ မျောက်ရှုံးတဲ့ ကျနော်တို့နဲ့ အတွဲမညီလှ၊ သူက လူကြီးဆန်ပါတယ်။

၅။ ရဲဘော် စိန်ချင်း (ဒုတိယ အသုတ်)

တိုက်ပွဲဆောင် ၂ မှာ ရဲဘော် ထွန်းမြင့်နဲ့ ဘေးချင်းယှဉ်အိပ်နေသူ၊ ဆရာ ရာဂျန်ကို သူပြောခဲ့တဲ့ စကားတခွန်း (ခြေမကြီး သစ္စာဖောက်သွားတဲ့အချိန်က) ကျနော်တို့ ကြားထားကြပြီး ဖြစ်တယ်။

“ကျနော်ကတော့ အလုပ်သမားလူတန်းစားရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် ဘယ်တော့မှ မလုပ်ဘူး ဆရာ” … တဲ့။

သူရဲ့တိုက်ပွဲဝင်ရက် ၄၃ ရက်မြောက်တဲ့နေ့မှာ ကျဆုံးသွားရှာတယ်။ သူက ပခုက္ကူဘက်မှ ဖြစ်ပြီး အလုပ်ကြမ်းစုံအောင် လုပ်ခဲ့သူဖြစ်ပါတယ်။ သူ့ဘဝ ဖြတ်သန်းမှုတွေ ဘယ်လောက် ကြမ်းတမ်းတယ်၊ တွေ့ရတဲ့ လူ့အလွှာအမျိုးမျိုးတွေရဲ့စရိုက်တွေက ဘယ်လို ဆိုတာတွေ ပြောပြတတ်တယ်။ စက်ဆုပ်ရွံရှာဖွယ်၊ ကျောချမ်းဖွယ်ရာတွေ မယုံကြည်လောက်စရာတွေ အများအပြားပါ။

အလုပ်ကြမ်းသမားဆိုပေမယ့် ဂီတအနုပညာဘက်မှာ တိမ်းညွတ်မှုရှိတယ်။ တယော ကောင်းကောင်း ထိုးတတ်တယ်။ တိုက်ပွဲတွင်းမှာပဲ (ထင်တယ်) သူစပ်သွားတဲ့ သီချင်းလေးတပုဒ်ဟာ ရဲဘော်တွေရဲ့ရင်ကို အတော်လေး စွဲခိုက်စေခဲ့တယ်။

လူကြမ်းကြီးရဲ့ ရင်ထဲကထွက်လာတဲ့ ဒီ တော်လှန်ရေး တေးကလေးဟာ နူးညံ့လှပလွန်းနေပါတယ်။
တိုက်ပွဲတွင်းက သူ့ပြောစကားလေးကိုပဲ အာဇာနည်ဗိမာန်မှာ ဆွဲချိတ်ထားလိုက်ကြရပါတယ်။

အဆုံးအဖြတ်အခန်း

ကျနော်မှန်းထားတဲ့ ၅ ယောက်စေ့သွားပါပြီ၊ ကျန်အများစုကလည်း နေ့ချင်းညချင်း ကျသွားနိုင်ကြတဲ့ အခြေအနေ … ။

ဘာလုပ်ကြမလဲ၊ ခေါင်းပူအောင်စဉ်းစားကြတယ်။ ရဲဘော် အုံးမော်ကျပြီးကတည်းက ကျနော့် ခေါင်းထဲ စီမံကိန်းတခု ဝင်နေတာရှိခဲ့တယ်။ ညတည အာဇာနည်ဗိမာန်မှာ အိပ်ရာ မဝင်သေးတဲ့ ရဲဘော်တစုထိုင်နေကြစဉ် တင်ပြလိုက်တယ်။

ဒီ ရဲဘော်တွေကယ်ဖို့ နည်းတနည်း စဉ်းစားမိတယ်။ “သူတို့ကို အမီလိုက်ဖို့ပဲ၊ အဖိုးကြီးတွေနဲ့ မကျန်းမာသူတွေ ချန်ပြီး ကျန်တဲ့ လူတွေ ရေပါဖြတ် တိုက်ပွဲဝင်ရမယ်”

အားလုံးငြိမ်သွားကြတယ်။ မဖြစ်နိုင်ဘူးထင်သူရယ်။ စဉ်းစားတွက်ချက်နေသူရယ်။ သူတို့ က အများစု … တဦး နှစ်ဦးက ပစ်ထောက်ခံတယ်။

နောက်နေ့ ဖိုးသံကို ဆွေးနွေးတော့ “စဉ်းစဉ်းစားစားလည်း လုပ်ပါ AN ရာ၊ Striker တွေကို ဘယ်သူပြုစုမလဲ” တဲ့။

“တခြားအဖွဲ့အစည်းတွေကို အကူအညီတောင်းမှာပေါ့” လို့ပြောပေမယ့် သူက လက်ခံပုံ မပြ။

ကိုအောင်ဘော်၊ ကိုညွန့်ခေါင်၊ ကိုဇော်တို့ကတော့ “ချလိုက်လေ ကြာသလား” သဘောထား ပေးသူတွေပါ။
၅ ယောက်စေ့သွားတဲ့ရက်မှာ အဖိုးကြီး ၂ ယောက်ဆီသွားပြီး တင်ပြမိပြန်တယ်။ တိုက်ပွဲရဲ့တက်မကိုင်ဖြစ်တဲ့ ရဲဘော် ဗိုလ်အုန်းမောင်က …

“မဖြစ်ဘူးထင်တယ်။ အဲဒီလို ဝင်လိုက်မှ ရန်သူက ‘ဒီကောင်တွေ သူတို့လူတွေသေမှာ သိပ်စိုးနေကြပြီ။ လျှော့ဈေးနဲ့တိုက်ပွဲလှန်နိုင်တယ်’ လို့ တွက်သွားနိုင်တယ်။ ပိုအကျအဆုံး များသွားလိမ့်မယ်” လို့ တုံ့ပြန်တယ်။

(ခု ပြန်စဉ်းလိုက်တော့ တကယ့်ကို အန္တရာယ်ကြီးပါလား)

ဒီလိုနဲ့ ရှည်လျားလှတဲ့ နေ့တာ ညတာတွေကို ခဲခဲယဉ်းယဉ်း ဖြတ်သန်းနေကြရပြန်တယ်။ တနေ့ပြီး တနေ့ … တညပြီး တည …
အာဏာပိုင်တွေကလည်း တိုက်ပွဲလှန်နိုးနိုးနဲ့ စောင့်ကြည့်နေပါတယ်။ တကယ်က သူတို့လည်း ချောက်ချားနေကြပါပြီ။ ဒါကို အပြင်ဘက်စခန်းမှာနေတဲ့ မလညပ ရဲဘော်တယောက် ပစ်သွင်းလိုက်တဲ့ စာအရ သိရတယ်။

နောင်မှာ စကားပြောခွင့်ရတဲ့ ဝါဒါတွေပြောတာမှာလည်း ဒီ အချက်ထင်ရှားတယ်။

“ခင်ဗျားတို့တော့ မသိဘူး၊ ကျွန်တော်တို့တော့ ရူးကုန်မလား ထင်မိတယ်။ အိပ်မရ စားမရပါပဲ၊ အင်တာနေရှင်နယ် သီချင်းသံကြားပြီဆိုရင် ဆက်နားမထောင်ရဲတော့ဘူး၊ နားတွေ ပိတ်ထားရတယ်”… တဲ့။

ပထမ အသုတ် တိုက်ပွဲဝင်ရက် ၅၃ ရက်မြောက်တဲ့နေ့မှာ ထောင်အာဏာပိုင်တချို့ တိုက်ပွဲဆောင်ထဲ ရောက်လာတယ်။
“သပိတ်မလှန်သေးဘူးလား” … လို့မေးပါတယ်။ ပါတီကော်မတီဝင် ခေါင်းဆောင်တဦးဖြစ်တဲ့ ရဲဘော် ဖေအောင် (သခင် ခင်အောင်တူ)က “ကျနော်တို့ တောင်းဆိုတာကိုပေးလေ၊ မပေးရင် မလှန်ဘူးပဲ” လို့ ဖြေပါတယ်။

“ခု ၅ ယောက်ရှိသွားပြီ၊ ထပ်သေကုန်ပါဦးမယ်ဗျာ”လို့ ခြောက်ပြန်ပါတယ်။

ကိုဖေအောင်က ခန်းဆီးတွေ၊ ခြင်ထောင်တွေကို လှပ်လိုက်ပြီး
“ဟောဒီမှာ ကြည့်သွား … နောက်ထပ် အသေခံဖို့ တန်းစီနေတဲ့ ရဲဘော်တွေ...”

ဒီတော့မှ အာဏာပိုင်တွေအနေနဲ့ “ဒီကောင်တွေ တယောက်မကျန် အသေခံတော့မှာပါလား” လို့ စဉ်းစားမိသွားကြဟန်တူတယ်။ Striker တွေရဲ့ မျက်နှာတွေကို သူတို့ ရဲရဲတောင် မကြည့်ရဲ၊ လွှဲထားကြတယ်။

“ကဲ … သပိတ်လှန်လိုက်ကြပါတော့ ကိုယ်ထူကိုယ်ထ ဖျက်သိမ်းပေးပါမယ်”လို့ လျှောချလိုက်ပါတယ်။

“ဒီလိုဆိုရင် စာရွက်စာတမ်းနဲ့ လက်မှတ်ထိုးပေး …”လို့ ကျနော်တို့ဘက်က အခိုင်အမာရအောင် တောင်းဆိုကြပြန်တယ်။

“ဟာ … ဒါကတော့ … ကျနော်တို့ လုပ်ပိုင်ခွင့် မရှိဘူး၊ မနက်ဖန် နေဗီစခန်းဘက် ကျနော်တို့ သွားယူပေးမယ်။ ခင်ဗျားတို့က သပိတ်လှန်နှင့်ပေါ့ …”လို့ ပြောကြပြန်တယ်။

ကျနော်တို့ခေါင်းဆောင်တွေကလည်း လက်မှတ်ထိုးပေးပြီးမှ တိုက်ပွဲလှန်မယ့်အကြောင်း တည်တည်ငြိမ်ငြိမ်ပဲ အဖြေပေးလိုက်ကြတယ်။
ဒီလိုနဲ့ တမိုးချုပ်သွားခဲ့ပြန်တယ်။
ဒီညမှာ ကျနော်တို့ တမှေးမှ အိပ်မရ၊ ရှည်လွန်းတဲ့ ညတာရယ် ကုန်နိုင်ခဲပါဘိ … တသက်မှာ တခါကြုံရတဲ့ည … စက္ကန့်တိုင်း ရပ်ဆိုင်းရပ်ဆိုင်း ဖြစ်နေသလားထင်ရလောက်အောင် နှေးကွေးလွန်းတဲ့ည။

Striker တွေကတော့ ထူးခြားမှု မပြ၊ မှိန်းမြဲမှိန်းနေကြလျှက်ပါ။

ဆက်လက်ဖော်ပြပါမယ်။

No comments: