ဒါပေမယ့်လည်း ကျနော်တို့ လုပ်ဆောင်ခဲ့ပုံတွေကတော့ ကွဲပြားလျက်ပါ။
တချို့ကို စိတ်ဝင်တစား လုပ်ခဲ့တယ်။ တချို့ကို ဝတ်ကျေတန်းကျေ လုပ်ခဲ့တယ်။
တချို့ကို အာရုံမစိုက်ဘဲ လုပ်ခဲ့တယ်။ တချို့ကိုတော့ ကြုံကြိုက်တုန်း လုပ်လိုက်တယ် … စသဖြင့်ပေါ့။
အဲဒီလို ကွဲပြားတဲ့လုပ်ဆောင်မှုတွေအတိုင်း ရလဒ်တွေကလည်း ကွဲပြားနေတာပါပဲ။
ဟိုး … ရှေးရှေးတုန်းကလို့ မဆိုနိုင်ပေမယ့် တော်တော်ကြာခဲ့ပါပြီ။ အချိန်က အဆင့်မြင့်ရုပ်ရှင်ရုံတွေ မရှိသေးဘဲ လက်မှတ်မှောင်ခိုရောင်းချတာတွေ တွင်ကျယ်နေတဲ့အချိန်၊ ကျနော်ကလည်း ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကား ဆိုရင် အကြိတ်အနယ် တိုးဝှေ့ပြီး လက်မှတ်ဝယ်ဖို့ ဝန်မလေးတဲ့အရွယ်။ အဲဒီအခါတုန်းကပေါ့။
ရုပ်ရှင်ရုံကိုသွားတာက ကျနော်ရယ်၊ ကျနော့်အမေရယ်၊ ကျနော့်တူမလေး တယောက်ရယ်ပါ။ ရုပ်ရှင်က ဘာကားလဲတော့ မမှတ်မိပါဘူး။ လူကတော့ တော်တော်ကိုများတယ်။ အချိန်စောစော ရောက်သွားတာတောင် ကိုယ့်ရှေ့မှာ လူက အများကြီး။
ဒီတော့ လက်မှတ်ရောင်းတဲ့ အချိန်လည်းရောက်ရော တိုးကြပါလေရော။ နဂိုက တန်းစီနေတဲ့သူတွေအပြင် ဘေးကနေ ကြားဖြတ်တိုးတဲ့သူတွေကလည်း အများကြီးဆိုတော့ တကယ့်ကို အကြိတ်အနယ်ပါပဲ။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် အပင်ပန်းခံပြီး ချွေးထုတ်တဲ့ အတွေ့အကြုံတွေပေါ့။ အဲဒီလို တိုးရင်းနဲ့လည်း ကိုယ့်နေရာပျောက်ပြီး တန်းစီထားတဲ့နေရာရဲ့အပြင်ကို ရောက်သွားမှာ၊ ကြားဖြတ်မယ့်လူ ဝင်လာမှာတွေကို စိုးရိမ်တကြီး ဖြစ်နေရပါသေးတယ်။
ဒီအခါ ကျနော်က မမေ့သင့်တဲ့အရာကို မေ့သွားပါတော့တယ်။ အဲဒါကတော့ ကျနော်နဲ့အတူ ပါလာတဲ့ ကျနော့်တူမလေးပါ။ ၁ဝ နှစ်တောင် မပြည့်သေးတဲ့ကလေးဟာ တိုးဝှေ့နေတဲ့လူအုပ်ကြားမှာ မျက်လုံးလေး ကလည်ကလည်နဲ့ ညပ်နေလို့ ကျနော့်နောက်က အမျိုးသမီးတချို့က “ဟဲ့ ဒီမှာ နင့် ကလေး ညပ်နေပြီ”လို့ ပြောကြပါတယ်။
