ကျွန်းအာဇာနည်များ
၁။ ရဲဘော် သိန်းကြည် (ပထမ အသုတ်)
မုန်တိုင်းက မစဲ၊ မိုးက မပြတ်၊ ရာသီကအေး, အေးလာရင်းက ရဲဘော် သိန်းကြည်တယောက် အအေးမိ သွားခဲ့တယ်။ သူ့အသက်ရှူသံဟာ ပြင်းသည်ထက် ပြင်းလာခဲ့တယ်။ သူ့ရင်အုံဟာ ဖားဖိုကြီးလို ပိန်လိုက် ဖောင်းလိုက်နဲ့၊ လေရှူသံ နှာမှုတ်သံက တခန်းလုံးကို လွှမ်းနေပါတော့တယ်။
မုန်တိုင်း ခဏငြိမ်သွားတဲ့အခိုက်ဆိုရင် တခြားအခန်းတွေကပါ ကြားကြရတယ်။ ကျနော်တို့ ဘယ်လိုလုပ် အိပ်လို့ရပါတော့မတုန်း။ နာကျင်မှုဝေဒနာတွေ ကိုယ်စီနဲ့အမျှပါ။ ဒီလိုဖြစ်နေတာ ၃-၄ ရက်ရှိသွားခဲ့ပြီ။
တိုက်ပွဲဝင်ရက် ၃၇ ရက်အရောက် ထူးထူးခြားခြား နေသာနေပါတယ်။ မရတော့မှန်း သိလာကြတော့တဲ့အခါ … ညနေခင်း တိုက်ပွဲဆောင် ၁ ရဲ့ အနောက်တောင်ထောင့် ငှက်ပျောပင်အောက်က တယောသံလေးတသံ ထွက်လာခဲ့တယ်။ တမြှင်းမြှင်းထွက်လာတဲ့ တေးသွားက အင်တာနေရှင်နယ် သီချင်းသံ …။
တယောပြားလေး မေးအောက်မှာထားပြီး ဝမ်းနည်းကြေကွဲဆို့နစ်စွာ တေးသွားကို ဖော်ကျူးနေသူ ရဲဘော်မြင့်သောင်း (ဒူးချက်ဖ်) ရဲ့မျက်လုံးထဲမှာ မျက်ရည်တွေ ဝိုင်းလို့ …။
ဒီ တေးသွားကို ရုတ်တရက် ဖြတ်တောက်ပစ်လိုက်တာက “သတိ” ဆိုတဲ့အမိန့်ပေးသံ …
တခန်းလုံးရှိ ရဲဘော်တွေ ရောက်ရာအရပ်မှာ သတိဆွဲ ရပ်လိုက်ကြတယ်။ “အင်တာနေရှင် နယ်သီချင်း စ,ဆို” ဆိုတဲ့အသံ ဆက်ပေါ်လာတာနဲ့ အင်တာနေရှင်နယ်သီချင်းသံဟာ တကျွန်းလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။
သီချင်းလည်းဆုံးရော … ဘူးဝ သွား။ အာဏာပိုင်တွေကို ခေါ်။ လက်ညှိုးငေါက်ငေါက်ထိုးပြီး ကြွေးကြော်သံတွေကို တိုင်ကြတယ်။
ရဲဘော် သိန်းကြည်ကို သတ်တာ … … (စစ်အစိုးရ၊ စစ်အစိုးရ)
ဖိနှိပ်ချုပ်ခြယ်မှု … … (အလိုမရှိ၊ အလိုမရှိ)
ကိုယ်ထူကိုယ်ထ … … (ဖျက်သိမ်းပစ်၊ ဖျက်သိမ်းပစ်)
ရဲဘော်တယောက်ကျတိုင်း တနာမည်တိုးပြီး ဒီပုံစံအတိုင်း ကျနော်တို့ ကြွေးကြော်ခဲ့ကြတယ်။
ရဲဘော် သိန်းကြည်ရဲ့ရုပ်အလောင်းကို ကျပ်စီးလိုက်တယ်။ ရဲဘော်တချို့စခန်းသစ်ဘက် ထွက်သွားပြီး၊ သွပ်ပြားတွေ ခွာ၊ အိပ်စင်ပျဉ်တချို့ ဖြုတ်ယူလာခဲ့တယ်။ နောက် စခန်းတွင်း အလယ်အူကြောထဲမှာ အာဇာနည်ဗိမာန်တခု ထူဆောက်လိုက်တယ်။ အထဲမှာ ခါးလောက်မြင့်တဲ့ တိုင်တွေစိုက် တန်းရှည်ကြီး နှစ်တန်း ပစ်ထားပါတယ်။ အလောင်းစင်ပါ။
ခွာလာတဲ့ သွပ်ပြားတွေကို ခေါင်းရိုက်၊ ပြာတွေထည့်၊ ရဲဘော်သိန်းကြည်ရဲ့ရုပ်ကလာပ်တင် ပြာဖုံး၊ သွပ်ပြားအဖုံးနဲ့ ပိတ်လိုက်ကြကာ စင်ပေါ်ထိပ်ဖျားမှာ တင်လိုက်ကြပါတယ်။
ရဲဘော် သိန်းကြည် တိုက်ပွဲကာလအတွင်း ဖြစ်ချင်တဲ့ ဆန္ဒ၊ ပြောခဲ့တဲ့ သြဝါဒ၊ မှာခဲ့တဲ့ စကားတွေထဲက တချို့ကို ပိုစတာရေးပြီး ဗိမာန်ရှေ့မှာ ထောင်ထားပါတယ်။ အထင်ရှားဆုံးကတော့ …
‘ဆံချည်တမျှင်တောင် နောက်မဆုတ်နဲ့ ဆက်တိုက် …’ဆိုတာပဲ၊ ဒါဟာ သူ့ရဲ့ နောက်ဆုံး စကားလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ကိုယ်ရေးရာဇဝင်ကို ချက်ချင်းပြုစုပြီး ကျန်ရဲဘော်တွေကို ဖတ်ပြရတယ်။ သူဟာ အိမ်ထောင်ရှင် တဦးဖြစ်တယ်။ ကိုကိုးကျွန်းပါတီ ဂီတဝိုင်းရဲ့ ဂီတမှူးဖြစ်တယ်။ မာမာအေးကို ပထမဆုံး စင်တင်ပေးတဲ့အထဲမှာ သူလည်းတယောက် အပါအဝင်လို့ သိရတယ်။
အချက်အပြုတ်၊ မုန့်ဖုတ်ကောင်းလို့ ရဲဘော်တွေက သူ့ကို ‘အမေကြည်’လို့ ခေါ်ကြတယ်။ အခမ်းအနားတွေတိုင်း သူ့လက်ရာ မုန့်တွေ တဝတပြဲစားကြရတယ်။ ကျွန်းမှာ သီချင်းတချို့စပ်သွားခဲ့တယ်။ အင်းစိန်ထောင်ထဲ မှာလည်း စပ်ခဲ့တယ်။ သူ စပ်ဆိုသွားတဲ့ တော်လှန်ရေးသီချင်းတွေကို အဆင့်ရှိတဲ့သီချင်းတွေလို့ ဂီတနားလည်သူတွေက ပြောပါတယ်။ ဒါကြောင့်လည်း ရဲဘော်တွေ နှုတ်ဖျားမှာ သူ့သီချင်းတွေ ပျံဝဲနေတာပါ။ စစ်ချီသီချင်းတပုဒ်ဆိုလျှင် အခမ်းအနားတိုင်းမှာ မပါလျှင်မပြီး။
ရဲဘော် သိန်းကြည်ကျဆုံးပြီးနောက်တနေ့မှာ ကျွန်းအာဏာပိုင်တစု လက်ကိုင်အသံချဲ့စက်ကလေးကိုင်ပြီး အလုပ်ရှုပ်နေကြောင်း ကင်းက သတင်းပို့တယ်။ မကြာခင် …။
“ထိန်းသိမ်းအားလုံး ဘူးဝမှာ စုပေးကြပါ။ ပြောစရာရှိတယ်။ ပြောစရာရှိတယ်” … ဆိုတဲ့ အသံ ပေါ်လာပါတယ်။ စပီကာက မကောင်းတော့ အသံထွက်လာပုံက ပြတ်တောင်းပြတ်တောင်း ဖြစ်နေပါတယ်။ အကြိမ်ကြိမ် အော်ခေါ်နေတာပါ။
ပါတီရဲ့ မေတ္တာရပ်ခံချက်အရ ဘယ်သူမှ မသွားကြ။
ဒီတော့မှ ရေတပ်က ဗိုလ်မှူးဟန်တွဲ့ ခေါင်းဆောင်တဲ့ အာဏာပိုင်တစု သက်တော်စောင့်တချို့ခြံရံပြီး ကြောင်စီစီနဲ့ ဝင်လာပါတယ်။ တဆောင်ပြီးတဆောင် ဝင်နှုတ်ဆက်ကြတယ်။ ဘယ်သူကမှ စိတ်ဝင်စားဟန် မပြကြ။
“တိုက်ပွဲ ရပ်ပေးကြပါ။ မကြာမီ ကျွန်းစခန်းဖျက်သိမ်းပေးပါ့မယ်။ ကြားကာလမှာတော့ ကိုယ်ထူကိုယ်ထ ဆက်လုပ်ပေးကြပါ”… လို့ ရင်းရင်းနှီးနှီး ပြောတယ်။
သူတို့ စ,ဝင်တဲ့ အဆောင်တွေက တခြားအဖွဲ့အစည်းတွေရဲ့ အဆောင်တွေပါ။ အထဲမှာရှိတဲ့ ထိန်းသိမ်းတွေက “အခု တိုက်ပွဲဝင်နေတာ ဗမာပြည်ကွန်မြူနစ်ပါတီက ဖြစ်ပါတယ်။ ကျနော်တို့က ထောက်ခံတယ်။ တိုက်ပွဲ ရပ်, မရပ် သူတို့နဲ့ပဲ စကားပြောပါ”… လို့ ပြောလွှတ်လိုက်ပါတယ်။
ပါတီအဆောင်တွေထဲ ရောက်တော့လည်း “ခေါင်းဆောင်တွေရှိပါတယ်။ သူတို့နဲ့ သွားပြောကြပါ” … လို့ ခါ,လွှတ်လိုက်တယ်။ ဘယ်သူမှ သူတို့ကို ဂရုပြုဟန် မပြ၊ လုပ်စရာရှိတဲ့ အလုပ်ပဲလုပ်နေကြတယ်။
ဗိုလ်မှူးဟန်တွဲ့ဟာ သခင် ခင်အောင်နဲ့ ရင်းနှီးပါတယ်။ ဒါကြောင့် ရွှန်းရွှန်းဝေအောင် စကားတွေ ပြောနေတာ မြင်ရတယ်။ အန်ကယ်ကြီး သခင် ခင်အောင်ကတော့ တချက်ပဲ ဝတ်ကျေပြန်ပြုံးပြလိုက်တယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ ခေါင်းဆောင်တွေရှိရာကို ရောက်လာကြတယ်။ သူတို့က သူတို့ ကမ်းလှမ်းချက်ကို ပြောပြကြတယ်။ ခေါင်းဆောင်တွေက လက်မခံ၊ “ပထမဆုံးအနေနဲ့ ကိုယ်ထူကိုယ်ထကို ဖျက်သိမ်းပေးပါ” … လို့ ပြန်တောင်းဆိုပါတယ်။ အပေးအယူ မတည့်ကြ။ တပ်ခေါက် ပြန်ထွက်သွားကြတယ်။
ရဲဘော်သိန်းကြည်ကို ဂုဏ်ပြုတဲ့သီချင်းကို ရဲဘော်တွေ စု,စပ်လိုက်ကြတယ်။ ပြီးတာနဲ့ တိုက်ပွဲဝင် ရဲဘော်များနဲ့ ကျန်ရဲဘော်များကို တီးမှုတ်ဖျော်ဖြေကြတယ်။ ရဲဘော်တချို့ မျက်ရည် မဆည်နိုင်။
တိုက်ပွဲအရှိန်ကတော့ မြင့်သည်ထက်မြင့်လာခဲ့ပြီ။
၂။ ရဲဘော် အုံးမော် (ပထမ အသုတ်)
သူဟာ ရန်သူ့ရေတပ်က မရိန်းတပ်သားတဦး ဖြစ်တယ်။ ရေတပ်သားဖြစ်ပြီး ရေမကူးတတ်လို့ အမြဲတမ်း ကျီစယ်နောက်ပြောင်တာ ခံနေရသူပါ။ ကျွန်းရောက်မှ ရဲဘော်တွေ ဝိုင်းသင်ပေးကြတယ်။ ဇွဲကောင်းကောင်းနဲ့ အဆက်မပြတ် လေ့ကျင့်ပါတော့တယ်။ အိုနာဆစ် သင်္ဘောကြီးကို ပတ်ကူးနိုင်တဲ့နေ့ကတော့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ သြဘာပေးခံခဲ့ရတယ်။
ဆက်သွယ်ရေးတပ်သားတွေဖြစ်ကြတဲ့ သူနဲ့ ကိုအောင်ထီ (ရခိုင်မှာ ပြောင်မြောက်စွာ ကျဆုံးသူ) က ရန်သူ့ကြားဖြတ်သတင်းတွေ ဖမ်းပေးခဲ့လို့ အများကြီး အကျိုးရှိခဲ့ပါတယ်။ ‘ပြည်သူ့အသံ’ကို စလွှင့်တဲ့ ပထမရက်မှာပင် မိအောင်ဖမ်းပေးနိုင်ခဲ့သူတွေပါ။
ရဲဘော် အောင်ထီက ပုပု၊ သူက အရပ် ၆ ပေ နီးပါးနဲ့ ထွားကျိုင်းသန်မာသူတယောက် ဖြစ်တယ်။ ဆန်ပြုတ်ကို ဘာလီချိုင့် တချိုင့် ကုန်အောင်သောက်နိုင်သူဖြစ်လို့ ရဲဘော်တွေက ‘ဆန်ပြုတ်ကြီး’ လို့ ချစ်စနိုးခေါ်ကြပါတယ်။ ဝမ်းတွေလျှောတဲ့အခါကျတော့ ‘ကိုပါကြီး’ လို့ ပြောင်းခေါ်ကြပြန်တယ်။
တပ်ထဲမှာ U-G လုပ်ကြရင်း ၆၇ -ခုနှစ်မှာ သူနဲ့ ကိုအောင်ထီကိုဖမ်းမိတော့ ရန်သူက အတော်တုန်လှုပ်သွားပါတယ်။ ဗကပ ယူဂျီဟာ တို့လက်ရင်းတပ်တွေထဲအထိ ရောက်နေပါလား … ဆိုပြီး အကြီးအကျယ်နှိပ်စက်ပါတယ်။
၆၈ ခုနှစ် ပဲခူးရိုးမထိုးစစ်နဲ့အတူ အကျဉ်းထောင်တွေမှာ ဖိနှိပ်မှု တွေလုပ်တုန်းက ဗကပ ရဲဘော်တွေ အလူးအလိမ့်ခံကြရတယ်။ အထူး ဦးစားပေးရန်သူ နံပါတ် ၁ သတ်မှတ်ပြီး အညှိုးထား ဖိနှိပ်တာပါ။
ရဲဘော် အုံးမော်ဆိုရင် ဝါဒါ နှစ်ယောက်က ခြေထောက်နှစ်ချောင်း တဖက်တချက်စီ ဒရွတ်ဆွဲပြီး အဆောင်ပေါ်က တိုက်ထဲရောက်တဲ့ အထိ ဆဲဆိုခေါ်သွားတာပါ။ တိုက်ထဲရောက်မှ တကိုယ်လုံး အသားတွေထဲဝင်နေတဲ့ ခဲလေးတွေ၊ သစ်တိုသစ်စလေးတွေ ထွင်ထုတ်ပစ်ရတယ်လို့ ပြောဖူးပါတယ်။
ရဲဘော်တွေကို ချစ်လိုက်တာ သံယောဇဉ်ရှိလိုက်တာကလည်း အရမ်း သူ့မှတ်တမ်းထဲမှာ ရဲဘော် သိန်းကြည် အလူးအလိမ့် ခံနေရတာကို မချိမဆန့် ရေးထားတယ်။ တနေရာမှာ … “ငါ အရင်ဆုံးကျမှ ဖြစ်မယ်။ ဒါမှ ကျန်ရဲဘော်တွေကို ကယ်နိုင်မယ်”… လို့ ဖော်ပြထားတယ်။ (ရဲဘော်တယောက် ကျတိုင်း သူတို့ ကိုယ်ရေး ရာဇဝင်နဲ့ မှတ်တမ်းတွေကို ဝါဒဖြန့်ချိရေး တာဝန်ပေးထားတဲ့ ကျနော့်ဆီ အပ်ထားပါတယ်)
ရဲဘော် သိန်းကြည် အသည်းအသန်ဖြစ်နေချိန် အရင်ကျသွားမှာစိုးလို့ ရေမသောက်ဘဲနေတဲ့ အကြောင်းလည်း ရေးထားတယ်။ ဒါကို စောစောက မရိပ်စားမိကြ နေ့စဉ် ပေါင်ချိန်နေရတာမို့ သူ့ ပေါင်ချိန်က ဒလဟော ကျလိုက် လာပါတယ်။ ပြုစုသူရဲဘော်တွေက သတိထားစောင့်ကြည့်ရာက သိသွားပြီး သတင်းပို့ပါတယ်။
ပါတီက ရေကို ပုံမှန်သောက်ရမယ်လို့ အမိန့်ပေးမှ ပြန်သောက်သူပါ။ တိုက်ပွဲဝင်ရက် ၄၆ ရက် စေ့တဲ့နေ့မှာ သူ ကျဆုံးသွားတော့ သူ့မှာ အသားအရေတွေ အများကြီး ကျန်နေပါသေးတယ်။ ခြောက်ကပ် မသွားပါဘူး။
သူ့မှတ်တမ်းထဲက အဆိုအမိန့်တခုကို ရွေးနုတ်ပြီး ပိုစတာရေးမယ့်ရဲဘော်ကို ပေးလိုက်ပါတယ်။
“လယ်သမားဟာ ထယ်ထိုးတဲ့အခါ အငုတ်အမြစ်ပါ မကျန်အောင် ထိုးရသလို ရန်သူကို တိုက်ရာမှာ အငုတ်အမြစ်ပါ မကျန်စေရဘူး”… တဲ့။
၃။ ရဲဘော် ချစ်ဆွေ (မဲကြီး) (ဒုတိယ အသုတ်)
ဝိုင်းဝန်းပြောဆိုကြရာက နောက်ဆုံးတော့ DC နာခံပါမယ်ဖြစ်လာလို့ ဒုတိယအသုတ်က ပါဝင်ခွင့်ရခဲ့တယ်။ ဒီနေရာမှာ ဘာနဲ့အလားသဏ္ဍန်တူသလဲဆိုတော့ တောတွင်းမှာ ထကြွသောင်းကျန်းနေတဲ့ ကျားကြီးတကောင် (တိုက်ပွဲသွင်းပေးလိုက်တာနဲ့ ကျေနပ်သွားပြီး) ပဉ္စလက်နဲ့ ယုန်ကလေးတကောင်အသွင် ချက်ချင်းပြောင်းလိုက်သလို ရဲဘော်တွေက ခံစားကြရတယ်။
သူရဲ့ရယ်သံမောသံတွေ ကြားလာရပြန်တယ်။ အားလုံးကို ညင်ညင်သာသာ ဆက်ဆံပြီး ပြုံးပန်းတွေ ဝေလာခဲ့တယ်။ ဒါပေမယ့် သူအလို မပြည့်တာတခုကတော့ ကျန်နေဆဲ … သူ့ကို ရဲဘော် အောင်မေသုက အခေါ်အပြော မလုပ်တာဖြစ်တယ်။
ရဲဘော် အောင်မေသုဟာ ပြုစုရေးတာဝန်ကျပေမယ့် မဲကြီးရှိရာ တိုက်ပွဲဆောင် ၂ ကိုမသွားဘဲ၊ တိုက်ပွဲဆောင် ၁ မှာပဲ ပေကပ်နေတယ်။ မဲကြီးက သူ့ကို စကားပြောချင်နေတယ်။ ကျန်ရဲဘော်တွေကို အခေါ်လွှတ်ပေမယ့် မလာ။
တနေ့ … မဲကြီးက ကျနော့်ကို စကားစ,ပါတယ်။ “ဆိတ်သိုးနဲ့ စကားပြောချင်တယ်။ ခင်ဗျား ပြောရင်ရပါတယ်ဗျာ။ လွှတ်ပေးပါလား” … တဲ့။ (ရဲဘော် အောင်မေသုရဲ့ရယ်သံက ဆိတ်မြည်သံ ထွက်တယ်။ သူ့ပါးသိုင်းမွှေးတွေရယ်၊ သူ့အိပ်ရာနား ဆိတ်သိုးကြီးတကောင် လာအော်နေတာရယ်ကြောင့် နာမည်ပြောင် ပေးထားခြင်းဖြစ်)
Striker တယောက်ရဲ့ဆန္ဒကို ဖြည့်စွမ်းပေရမှာက ပြင်ပရဲဘော်တွေရဲ့တာဝန်မို့ “ပြောပါ့မယ်ဗျာ” လို့ ကတိပေးလိုက်မိတယ်။ ရမည်၊ မရမည် မသိ။ ခက်မယ်ဆိုတာပဲ သိတယ်။
ကျနော်က ကိုအောင်မေသုကို “ခင်ဗျား အဆောင် ၉ မှာချည်းမနေနဲ့၊ အဆောင် ၈ လည်းသွား … မဲကြီးနဲ့လည်း စကားပြောပါ” … လို့ ခိုင်းလိုက်တယ်။ သိပ်လုပ်ချင်ပုံ မရ၊ ဒါပေမယ့် ထွက်သွားတာတော့ မြင်လိုက်ရတယ်။
နောက်နေ့ မဲကြီးဆီရောက်တော့ ‘လာရဲ့လား’ မေးမိတယ်။
“လာတော့လာတယ်ဗျ၊ ကျနော်ပြောတာပဲ နားထောင်ပြီး အချိန်ကျတာနဲ့ ထပြန်သွားတယ်။ တောင်းပန်လိုက်ရလို့ ကျေနပ်သလိုလိုတော့အရှိသား ဒါပေမယ့် တမျိုးကြီးပဲဗျာ” … တဲ့။ သူ့အသံက ဆွေးဆွေးမြေ့မြေ့ကြီး … ကျနော် အတော်စိတ်မကောင်းဖြစ်သွားမိတယ်။
ရဲဘော် အောင်မေသုကိုလိုက်ရှာပြီး ဆွေးနွေးရပြန်တယ်။ သူက အင်း မလှုပ်၊ အဲ မလှုပ် …
“ဒီမှာ ကိုအောင်မေသု၊ ရဲဘော်တယောက် အချိန်မရွေးကျနိုင်တဲ့အချိန်မှာ ဓနရှင်ပေါက်စ မာနတွေ ထားမနေနဲ့၊ သူ့ကို DC မနာခံလို့ မခေါ်မပြောဘူးလုပ်ခဲ့တယ်။ ထားတော့ … ခု သူနာခံနေပြီ၊ ခင်ဗျားအလှည့်ရောက်လာပြီနော။ ခု ကျနော်ပြောနေတာဟာ ရဲဘော်အားလုံးရဲ့ဆန္ဒ၊ သဘောထား၊ ချုပ်ကိုင်မှု DC ပဲ၊ ပြန်ပြောရမယ်”
သူ ငိုင်ကျသွားပါတယ်။
၈ ဆောင်ကထွက်လာတဲ့ ရဲဘော်တယောက်ထွက်လာလို့မေးကြည့်တော့ ‘ပြန်ပြောနေတာတော့ တွေ့တယ်၊ စိတ်ရောကိုယ်ပါ ပြောနေတာတော့ မဟုတ်ဘူးထင်တယ် ’ တဲ့။
ဒါပေမယ့် မဲကြီးကတော့ ကျေနပ်သွားပါပြီ၊ ကျနော်နဲ့တွေ့တော့ “ခင်ဗျားကို ကျေးဇူးတင်လိုက်တာ …” လို့ ပြောရှာတယ်။
တိုက်ပွဲတိုက်တာလည်း ၄၈ ရက်ရှိခဲ့ပြီ၊ ရန်သူ့ဘက်ကလည်း နောက်ထပ် ထူးခြားတဲ့ ဖော်ပြချက်မရှိ။ မဲကြီးတို့ ဒုတိယအသုတ် ၄၁ ရက်မြောက် ညသန်းခေါင်လောက်မှာ ၈ ဆောင်ဘက်က ပြုစုသူ ရဲဘော်တယောက် ကတိုက်ကရိုက် ပြေးလာတယ်။
“ကိုအေးမြင့်၊ ထဦး … မဲကြီး ဝမ်းတွေသွားနေတယ်။ သူ့မျက်နှာလည်း သိပ်ကျသွားပြီ၊ ချောင်ပြီး ယိုဆင်းကျသွား သလိုပဲ”
ကတိုက်ကရိုက် ထ,လိုက်သွားမိကြတယ်။ မဲကြီးကတော့ မလှုပ်၊ ဝမ်းသွားထားတာက ဆေးရုံသုံး ကြွေဂံဖလားလေးထဲမှာမို့ လှပ်ပြလိုက်တာနဲ့ ငုံ့ကြည့်မိလိုက်ကြတယ်။
“အိုး” … ဆိုးလိုက်တဲ့အနံ့ကြီး၊ အရောင်တွေကလည်း မဲလို့၊ ချက်ချင်းပြန်အပိတ်ခိုင်းလိုက်ရတယ်။
အပြင်ရောက်တော့ ကိုအေးမြင့်က … “မရတော့ဘူး၊ ငယ်ချေးလို့ ခေါ်တာမျိုးပေါ့ …” တဲ့
နောက်တနေ့ နံနက်စောစောမှာပဲ ရဲဘော်ချစ်ဆွေ(မဲကြီး) ကျဆုံးသွားရှာပါတယ်။ သူကျသွားတော့ “မဲကြီးရေ၊ ဖိုးချစ်ရေ၊ မင်းနဲ့ငါဟာ တယောက်နဲ့ တယောက် အချစ်ဆုံးပါကွာ၊ ခုတော့ …”ဆိုပြီး တစ်ဆို့သွားတဲ့ ကိုအောင်မေသုရဲ့ တုန်တုန်ယင်ယင် ငိုညည်းသံကို ကြားလိုက်ကြရတယ်။
ဝါဒါစခန်းဘက်မှာတော့ အင်တာနေရှင်နယ်သံဆုံးသွားတဲ့အချိန် ပြေးဝင်လာတဲ့ ဝါဒါတယောက်က အော်ဟစ်လိုက်တယ်။ “မဲကြီး ကျသွားပြီတဲ့ဟေ့ …” ဆိုပဲ၊ သူတို့ အမြဲလန့်နေရတဲ့ သူတယောက် … ခုတော့ တတောလင်းကြပြီပေါ့။
မဲကြီးရဲ့မှတ်တမ်း ကျနော့်ဆီရောက်လာတယ်။ ဒီအထဲက ရွေးထုတ်ပေးလိုက်မိတာက “ခိုင်မာတဲ့ သန္နိဋ္ဌာန်သာရှိရင်၊ မိုးအောက်မြေပြင်မှာ မလုပ်နိုင်တာ ဘာမှမရှိဘူး” … တဲ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment