Sunday, February 1, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၁၂



ရှောင်တခင် ကိစ္စ

တနေ့ … ပြုနေကျ ရှာဖွေရေးနဲ့ ထောက်လှမ်းရေးလုပ်ဖို့ ရဲဘော် အုံးမော်နဲ့ ရဲဘော် မောင်မောင်စိုးတို့ ဓားတချောင်းစီနဲ့ တောတိုးကြပါတယ်။ နေဗီလှည့်ကင်းနဲ့တွေ့ပြီး နှစ်ယောက်လုံး အဖမ်းခံရပါတယ်။ ပထမတော့ သေနတ်နဲ့ချိန်ပြီး ဝိုင်းထားပါတယ်။

ဒီအထဲမှာ ရဲဘော်အုံးမော် တပ်ထဲရှိစဉ်က အတူနေခဲ့ကြတဲ့ ရေတပ်သားတွေပါနေတာ တွေ့ရတယ်။ သူတို့က စခန်းကို လိုက်ခဲ့ဖို့ ပြောတယ်။ ရဲဘော်အုံးမော်က အေးအေးသက်သာခေါ်ရင် လိုက်မယ်။ ရိုက်တာနှက်တာလုပ်ရင် အကြောင်းသိမယ်လို့ ကြိမ်းတယ်။ အကြောင်းသိပြီးသားမို့ အနားမကပ်ရဲကြ၊ ဒီအတိုင်းပဲ ခေါ်သွားရပြီး စခန်းရောက်မှ ဓားတွေသိမ်း၊ ကြိုးနဲ့တုပ် လုပ်ဝံ့ကြတယ်။

မလှမ်းမကမ်း သစ်ပင်တပင်စီမှာ ကြိုးနဲ့ချည်ထားပြီး ဒီအတိုင်းပစ်ထားခြင်းခံရတယ်။ ခြင်ကကိုက် ဖြုတ်ကကိုက်နဲ့ တညလုံး အိပ်မရကြ၊ တယောက်နဲ့တယောက် အားပေးတဲ့အနေနဲ့ ပြည်သူ့အသံက တော်လှန်ရေးသီချင်းတွေကို လေချွန်ပြကြ စကားပြောကြလုပ်ရင်း မိုးလင်းသွားခဲ့တယ်။

နောက်တနေ့ရောက်တာနဲ့ စခန်းပါတီကော်မတီက အာဏာပိုင်တွေထံ ရာဇသံပေးလိုက်တယ်။

“မဝရေစာကျွေးလို့ ကိုယ့်ဘာသာ ရှာဖွေစားသောက်ဖို့ တောတိုးတာကို ဖမ်းတာဆီးတာ လုပ်တယ်။ ဒါကို ရှုတ်ချတယ်။ ချက်ချင်း ပြန်လွှတ်ပေးပါ၊ မလွှတ်ရင် တိုက်ပွဲဆင်ရလိမ့်မယ်”

ဒီအကြောင်းကြားချက်ပို့ပြီးတာနဲ့ ရဲဘော်တွေကြား လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြပါတော့တယ်။ တယောက်စီ၊ ခေါင်းဆောင်များဖြစ်ကြတဲ့ ဗိုလ်အုန်းမောင်နဲ့ ဆရာရာဂျန်တို့ရှိရာ အဆောင် ၄ ကိုသွားပြီး တိုက်ပွဲစာရင်း တင်ကြတယ်။ ကျနော်လည်း သွားစောင့်နေလိုက်မိတယ်။

၎ ဆောင်နေ ကိုလေးမောင်ဟာ ကျနော်နဲ့ တမြို့တည်းသား … မန္တလေးမှာ ကျောင်းသွားတက်ကြရင်း တအိမ်ထဲနေ၊ အတူချက်ပြုတ်စား၊ ကျောင်းသားအရေးအခင်းတွေ အတူလုပ်ကြရင်းက ရှေ့ဆင့်နောက်ဆက် အဖမ်းခံခဲ့ကြရတယ်။

သူက ကျနော်ကို ဆီးပြီး တားပါတယ်။

“အဖိုးကြီးတွေ ဦးနှောက်အေးအေးနဲ့ စဉ်းစားပြီး ရွေးပါစေ၊ မောင်ရင်က ရက် ၄ဝ တိုက်ပွဲဝင်ထားလို့ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်သေးဘူး၊ ဒုက္ခမပေးပါနဲ့” … တဲ့။

ကျနော်က “ရွေးတာ မရွေးတာ သူတို့တာဝန်၊ တောင်းဆိုရမှာက ကျနော့်တာဝန်၊ မဖြစ်ဘူး၊ တွေ့လိုက်ဦးမယ်” လို့ တုံ့ပြန်လိုက်တယ်။
မလှမ်းမကမ်းမှာလည်း ကိုအောင်ဘော်တယောက် ပြုံးဖြဲဖြဲနဲ့ အောင်ဘာလေ ကံစမ်းမဲနှိုက်ဖို့ … ဆိုပဲ။

ကျနော့်အလှည့်ရောက်လို့ စတိုခန်းထဲဝင်လိုက်တယ်၊ ပင်ပန်းနေပုံရပေမယ့် အပြုံးနဲ့ဆီးကြိုကြတယ်။

“တိုက်ပွဲဝင်ဖို့ပဲ မဟုတ်လား”… တဲ့။

ကျနော်က “ပြည်မ ပြန်ခွင့်ရပေမယ့် မပြန်တာ ၊ နောက်တိုက်ပွဲတွေ တိုက်ချင်သေးလို့ လို့ ပြောဖူးပါတယ်။ အခု အခွင့်ကြုံနေလို့ တောင်းဆိုတာပါ” လို့ ပြောပါတယ်။

သူတို့က “ခင်ဗျားအနေနဲ့ ရက် ၄ဝ မှာ တာဝန်ကျေခဲ့ပြီ၊ တခြားရဲဘော်တွေ အလှည့်ပေးဦးမှပေါ့၊ အပြင်မှာ လုပ်စရာတွေ အများကြီး … သီးခြားတာဝန်ပေးပါမယ်”… လို့ လမ်းကြောင်းလွှဲပစ်လိုက်ကြပါတယ်။

ကျနော်က “ဒါဖြင့်ရင် ရဲဘော်ချစ်ဆွေကိုရွေးဖို့ သဘောထားရှိသလား။ သူ ဘာဖြစ်နေတယ်ဆိုတာကိုလည်း သိမယ်ထင်ပါတယ်” လို့ ဆက်ပြောပါတယ်။

“သိပါတယ်။ ဒီလောက်ကောင်းခဲ့တဲ့ ရဲဘော်၊ ဒီလောက်ရန်သူအပေါ် ပြတ်သားတဲ့ ရဲဘော်ကို ကျနော်တို့လည်း ရွေးချင်တာပေါ့၊ ဒါပေမယ့် DC (ဒီမိုကရေစီဗဟိုချုပ်ကိုင်မှု) မနာခံနိုင်ဘူးဖြစ်နေတယ်။ တောင်းဆိုချက် အပြီးအပိုင်ရမှ သပိတ်လှန်ရမယ် … တဲ့၊

ဒါဟာ ပါတီကို အကျပ်ကိုင်တာပဲ၊ ထောင်တွင်းတိုက်ပွဲမှာ ဒီလိုတိုက်လို့ မဖြစ်ဘူး။ မလျှော့နိုင်တာနဲ့ လျှော့နိုင်တာ၊ တိုက်ပွဲဝင် ရဲဘော်တွေရဲ့လိုက်ပါနိုင်မှုအခြေအနေ၊ အားလုံးကြည့်ရမယ်၊ နောက်ပြီး DC မနာခံတဲ့သူကို တိုက်ပွဲထဲသွင်းဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး” ခေါင်းဆောင်များဘက်မှလည်း မူပေါ်မှာ ပြတ်သားလှချည့် … ။

“ဒါဆို ချုပ်ကိုင်မှု နာခံပါမယ်ဆိုရင် ထည့်မှာလား”

“ဝမ်းမြောက်ဝမ်းသာ ထည့်ပါမယ်။ ခင်ဗျားတို့လည်း ဝိုင်းပြောကြည့်ပါ”

ကျနော် ထွက်လာတဲ့နောက်မှာလည်း ရဲဘော်တွေ တယောက်ပြီးတယောက် တောင်းဆိုကြပါတယ်။ အရွေးခံရတာလည်း ရှိ၊ အများစုက အပယ်ခံနေရတယ်။ (ကိုအောင်ဘော်က ‘အပယ်ရတနာတွေ’ လို့ နာမည်ပေးပါတယ်) ကြာတော့၊ ကိုလေးမောင်တယောက် မနေနိုင် မထိုင်နိုင် ဖြစ်လာပါတယ်။

“ဒီလိုနဲ့ လူပြည့်သွားတော့မယ်။ ငါ့ မရွေးရင်ဒုက္ခ”ဆိုပြီး သူပါ, ဝင်တောင်းဆိုပါတော့တယ်။ သူ့အနေနဲ့ ရက် ၄ဝ တုန်းကလည်း တတိယ အသုတ်ကပါခဲ့ပြီ၊ သူ့မှာ နာတာရှည် ထိပ်ကပ်နာကလည်းရှိနေတော့ ရွေးမယ်မထင်။

ဒါပေမယ့် သူကိုတော့ ‘သင့်တော်တဲ့အသုတ်မှာ ထည့်ပေးပါမယ်’လို့ ရွေးလိုက်ကြောင်း သိရတယ်။

ဒီအချိန်မှာ ရန်သူက ကျနော်တို့ တကယ်တိုက်တော့မှာပဲဆိုတာ ရိပ်စားမိသွားတာနဲ့ ဖမ်းထားတဲ့ ရဲဘော် ၂ ယောက်ကို ပြန်လွှတ်ပေးပါတယ်။ ဒါတောင်မှ မျက်စိပိတ်၊ ကြိုးနဲ့ချည်၊ ဆူးခြုံတွေထဲ ဆွဲခေါ်၊ ချောက်ထဲ ကျင်းထဲချ၊ သစ်ပင်နဲ့ အတိုက်ခိုင်း … စသည် လုပ်ကြတယ်။

ကြာတော့ ထိုင်သပိတ်မှောက်ပြီး ဆန္ဒပြကြတယ်။ “ဒီအတိုင်း ဆွဲခေါ်နေရင် မလိုက်ဘူး၊ သတ်ချင်သတ်၊ မထဘူး” ဆိုမှ ကောင်းကောင်းမွန်မွန် ခေါ်လာတာပါ။ စခန်းနဲ့နီးမှ မျက်စိပိတ်ထားတဲ့ အဝတ်ကို ဖြေ၊ တုပ်ထားတဲ့ ကြိုးတွေကိုဖြေပေးပြီး လွှတ်လိုက်ပါတယ်။

စခန်းထဲ သူတို့ဝင်လာတော့ မျက်နှာတွေ ညိုမဲဖူးယောင်နေတယ်။ ရဲဘော်တွေက တိုက်ပွဲစတော့မယ်လို့ ဆီးပြောတာနဲ့ ၄ ဆောင်ထဲ တန်းဝင်သွားပြီး အစီရင်ခံတယ်။ နောက်တိုက်ပွဲထဲ သွင်းပေးဖို့ တောင်းဆိုကြတယ်။ သူတို့လည်း ရက် ၄ဝ တိုက်ပွဲမှာ ပါဝင်ခဲ့ကြပြီး ဖြစ်တယ်။ ရဲဘော် အုံးမော် ဒုတိယအသုတ်၊ ရဲဘော် မောင်မောင်စိုး တတိယအသုတ်။ ဒါပေမယ့် နှစ်ယောက်စလုံးကို ပထမအသုတ်အတွက် ရွေးချယ်ခဲ့ပါတယ်။

ကျနော်တို့က မဲကြီးကို ဝိုင်းပြောကြတယ်။ သူက “ကျနော် DC ကို မနာခံဘူး မပြောဘူး၊ ဒါပေမယ့် တိုက်ပွဲဝင် တောင်းဆိုချက် DC ကိုပြောတာ” … လို့ တင်းခံနေပြန်တယ်။ ရဲဘော်တွေက ချစ်လည်းချစ်၊ ယုံလည်း ယုံကြည်၊ အားလည်းကိုးတဲ့ ရဲဘော် ဘယ်လို ဖြစ်နေတာလဲ။

“ခင်ဗျားဘက်က အဲဒီလိုတင်းနေရင် တိုက်ပွဲဝင်ခွင့် ဘယ်လိုလုပ်ရတော့မလဲ”လို့ ဆိုတော့ …

“ဘာလို့မရရမှာလဲ၊ ကိုယ့်အိပ်ရာလိပ်ကိုယ်ထမ်းပြီး တိုက်ပွဲဆောင်ထဲ ဝင်အိပ်နေမှာပေါ့” … တဲ့။

ကျနော်တို့ အားလုံး မျက်လုံးပြူးကုန်ကြပါတော့တယ်။ တချို့က ဒေါသထွက်ကြတယ်၊ သူနဲ့ အရင်းနှီးဆုံး၊ သူ စံအပြုဆုံး၊ သူ အချစ်ဆုံး … ကုလားရဲဘော် အောင်မေသုက …

“သူ့ဘာသာ ဝင်တိုက်တော့ ဘာအရေးလဲ။ တခုပြောထားမယ်၊ အဲဒီလို ဝင်တိုက်လို့ သေသွားရင် DC ကို ချိုးဖောက်တဲ့သူမို့ အလေးမပြုဘူး၊ ဒါပဲ” … ဖြစ်လာပါရော …
တိုက်ပွဲစပြီ

လွှတ်ပေးသည်ဖြစ်စေ၊ လွှတ်မပေးသည်ဖြစ်စေ၊ တိုက်ဖို့ကတော့ ဆုံးဖြတ်ပြီးသား။

လွှတ်ပေးတာကြည့်ခြင်းအားဖြင့် တကယ်တိုက်မှာကို ရန်သူက လိုလားပုံမရ၊ ရန်သူ ကြောက်နေပြီလို့ မှန်းဆကြည့်မိကြတယ်။
အဖွဲ့အစည်းအသီးသီးကို ညကတည်းက ကြိုအကြောင်းကြားတယ်။ မနက်ဖန် တိုက်ပွဲစမှာမို့ စခန်းအပြင် မထွက်ကြဖို့ မေတ္တာရပ်ခံပါတယ်။ အားလုံးကလည်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပြီးကြပြီမို့ ပြဿနာ မရှိလှ။

တိုက်ပွဲဝင်မယ့်သူ ၃ဝ ဦး သတ်မှတ်ထားပါတယ်။ ၁ဝ ယောက်စီ၊ ၃ သုတ်ခွဲပါတယ်။ တိုက်ပွဲ အကြိုနေ့ညနေမှာ တာဝန်တွေခွဲလိုက်ကြပြီ၊ တာဝန်ခွဲဝေတဲ့စာရင်း ကျနော်ကိုင်ရတယ်။ ကျနော့်ဆီ တယောက်ပြီးတယောက် လာမေးနေကြတယ်။ အားလုံး လှုပ်လှုပ်ရှားရှားဖြစ်နေကြတယ်။ လန်းဆန်း တက်ကြွနေကြတယ်။

အပြန်အလှန်စကြ နောက်ပြောင်ကြတာတွေလည်း ရှိရဲ့၊ ဒီအထဲမှာ အဆိုးဆုံးက ကျနော် အပြင်ထွက်နေရာမှ ဦးမြသန်း(တင့်) ရောက်လာပြီး “ကျနော့်တာဝန်လည်း ပြောဦးလေ” … တဲ့။

“ဦးမြသန်းနဲ့ အီးဖန်(တရုတ်ရဲဘော် ဝင်းနိုင်) က ကင်း တာဝန်ကျတယ်”

သူကလည်း ခေသူမဟုတ်၊ ချက်ချင်းသဘောပေါက်သွားပြီး …

“ကျနော်တို့ နှစ်ယောက်သာ ကင်းစောင့်ကြရင် အိုနာစစ်သင်္ဘောကြီး ကုန်းပေါ်တက်လာတာတောင် မမြင်မိလိုက်ကြဘဲ ဝင်တိုက်လိုက်မှ သိလိုက်ကြမှာ”… တဲ့၊ တရုတ်ကြီး အီးဖန်ကလည်း သူ့လောက်မထူတောင် ခပ်ထူထူ မျက်မှန်တပ်ထားရသူပါ။

‘တိုက်ပွဲဆောင် ၁’ အဖြစ် ကျနော်တို့အခန်းကိုရွေးခဲ့ပြီးဖြစ်လို့ ၉ ဆောင်သားများ ခွဲတန်းကျရာ ၄၊ ၈၊ ၁ဝ၊ ၁၁ ဆောင်များသို့ ကိုယ့်အိပ်ယာကိုယ်ထမ်းပြီး ရွှေ့ကြရတယ်။ ကျနော်ကတော့ ဆေးမှူး ရဲဘော်အေးမြင့်ရှိရာ အဆောင် ၂ ကို ပြောင်းပါတယ်။ အဆောင် ၂ ဟာ ထောင်ဆေးရုံခန်းလည်း ဖြစ်တယ်။ အဆောင် ၁ ကို မူလက ရိက္ခာခန်းသတ်မှတ်ပေမယ့် မလုံခြုံလို့ မထားတော့ပါ။

ဒီအချိန်မှာ စတုတ္ထနဲ့ နောက်ဆုံး ဆရာဝန်အဖြစ် တာဝန်ကျနေသူက မန္တလေးသား ဒေါက်တာ ချစ်မင်း၊ သိပ်အဆိုးကြီးမဟုတ်ပေမယ့် အာဏာပိုင်အလိုကျ လုပ်တတ်သူ၊ ထောင်ပိုင်က ဝဝတုတ်တုတ်နဲ့ တကယ့်ကို … မဆလ‘ဒေါက်တိုင်’ပါ။

သူဆိုးလွန်းလို့ ပြီးခဲ့တဲ့ ပါတီအခမ်းအနား ၃၂၈ မှာ ပြဇာတ်ထဲ သူ့ဇာတ်ရုပ်တရုပ် ထည့်ကခဲ့ပါတယ်။ ရဲဘော်အောင်ထီက ထောင်ပိုင် ‘ေ-ွးဘီလူး ထွန်းခင်’အဖြစ် ပွဲကျအောင်ဝင်ကခဲ့တယ်။ ဒီလောက်ကောင်းတဲ့ ရဲဘော်က (အနစ်နာခံပြီး) ဒီလောက် ဆိုးတဲ့ ဇာတ်ရုပ်နေရာ ဝင်ပါရတာ ရင်နာစရာတော့ အကောင်းသား …။
ဆက်လက်ဖော်ပြပါမယ်။

No comments: