၃၈ လမ်းဈေးက
ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ
အခွင့်အရေးဆိုတာ
ပထွေးကပေးမယ့် အမွေလိုပဲ
ဘာကြောင့် စောင့်မျှော်နေမှာလဲကွယ်။
တို့နှစ်ယောက် ဆက်ဆံရေးမှာ
ဘယ်သူမှမသိတဲ့ အခြေခံဥပဒေ ရှိပြီးသားပါ
တို့နှစ်ဦးသား နစ်မျောမှုကို
အပြစ်ပြောချင်သူတွေ ပြောပစေပေါ့။
ငါ စိတ်ကူးယဉ်မိတယ်
ပန်းချီကားတွေနဲ့ပဲ နေချင်တယ် လို့
ရွှေငါးလေးတွေ မွေးချင်တယ် လို့
ရေကန်ထဲက ကြာပွင့်တွေလို
လွတ်လပ် ပွင့်လင်းချင်တယ် လို့။
တကယ်တော့ ကမ္ဘာကြီးဟာ
ငါထင်သလောက် မသာယာပါဘူး
တနေရာရာမှာ
စစ်ပွဲတွေက ရှိမြဲ ရှိနေတာပါပဲ။
ဒါပေမယ့် ကောင်မလေးရေ
ဒုက္ခသည်စခန်းဆိုတာ
လူ့ဘဝရဲ့ ပန်းတိုင်လို့တော့ မထင်လိုက်လေနဲ့။
ငါတို့ ဘယ်တော့ သေကြမယ်ဆိုတာ
ခန့်မှန်းခြေအားဖြင့်တောင် မသိနိုင်ပါဘူး
ဒီတော့ ငါတို့ ဘယ်လို နေနေရတယ်ဆိုတာ
ဘယ်သူမှ မသိကြလည်း
ဝမ်းမနည်းပါနဲ့ကွယ်။
လူ့ဘဝဆိုတာ
ဆံပင်ညှပ်ဆိုင်သွားရမှာ ပျင်းသလို
အားကစားသတင်းတွေ ဖတ်ရမှာ ပျင်းသလို
အဲဒီလိုလည်း မဟုတ်ချေဘူး။
တို့လက်ထဲရောက်လာတဲ့ နေ့တွေကလည်း
တို့ကို သိမ်မွေ့အောင်
ဘယ်လိုမှ မစွမ်းဆောင်နိုင်ခဲ့။
၃၈ လမ်းဈေးက
ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ
တို့တတွေ မရှိတဲ့ဖောင်ကို
ဟန်ဆောင်ပြီး ဖျက်ခဲ့ကြတယ်နော်။
မိန်းမကောင်းက
မိန်းမပျက်ကိုကြည့်တဲ့ အကြည့်မျိုးကိုလည်း
တို့ ခံနိုင်ရည်ရှိခဲ့ပြီပဲ။
ဘယ်လိုမှ
မငြီးငွေ့နိုင်သေးတာကတော့
လူဖြစ်နေရတဲ့ အရသာပါပဲကွယ်။
ဟိုတနေ့က
ရေဒီယိုက ကြားရတယ်
အင်္ဂါဂြိုဟ်ပေါ် လူတယောက်ရောက်ဖို့
အမေရိကန်ဒေါ်လာ ကုဋေ ၅ဝဝဝ လောက်
ကုန်ကျမယ် တဲ့
အဲဒါကိုလည်း လူ ၁ဝဝ မှာ လူ ၄ ယောက်ပဲ
သဘောကျသတဲ့။
ကမ္ဘာပေါ်က
ငတ်မွတ်ခေါင်းပါးနေကြသူတွေခမျာ
ဒုက္ခရောက်နေကြသူတွေခမျာ
အင်္ဂါဂြိုဟ်ကို သတိရပါ့မလား
တခါတခါ ကျတော့လည်း
လောကကြီးကို
ဘာပြောရမှန်းတောင်မသိပါဘူး။
တကယ်ဆို
ခေတ်ကြီးကိုက အ, လွန်းပါတယ်
ခုနှစ်တချို့တလေ အချောင်ရသွားတဲ့ သူတွေကို
မနာလို ဖြစ်မနေပါနဲ့ကွာ။
ဒါပေမယ့်
အမြစ်မရှိတဲ့ သစ်ပင်တွေကိုတော့
မချစ်ခင်နဲ့လေ
အူနေတဲ့ မီးခိုးတွေကိုလည်း
မကိုးကွယ်လေနဲ့
တို့တွေဟာ ခေတ်ရဲ့ ဓားစာခံ ဖြစ်ခဲ့ပြီပဲ။
၃၈ လမ်းဈေးက
ပဲပင်ပေါက်ရောင်းတဲ့ ကောင်မလေးရေ
တို့နှစ်ယောက်ရဲ့ကြားမှာ
ပြဒါးတိုင်တွေ မလိုပါဘူးကွယ်
တကယ်လိုအပ်နေတာက တနိုင်မွေးမြူရေးပါ။
လှသန်း
စာပေဂျာနယ်
၁၉၉၅၊ ဇန်နဝါရီ။
သရုပ်ဖော်ပုံ - အင်တာနက်
No comments:
Post a Comment