ဒါပေမယ့် ကျနော်ကတော့ “ဘယ်က နင့်ကလေးလဲ။ အပိုတွေလုပ်မနေနဲ့”လို့ ရန်တွေ့ရင်း ရုပ်ရှင်လက်မှတ်ရဖို့ပဲ အာရုံစိုက်နေမိပါတယ်။ ကလေးကတော့ ကျနော့်အမေနဲ့အတူ လူအုပ်ကြားထဲမှာညပ်ရင်း ယိမ်းထိုးနေရှာတာပေါ့။ ဒါကိုမြင်ပြီး သနားလို့ နောက်က အမျိုးသမီးတွေက ထပ်ပြောတော့လည်း ကျနော်က ထပ်ပြီး ရန်လုပ်လိုက်တာပါပဲ။
နောက်ဆုံး ကလေးက ငိုမဲ့မဲ့ မျက်နှာကလေးနဲ့ ကျနော့်ကိုခေါ်လိုက်မှ သတိရသွားပြီး စိတ်မကောင်း ဖြစ်မိရပါတယ်။
ဒါက ကျနော့်ရဲ့ မဟာမေ့လျော့မှုကြီးတခုပါပဲ။ ဒီတခုတည်းလားဆိုတော့ မဟုတ်ပါဘူး။ အိမ်နေရင်း ဝတ်ထားတဲ့ အဝတ်အစားအစုတ်ကြီးနဲ့ ရန်ကုန်မြို့ထဲ ထွက်ဖြစ်တာ၊ ပိုက်ဆံမေ့ကျန်ခဲ့လို့ ဈေးဆိုင်ရောက်ခါနီးမှ ပြန်လှည့်လာရတာတွေ စတဲ့ မေ့လျော့မှု ပေါင်းများစွာ ရှိခဲ့ပါတယ်။
မေ့လျော့တဲ့အတွက် တခုခုလွဲချော်သွားခဲ့မယ်ဆိုရင်တော့ ပုံမှန်စကားလေးတခွန်းကိုပဲ အဖော်ပြုကြတယ် မဟုတ်လား။ “ကျနော် မေ့သွားတယ်” “ကျမ မေ့သွားတယ်”ပေါ့။
ဒီလို မေ့လျော့ခြင်းတွေက ဘာကြောင့်ဖြစ်ရပါသလဲ။ မှတ်ဉာဏ်အားနည်းလို့ဆိုတဲ့ အပြောမျိုးတွေကိုတော့ ကြားနေရပါတယ်။ ဒါပေမယ့် အဲဒီစကားက အလုံးစုံ မမှန်ဘူးလို့ ထင်မိပါတယ်။ ကျနော်တို့ကိုယ်တိုင်က ကိုယ့်ရဲ့အာရုံစူးစိုက်မှုအပေါ် ထိန်းချုပ်နိုင်စွမ်း အားနည်းတာကြောင့်သာ မေ့လျော့တာက များလိမ့်မယ်လို့ ယူဆပါတယ်။
အထူးသဖြင့်ကတော့ လတ်တလော အာရုံစိုက်ရမယ့်အရာကို တခြားအရာတွေနဲ့ အစားထိုးလိုက်လို့ ဖြစ်ပါတယ်။ လူကြီး သူမတွေပြောတတ်ကြတဲ့ “စိတ်နဲ့ကိုယ် မကပ်ဘူး”ဆိုတဲ့ သဘောမျိုးဖြစ်မယ်ထင်ပါရဲ့။
ခရီးတခုကို ကျနော်တို့က ကားမောင်းပြီး သွားကြတယ်ဆိုပါစို့။ လတ်တလော ကျနော်တို့ အာရုံစိုက်ကြရမှာက ကားလမ်းတလျှောက်က အနေအထားတွေ၊ ကိုယ်မောင်းနေတဲ့ကားရဲ့ အခြေအနေတို့ ဖြစ်ပါတယ်။
ဒါပေမယ့် ကျနော်တို့က ကိုယ့်အိမ်က အကြောင်းအရာတွေ၊ အလုပ်ထဲက အဖြစ်အပျက်တွေ၊ အပေါင်းအသင်းများနဲ့ ပတ်သက်တာတွေ စသဖြင့် စဉ်းစားတွေး တောမိတတ်ကြပါတယ်။ ဒီကြားထဲ လမ်းဘေးက ရှုခင်းကောင်းကောင်း၊ မြင်ကွင်းလှလှကလေး တွေ့လိုက်ရင်လည်း ငေးလိုက်ချင်သေး။
ဒီတော့ မဖြစ်သင့်တာတွေကို ဖြစ်ကုန်ကြတာပေါ့။ ဒီလိုအတွေးများနဲ့ ကားမောင်းတဲ့သူတွေကတော့ ရုပ်ရှင်တွေထဲမှာ ဆေးရုံရောက်သွားကြတာ အများကြီးပါပဲ။ အပြင်မှာလည်းရှိနေမှာ အသေအချာပါပဲ။ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းသင့်တာကတော့ “သားရေး သမီးရေး အိမ်ထောင်ရေး … ကိစ္စအဝဝ … တွေးရင်း တောရင်း ငေးရင်းမောရင်း … မမောင်းနဲ့ဗျ” ဆိုတဲ့ ယာဉ်စည်းကမ်းထိန်းသိမ်းရေး သီချင်းလိုပေါ့။
ကျနော်တို့ဘဝမှာ လုပ်ချင်ကိုင်ချင်တာ၊ လုပ်မယ်ကိုင်မယ်လို့ ဆုံးဖြတ်ချက်ချထားတာတွေက အများကြီးပါ။ အဲဒါတွေကို အနည်းနဲ့အများ ကျနော်တို့က လုပ်ဆောင်ခဲ့ကြတာပါပဲ။
ဒါပေမယ့်လည်း ကျနော်တို့ လုပ်ဆောင်ခဲ့ပုံတွေကတော့ ကွဲပြားလျက်ပါ။ တချို့ကို စိတ်ဝင်တစား လုပ်ခဲ့တယ်။ တချို့ကို ဝတ်ကျေတန်းကျေ လုပ်ခဲ့တယ်။ တချို့ကို အာရုံမစိုက်ဘဲ လုပ်ခဲ့တယ်။ တချို့ကိုတော့ ကြုံကြိုက်တုန်း လုပ်လိုက်တယ် … စသဖြင့်ပေါ့။ အဲဒီလို ကွဲပြားတဲ့လုပ်ဆောင်မှုတွေအတိုင်း ရလဒ်တွေကလည်း ကွဲပြားနေတာပါပဲ။
အများသိတဲ့အတိုင်း ဘယ်သူမဆို ဇောက်ချပြီး တစိုက်မတ်မတ် လုပ်ကိုင်တဲ့ အလုပ်တွေမှာ ကျွမ်းကျင်လာကြသလို အာရုံစူးစိုက်မှုရှိမှသာ အမှားအယွင်းနည်းမှာလည်းဖြစ်ပါတယ်။ ဒါတွေကို လူတိုင်းလိုလို သိရှိပြီးဖြစ်ပေမယ့် လူတိုင်းလိုလို အမှုမထားဘဲ နေတတ်ကြတာပါပဲ။ ဒီတော့ မေ့ကြတာပေါ့။
ဘဝဆိုတာ တိုတောင်းတဲ့အချိန်ကာလပေါင်းများစွာနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အဲဒီ တိုတောင်းတဲ့ ကာလတွေအတွင်းက မေ့လျော့မှုများကို ဂရုတစိုက် ထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ ဘဝကိုလည်း ထိန်းသိမ်းပြီးသားဖြစ်မယ်လို့ ကျနော်က တွေးမိပါတယ်။ ဒါပေမယ့်လည်း “ကျနော် မေ့သွားတယ်”လို့ မပြောဖြစ်အောင် ကျနော်ကိုယ်တိုင် ထိန်းရဦးမှာပါ။
ထိန်လင်း
၂၄၊ ၇၊ ၂ဝဝ၃
ရေစီးသံဂျာနယ်
အတွဲ ၇၊ အမှတ် ၅
သြဂုတ်လ ၁ ရက်၊ ၂၀၀၃ ခုနှစ်
No comments:
Post a Comment