Tuesday, February 10, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့ - ၁၃



ရန်သူကလည်း ကျနော်တို့ အပြတ်တိုက်မယ်ဆိုတာ သိပြီးသား၊ ရဲဘော်တွေအနေနဲ့ကလည်း ပစ္စည်းမဲ့ပါတီ တရပ်ရဲ့ခေါင်းဆောင်မှုဆိုတာ ဒီလိုထူထောင်ရပါလားလို့ လေးနက်ပြီးသား … ဒီတိုက်ပွဲဟာ ကိုယ်ထူကိုယ်ထ ကျွန်းဘဝ သက်ဇိုးရှည်/မရှည် ဆုံးဖြတ်မယ့်ပွဲ၊ အရင်းအနှီးမပေးဘဲ မရနိုင်။
၁၉၇၁ ခု ဇွန်လ ၉ ရက်နေ့ ဖြစ်တယ်။

အဆောင် ၉ အဝင်ပေါက်ထိပ်မှာ နဖူးစည်းစာတမ်းကြီးတခု အစွင့်သားရောက်နေပါပြီ။ ပြည်သူ့အသံ၏ ကြွေးကြော်သံ။
“ရန်သူတကာ ကြောက်ဒူးတုန်ပါစေ၊ ပြည်သူအပေါင်း ရွှင်လန်းအားတက်ကြပါစေ” တဲ့။

နံက် ၇ နာရီမှာ ကျနော်တို့တတွေ ဘူးဝကိုသွားကြပါတယ်။ ရဲဘော်တွေအားလုံးရဲ့မျက်နှာတွေကို ကြည့်လိုက်ခြင်းအားဖြင့် ‘အရာရာကို ရင်ဆိုင်မယ်’ဆိုတဲ့ ပိုင်းဖြတ်ချက်တွေ ပေါ်နေပါတယ်။ သွက်သွက်လက်လက် လှမ်းသွားကြတာပါ။

ခေါင်းဆောင်တွေက အစောင့်ဝါဒါတွေထဲမှတယောက်ကို အာဏာပိုင်တွေဆီ လွှတ်လိုက်တယ်။ ‘စကားပြောစရာ ရှိတယ်၊ အမြန် လာတွေ့ပါ’ ရောက်လာတာနဲ့ ပထမ၊ စစ်အစိုးရရဲ့လုပ်ရပ်တွေကို ရှုတ်ချပါတယ်။ နောက် ကိုယ်ထူကိုယ်ထ ဖျက်သိမ်းပေးဖို့၊ ပြည်မ အခွင့်အရေး အပြည့်အဝပေးဖို့ တောင်းဆိုပါတယ်။

ထုံးစံအတိုင်း သူတို့ကလည်း အထက်ကို တင်ပြပေးပါမယ်လို့ တုံ့ပြန်တယ်။ ကျနော်တို့က ဒီတောင်းဆိုချက်တွေ မရမချင်း အစာငတ်ခံ တိုက်ပွဲဝင်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။

ကြွေးကြော်သံတိုင်မယ့်ရဲဘော်က ပုဆိုးကို တင်းတင်းတိုတို ပြင်ဝတ်လိုက်တယ်။

ကိုယ်ထူကိုယ်ထ - (ဖျက်သိမ်းပေး၊ ဖျက်သိမ်းပေး)
ပြည်မအခွင့်အရေး - (ချက်ချင်းပေး၊ ချက်ချင်းပေး) … လို့ အားရပါးရ ကြွေးကြော်ကြပြီး ကိုယ့်အဆောင်ကိုယ် ပြန်ခဲ့ကြတယ်။ တိုက်ပွဲမပြီးမချင်း မနက်တခါ ညနေတခါ ဒီပုံစံအတိုင်းသွားခဲ့ကြတယ်။

ဒီနေ့မှစပြီး ဖိုကြီးနှစ်ဖိုက ထမင်းစား၊ ဆန်ပြုတ်သောက်၊ လက်ဖက်ရည်သောက် သံချောင်း ခေါက်သံတွေ တိတ်ဆိတ်သွားခဲ့ပေပြီ။
လှုပ်ရှားမှုတိုင်း ငြင်ငြင်သာသာ၊ သတိနှင့် ဖြစ်လာကြတယ်။ လှုပ်ရှားမှုတိုင်း ဦးတည်ချက်တခု အတွက် အဓိပ္ပာယ်ရှိရှိ လှုပ်ရှားနေကြတယ်။ တိုက်ပွဲဆောင် ၁ ရှိ Striker တွေကို ဆန္ဒအရ ဟုတ် မဟုတ် မေး၊ ဆေးစစ် ပေါင်ချိန် လုပ်နေကြပေပြီ။

ပထမအသုတ်

(၁) ရဲဘော် စိန်ဝင်း
(၂) ရဲဘော် သိန်းကြည်
(၃) ရဲဘော် အုံးမော်
(၄) ရဲဘော် မောင်မောင်စိုး
(၅) ရဲဘော် ဗဖူးညွန့်
(၆) ရဲဘော် လှချို
(၇) ရဲဘော် အောင်ဝင်း
(၈) ရဲဘော် သန်းမောင်
(၉) ရဲဘော် ညွန့်စိန်
(၁ဝ ) ရဲဘော် သောင်းစိန် တို့ တယောက်ပြီး တယောက် …။

ပထမ အသုတ်တွင် ရဲဘော် ချစ်ဆွေ မပါလိုက်ရပါ။ သူ့အတွက် ကျနော်တို့ စိတ်မကောင် ကြ၊ သူလည်း မှိုင်ကျသွားတယ်။ သို့တိုင် သူကျရာ တာဝန်ကို မလစ်ဟင်းရအောင် ဂရုစိုက်လုပ်ဆောင်နေပါတယ်။ ရဲဘော်တွေက ဝိုင်းဆွေးနွေး အဖိုးကြီးတွေက ခေါ်ရှင်းပြလုပ်ရာက နောက်ဆုံးမှာ သူ DC နာခံပါမယ် ဖြစ်လာပါတယ်။ ဒုတိယ အသုတ်မှာ အရွေးခံလိုက်ရပါပြီ။

တိုက်ပွဲအနေအထား

တိုက်ပွဲအလားအလာတွေနဲ့ပတ်သက်ပြီး မတိုက်ခင်ကတည်းက အစုအသီးသီးက မိမိတို့အမြင်တွေ တင်ပြထားကြပြီးလည်း ဖြစ်တယ်။ ကျနော်က အလံနီ ၄၆ ရက် တိုက်ပွဲအပေါ် နိဂုံးချုပ်ပြီး အခုတောင်းဆိုချက်က ပိုမြင့်တယ်။ အလံနီ ၂ ယောက် ကျခဲ့တယ်။ ကျနော်တို့က အနည်းဆုံး ၃ ယောက် အများဆုံး ၅ ယောက် ကျနိုင်တယ် … လို့ တွက်ပြခဲ့တယ်။ အဖိုးကြီးတွေနဲ့တွေ့တုန်းကလည်း တင်ပြပြီးဖြစ်တယ်။ သူတို့ကတော့ ဘာမှ မပြော …။

ရန်သူကလည်း ကျနော်တို့ အပြတ်တိုက်မယ်ဆိုတာ သိပြီးသား၊ ရဲဘော်တွေအနေနဲ့ကလည်း ပစ္စည်းမဲ့ပါတီ တရပ်ရဲ့ခေါင်းဆောင်မှုဆိုတာ ဒီလိုထူထောင်ရပါလားလို့ လေးနက်ပြီးသား … ဒီတိုက်ပွဲဟာ ကိုယ်ထူကိုယ်ထ ကျွန်းဘဝ သက်ဇိုးရှည်/မရှည် ဆုံးဖြတ်မယ့်ပွဲ၊ အရင်းအနှီးမပေးဘဲ မရနိုင်။

ဒါကြောင့်လည်း ရန်ကုန်က ထောက်လှမ်းရေးညွှန်ကြားရေးမှူး လန်ဘား တင်ဦး (မျက်မှန် တင်ဦးလို့လည်း ခေါ်ကြ) ကိုယ်တိုင် ရေတပ်စခန်းမှာလာထိုင်ပြီး ကွပ်ကဲပါတော့တယ်။ ဒါကို စက်ထဲကတဆင့် ပါတီကော်မတီက သိနေတယ်။ ထိပ်တန်းလျှို့ဝှက်ကိစ္စမို့ ကျနော်တို့ မသိရ၊ နောင်မှသိရတဲ့ ကိစ္စပါ။

ဒီအခြေအနေကြားမှာ ဒုတိယအသုတ်နဲ့ တတိယအသုတ် ရဲဘော်တွေ ‘တိုက်ပွဲဆောင် ၂’ (အခန်း ၈) ထဲ လှမ်းဝင်နေကြပါပြီ။

ကျနော့်ကိုပေးထားတဲ့တာဝန်က ဝါဒဖြန့်ချိရေး၊ နိုင်ငံရေးလုပ်ငန်းဖြစ်တယ်။ ရဲဘော်တွေက ပြည်သူ့အသံ၊ ပီကင်းရေဒီယိုကလာတဲ့ ဆောင်းပါးတွေ ချက်ချင်းဖမ်း ချက်ချင်းကူးပေးကြတာတွေကို ကျနော်က ၈ ဆောင်နဲ့ ၉ ဆောင်မှာ တလှည့်စီ ဖတ်ပြရပါတယ်။ တနေ့တချိန် သတ်မှတ်ထားပါတယ်။

ညနေခင်းတွေမှာတော့ အနုပညာအဖွဲ့က တော်လှန်ရေး တေးသီချင်းတွေ တပုဒ်ပြီးတပုဒ် သီဆိုတီး မှုတ်ဖျော်ဖြေတာရှိတယ်။

တတိယအသုတ် တိုက်ပွဲဝင်အပြီး စုစုပေါင်း ၂၁ ရက်ကျော် ၂၂ ရက်နေ့မှာ အလံနီမှ ရဲနီတဦး (ရဲနီ အောင်စိုး)၊ နောက်ရက်မှာ မလညပ ဗဟိုကော်မတီ ဦးစိုးသိမ်း၊ နောက်ရက်ကျတော့ တော်လှန်တဲ့ပြည်သူ့အဖွဲ့မှ ကိုသိန်းလွင် တို့ ရှေ့စဉ်နောက်ဆက် ဝင်လာပါတယ်။
စုစုပေါင်း ၃၃ ဦး ရှိ သွားပါပြီ။ ပါတီအသီးသီးမှ ပြုစုစောင့်ရှောက်သူ တဦးစီ စ,ထည့်ပေးပါတယ်။

တိုက်ပွဲဝင်ရဲဘော်တွေကတော့ …

- အများစုက ပြုစုသူရဲဘော်တွေ၊ အချိန်အားလို့ လာစကားပြောသူတွေနဲ့ စကားစမည် ပြော၊ ဆွေးနွေးစရာရှိ ဆွေးနွေးနေကြတယ်။

- တချို့က နေ့စဉ်မှတ်တမ်းတွေ ရေးကြတယ်။ သီချင်းရေးသူလည်း ရှိတယ်။
သူတို့ရဲ့ ပြောစကားနဲ့ မှတ်တမ်းတွေထဲမှာ

- ပါတီအပေါ် ယုံကြည်မှု
- ပြည်သူအပေါ် ယုံကြည်မှု၊ အလုပ်အကျွေးပြုလိုမှု
- တော်လှန်ရေးအပေါ် ယုံကြည်မှု၊ သစ္စာရှိမှု
- ပြည်သူကို ချစ်ခင်မှု၊ ရဲဘော်တွေအပေါ် တွယ်တာချစ်ခင်မှု
- ရန်သူအပေါ် တူးတူးခါးခါး မုန်းတီးမှု … တွေအပြင် တော်လှန်တဲ့ သူရဲကောင်းဝါဒ အမြင်တွေ စိုက်ထူထားကြတာတွေ့ရတယ်။

တချို့က မိမိ ပထမဆုံး ကျလိုကြောင်း ဖော်ပြကြတယ်။ စာနဲ့မရေးဘဲ ပြောစကားနဲ့လုပ်ဟန်တွေအရ ဒီ စိတ်ဓာတ်ကိုဖော်ပြသွားတဲ့ အချင်းအရာတွေကတော့ များမှများပါ။

မိုးကလည်း ဖြိုင်ဖြိုင်ကျလာပါပြီ၊ နောက်ပိုင်းရက်တွေကျတော့ မုန်တိုင်းပါ,ပါလာခဲ့တယ်။ ပြုစုသူ ရဲဘော်တွေ၊ ကင်းသမားတွေနဲ့ ဖိုတာဝန်ကျ ရဲဘော်တွေ မိုးထဲမုန်တိုင်းထဲမှာ စိုစိုရွှဲရွှဲနဲ့ အပြေးအလွှား ဖြစ်နေကြတယ်။ နေပူရက် မရှိသလောက်ပဲ၊ ရက် ၄ဝ တိုက်ပွဲတုန်းကတော့ မိုးရွာလိုက်သည် မရှိ၊ ပူပြင်းခြောက်သွေ့လှချည့်။

ခုတော့ ဘူးဝ သွား၊ လည်ချောင်းကွဲအောင် အော်၊ မိုးထဲရေထဲ အဝတ်အစားက ခြောက်လိုက်သည် မရှိ၊ အေးလွန်းရင် ဖိုကြီးဘက်သွား … မီးလှုံရုံပဲ ရှိတယ်။ ဘယ်သူမှ မညည်းညူ၊ ကိုယ့်တာဝန် လစ်ဟင်းသွားမှာပဲ စိုးရိမ်နေကြတယ်။ အာရုံတခုတည်းအပေါ်မှာပဲ စူးစိုက်နေကြတာကလား။

မိုးကစဲသည် မရှိတော့၊ စွတ်စိုထိုင်းမှိုင်းမှုကြီးက အိပ်ရာတွေထဲအထိ လိုက်နေပါပကော၊ တိုက်ပွဲဝင်ရဲဘော်တွေ အအေးမမိအောင် ပြတင်းတံခါးတွေ အလုံပိတ်ထားရတယ်။ အဝင်အထွက်တံခါး ၄ ပေါက်ကျတော့ ဂုန်နီအိတ်ခွံတွေစပ်ချုပ်ပြီး ခန်းဆီးအကာတွေ လုပ်ပေးထားရတယ်။ ဒါမှ လူအဝင်အထွက် ကပ်လိုက်လာတဲ့ မိုးစက်မိုးမှုန်တွေကို တားထားနိုင်မှာ …။ ဒါလည်း အနည်းအကျဉ်းတော့ ဝင်တာပါပဲ။

လျှပ်စစ်မီးကလည်း ‘စက်ပျက်သည်’ အကြောင်းပြပြီး မလင်းတာကြာပြီ။ လက်ဆွဲမီးအိမ်ကလေးတွေ ပေးထားတယ်။ နေ့ခင်းမှာမှောင်နေတတ်ပြီး အလုံပိတ်အခန်းထဲမှာ လဲလျောင်းနေရတဲ့ရက်တွေ များလာတယ်။ ခရစ်ယာန်ကျမ်းလာ နောဧရဲ့ လှေကြီးဝမ်းပိုင်းနဲ့ တူနေသလား။ ကျနော် စဉ်းစားမိ။

ပထမဆုံးပြဿနာ

တလကျော်လာပြီး မိုးတွေလေတွေ ကျနေဆဲမှာ ခရမ်းမှ ဗကသ ခေါင်းဆောင် ကိုစိန်ဝင်း (နဝတ လက်ထက် အင်းစိန်ထောင်တွင်းမှာ ကျဆုံး) ကျနော်ဖြစ်ခဲ့သလို ရေသောက်မဝင် ဖြစ်လာတယ်။ ရေတစက်ဝင်တာနဲ့ ဗိုက်ထဲက အဝါရည်၊ အစိမ်းရည်တွေ အန်,အန် ထွက်နေတယ်။ တရက်၊ နှစ်ရက် … ကြာတော့ မောလာပြီ။

ဆေးမှူး ကိုအေးမြင့် (ကျီးသဲ)က အိပ်စဉ်ပေါ် လူနာဘေးထိုင်နေတယ်။ ကျနော်က ခြေရင်း တမံတလင်းပေါ် ရပ်လျက်သား …။

ကျီးက ကျနော့်ကို လက်ညှိုးထိုးပြပြီး “AN တုန်းကလို ရေငုံ,ငုံ ထွေးနေလို့ အကျိုးမရှိဘူး၊ တိုက်ပွဲရက်က ရှည်မှာ၊ ဝင်အောင်တိုက်။ အန်ချင်အန်ပစေ”ဆိုပြီး ပြုစုသူ ရဲဘော်ကို ခိုင်းပါတယ်။ ဒီလိုနဲ့ သောက်လိုက် အန်လိုက်နဲ့ နေ့ဝက်လောက် ကြိုးစားလိုက်တာ ညကျတော့ ပုံမှန်ဖြစ်သွားပြီ၊ ရဲဘော်တွေက ဆေးမှူးကျီးကို ကျေးဇူးတင်ကြတယ်။

ရဲဘော် ကိုစိန်ဝင်းလည်း တိုက်ပွဲကိုပြီးသည်အထိ ဆက်လက်ဆင်နွှဲသွားနိုင်ခဲ့တယ်။ သူက ပထမအသုတ် ရဲဘော်ဖြစ်တယ်။ အရပ် ၅ ပေ၊ ၁၁ လက္မလောက်။ ခန္ဓွာကိုယ်ခပ်ပြည့်ပြည့်၊ အသား လတ်လတ်၊ ဗကသ ခေါင်းဆောင်။ ကျွန်းပါတီကော်မတီထဲမှာ ပါခဲ့သူ။ ကျနော်တို့ ချစ်ကြည်လေးစားတဲ့ အကိုကြီး။

၅၈ ခုနှစ် နိုက်ဂျီးရီးယား ကျောင်းသားခေါင်းဆောင် အန်ဂျလာ ဗမာပြည်ရောက်ခဲ့စဉ် ဗကသ၊ တကသ၊ ရကသ သမဂ္ဂကြီး ၃ ခုနဲ့ပေါင်းပြီး အမေရိကန်သံရုံးရှေ့ ဆန္ဒပြပွဲတခုလုပ်ခဲ့တယ်။ အာဏာပိုင်တွေက ရိုက်ပြီး လူစုခွဲစေရာမှာ ကျောင်းသားတချို့ဒဏ်ရာရခဲ့တယ်။ ကိုစိန်ဝင်း ခါးရိုးကျိုးခဲ့တယ်။ ဒါကြောင့် ဗြက် ၆ လက်မ လောက်ရှိတဲ့ ခါးပတ်ပြားကြီး ပတ်ထားရတဲ့သူဖြစ်တယ်။

ဆက်လက်ဖော်ပြပါမယ်။

No comments: