Sunday, February 8, 2009

မည်သို့ပင်ဖြစ်စေ ချစ်နေသေးသည်


ဘယ်သူတွေပြောလဲ။

တတောလုံးကြွေ …။


တဟုန်းဟုန်းနဲ့ တောဆုံးတောင်ဖျား

မီးတောက်ကြားမှာ ဖျားနာခဲ့ပြီ တို့နှင်းဆီ။


အပူစီးကြောင်း ချောင်းရေဆူပွက်

ညဥ့်နက်နက်ထဲ တစက်နှစ်စက်

သွေးစက်စက်လေ

အိပ်မက်မီးသင့်ခဲ့သလော။


ငါ လာခဲ့ပြီ ဤနေရာသို့

ငါငိုကြွေးရန်

အညံ့ခံဖို့ လာခြင်းမဟုတ်။


မနက်လင်းရင်

တောနင်းရှာဖွေ၊ တနေရာ၌

ငါပွေ့ပိုက်မည်

တိုက်ပွဲထဲက နှင်းဆီလေ။


ငါယုံကြည်သည်

နှင်းဆီတပင် မီးလောင်ပြင်မှ

ရှင်ပြန်ထမြောက် ငှက်တေးကောက်ချိန်

တောက်ပဝေဖူး၊ တို့ခေတ်ဦးကို

ကူးယူနီမြန်း

လွမ်းပေလိမ့်။


တို့လွမ်းသဖြင့်

အပွင့်ကြွေစေ၊ မသေအမြစ်

ချစ်နေသေးသည်

မည်သို့ပင်ဖြစ်စေ။


ကဲ …

ဘယ်သူပြောလဲ။

တတောလုံးကြွေ။


အောင်ဝေး

မြန်မာနိုင်ငံကဗျာဆရာများအသင်းမှ ထုတ်ဝေသည့်

‘အဖြူအစိမ်း တိုက်ပွဲဝင် ကဗျာများ’ မှ


No comments: