ရှင်သန်နေတဲ့ … ရေ
(တင်မိုး)
သူ့သဘောသူဆောင်
လျှိုမြောင်တွေတောတောင်တွေဖြတ်စီး
သူ့ခရီးသူဆက်
တာဝန်မပျက်ခဲ့တဲ့ … ရေ။
မိုးရေစက်ကလေးကအစ
ရသမျှအင်အားကို
ကြီးထွားအောင်စုပြီး
ဥတုတွေအတန်တန်
ရှင်သန်အောင်အားမွေး
အနားပေးတယ်လို့မရှိ
ပကတိလှုပ်ရှားနေတဲ့ … ရေ။
ပန်းတိုင်အဆုံး
နိဂုံးသူမသိ
သူသိတာက အမြဲတမ်းစီးဆင်း
ရှင်သန်ခြင်းသာလျှင် သူ့အသက်
တရက်မှ တနှစ်
တနှစ်မှ တခေတ်ပြောင်းသော်လည်း
ချောင်းတကာကြားမှာ
မညောင်းမညာသွားပြီး
မနားတမ်းစီးဆင်းနေတဲ့ … ရေ။
ငယ်ငယ်တုန်းက စကားကြွယ်
ကြီးလာရင်တော့ အိနြေ္ဒရင့်
အစဉ်သဖြင့် ခွင့်လွှတ်တတ်
ချိုး၊ ခပ်၊ သောက်သုံးမကုန်
မတုန်မလှုပ်နေသော သမုဒ္ဒရာ … ရေ။
တင်မိုး
(၂ဝ၊ ၁၂၊ ၂ဝဝဝ)
အော်စလို
No comments:
Post a Comment