Tuesday, January 20, 2009

ကိုလံဗတ်နှင့် တွေ့ချင်သည် (မောင်တောက်)

“ဆိုပါတော့။ စစ်အေးခေတ် ခြေပုန်းခုတ် ပြဇာတ်ရှည်ကြီးကို တင်ဆက်ကြရင်းက ဇာတ်ခေါင်းကွဲကြတော့၏။

ဆော်ဒီနွယ်ဖွား အိုစမာဘင်လာဒင်က ငယ်ရွယ်စဉ်အခါက ကစားဖော်ကစားဖက်

အင်အားလွန်နိုင်ငံကြီးကို စိတ်နာကာ ဇာတ်အသစ် ထောင်သည်။ ကျောက်ဂူတွေထဲနှင့်

သဲကန္တာရတွင် ဇာတ်တိုက်သည်။ ရုံတင်တော့ ကမ္ဘာတခွင် … …။ နောက်ဆုံးတင်ဆက်သည့် ပြဇာတ်ကြီးက ထိတ်လန့် သဲဖို ကြေကွဲမှုအတိနှင့်ဇာတ်သိမ်းသော စက်တင်ဘာ ၁၁ ရက် နယူးယော့စ်၊ ဝါရှင်တန် ဖြစ်ရပ်မှန်။



ကမ္ဘာ့ဇာတ်ခုံပေါ်တွင် ရုံတင်နေသော ဇာတ်ကားကြီးကား မပြီးဆုံးသေး။


တချိန်ကတော့ … …


ပထမကမ္ဘာစစ်ကြီး စတင်နေသော်လည်း မဟာမိတ်တို့၏ ရိက္ခာတိုက်ကြီးက ငွေစက္ကူတွေကိုသာ ရေတွက်နေခဲ့သည်။ ဂျာမနီ ရေငုတ်သင်္ဘောတို့က ကုန်တင်သင်္ဘော ၅ စင်းကို တိုက်ခိုက် နစ်မြှုပ်ပစ်လိုက်မှ အမေရိကန်တို့ စစ်ထဲဝင်ပါခဲ့၏။


ထို့နောက် … … ဟစ်တလာက ဂျူးတို့၏ အတ္ထုပ္ပတ္တိကို ဖွင့်ဖတ်ပြီး ဂျပန်တို့က ပုလဲဆိပ်ကမ်းကို တိုက်ခိုက်သောအခါ ဒုတိယကမ္ဘာစစ်ကြီး၏ ဇာတ်သိမ်းတီးလုံးကို အမေရိကန်က အနုမြူဗုံးဖြင့် ခပ်ကြမ်းကြမ်းတီးခတ်ပြီး အဆုံးသတ်ပေးလိုက်တော့သည်။


ထို့နောက်တွင်ကား အင်အားလွန်နိုင်ငံကြီး၏ ဂျူးကျောရိုးပြု ပြဇာတ်သစ်တွေက တပုဒ်ပြီးတပုဒ် လွှင့်ထုတ်လာတော့သည်။ အထူးပြုလုပ်ချက်တွေလည်း ပါ၏။ အလွမ်း၊ အဆွေး၊ အရယ် အပြုံးနှင့် ယမ်းငွေ့ကြားမှ ရှိုက်သံများလည်း ကြားရသည်။ နောက်တော့ ဂါဇာကမ်းမြောင်တွင် လမ်းတောင်မလျှောက်ရဲကြတော့။


‘အေဒင်ဥယျဉ်ထဲမှ ကင်ဆာ’ ဟု သတင်းစာဆရာတဦး သုံးနှုန်းခဲ့သော အရှေ့အလယ်ပိုင်းပြဿနာသည် ကမ္ဘာ့သတင်းစာပေါင်းစုံ၏ စာမျက်နှာတချို့ကို ကန်ထရိုက်ဆွဲထားသည်။ တနှစ် မဟုတ် … နှစ်နှစ် မဟုတ် … အစိုးရအဆက်ဆက် … ။


အိမ်နီးနားချင်းနှင့် ကမ္ဘာအရပ်ရပ်တွင် ပြုပြင်ပြောင်းလဲမှုများ၊ ပြိုကွဲမှုများ၊ ပြန်လည်မွေးဖွားမှုများဖြင့် အချိန်ကာလတို့ စီးဆင်းသွားကြသော်လည်း အဆိုပါ ‘အေဒင်ဥယျဉ်ထဲမှ ကင်ဆာ’ ကဖြင့် ယခုထိ အမြစ်မပြတ်သေး။


ကာယကံရှင်လူနာနှစ်ဦး၏ ကိုယ်တိုင်ကုစားချက်များအကြားနှင့် ပတ်ဝန်းကျင်တွင် ပါရဂူအစုံစုံတို့က မည်သို့မည်ပုံ လမ်းညွှန်စွက်ဖက်နေကြသည်မသိ။ ကင်ဆာအမြစ်က နေရာသစ်တွေဆီ ပြန့်ပွားလာသည်။


တဖက်က သမိုင်းစာအုပ်ကို အဖုံးလှလှ ချုပ်၏။ တဖက်ကတော့ လက်နက်နှင့် ပုတ်ပြသည်။ တဖက်က ဘာသာရေး အထွဋ်အမြတ်ကို ရင်ဘတ်ထဲထိုးထည့်သည်။ တဖက်က ဂျေရုစလင်ကို အမွေတောင်းသည်။


သို့နှင့် စစ်အေးခေတ်အတွင်း လူမျိုးရေး၊ ဘာသာတရား၊ သမိုင်းရေးရာပဋိပက္ခနှင့် ဟစ်တလာ ထွေးထုတ်ထားခဲ့သော စာမျက်နှာများ အကြား အင်အားကြီးနိုင်ငံတို့၏ စစ်တုရင်ကွက်က လမ်းလျှောက်ထွက်လာသည်။ အလည်အပတ် မဟုတ်။ တကိုယ်တည်း မဟုတ်။


နည်းပညာ၊ ဈေးကွက်၊ လက်နက်၊ ချောကလက်နှင့် လုပ်ထားသော ဆက်ဆံရေး၊ ကမ္ဘာအရပ်ရပ်သို့ ပါဝါမျက်မှန်ဖြင့် အကဲခတ်ရေး … … စသည်ဖြင့် စုံလှသည်။


သည့်နောက်တော့ … မပြီးဆုံးနိုင်သော ပြဇာတ်ရှည်ကြီးထဲတွင် ဇာတ်ကောင်တွေက များလာသည်။ ဇာတ်ကောင်စရိုက်တွေကလည်း ရှုပ်ထွေးလာသည်။ ဒါရိုက်တာက ဇာတ်ကောင်တွေကို ကြိုတင်ပြီး အမည်ပေးမထားဘဲ … ပြဇာတ်တဝက်ကျိုးတော့မှ နာမည်ထိုးတော့၏။


တချို့က တံဆိပ်လှလှ။ တချို့ကတော့ တံဆိပ် မလှ။ သည်ကြားထဲ တံဆိပ်ပင် မရသူလည်းရှိ၏။


ဟော … … ရွှေပွဲလာတို့ ညောင်းညာသွားကြသည်ထင့်။ ပြဇာတ်ရှည်ကြီးကို အားလပ်ချိန်ပေးသည်။


တကယ်တော့ ညောင်းညာနေသော ရွှေပွဲလာတို့ကို အားလပ်ချိန်ပေးခြင်းမဟုတ်။ အရောင်းအဝယ်သမားတို့အတွက် အားလပ်ချိန်ပေးခြင်းပင်။


ကောင်းလိုက်သည့် အရောင်းအဝယ်။ သို့သော် ဇီးထုပ်၊ နေကြာစေ့နှင့် ကော်ဖီ၊ အအေးတို့ မဟုတ်။ တိုက်ချင်းပစ်၊ တိုက်လေယာဉ်၊ ခရုဇ်ဒုံးကျည်နှင့် လက်နက်ငယ် အသစ်အဆန်းများသာဖြစ်၏။


ဆိုပါတော့။ စစ်အေးခေတ် ခြေပုန်းခုတ် ပြဇာတ်ရှည်ကြီးကို တင်ဆက်ကြရင်းက ဇာတ်ခေါင်းကွဲကြတော့၏။ ဆော်ဒီနွယ်ဖွား အိုစမာဘင်လာဒင်က ငယ်ရွယ်စဉ်အခါက ကစားဖော်ကစားဖက် အင်အားလွန်နိုင်ငံကြီးကို စိတ်နာကာ ဇာတ်အသစ် ထောင်သည်။


ကျောက်ဂူတွေထဲနှင့် သဲကန္တာရတွင် ဇာတ်တိုက်သည်။ ရုံတင်တော့ ကမ္ဘာတခွင် … …။ နောက်ဆုံးတင်ဆက်သည့် ပြဇာတ်ကြီးက ထိတ်လန့် သဲဖို ကြေကွဲမှုအတိနှင့်ဇာတ်သိမ်းသော စက်တင်ဘာ ၁၁ ရက် နယူးယော့စ်၊ ဝါရှင်တန် ဖြစ်ရပ်မှန်။


ရှိသေး၏။ ဘာသာရေးကျမ်းစာထဲမှ လမ်းညွှန်မှုဖြင့် ဖော်စပ်သည်ဟုဆိုကာ နည်းပညာခေတ်ကြီးကို မျက်နှာလွှဲခဲပစ်၍ နှစ်လွန် အတွေးအမြင် အယူအဆဆေးခါးကြီးဖြင့် အာဖဂန်နစ္စတန်နှင့်လူထုကို ကမ္ဘာ့အပြင်ဆွဲထုတ်ပြီး ကုသနေသော တာလီဘန်အစိုးရ …။


တချို့က ဆို၏။ အမျိုးသားရေးဆိုင်ရာ ခလုတ်တံသင်းတွေက ကမ္ဘာ့အန္တရာယ်ဆိုးများ ဖြစ်လာတတ်ကြသည် တဲ့။


သို့ဆိုလျှင် ကမ္ဘာ့အန္တရာယ်ဆိုးများဖြစ်မလာစေရန် အဓိကတာဝန်ရှိသူတို့မှာ အဆိုပါ အမျိုးသားရေး ခလုတ်တံသင်းတို့နှင့် ထိပ်တိုက်ရင်ဆိုင်နေကြရသူများ မဟုတ်ပေဘူးလား။


ထားဦး။ ရှီမွန်ပီရက်စ်က ဆို၏။ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်တို့မည်သည် နယ်နမိတ် မရှိ။ နေရာဒေသ မရွေး၊ အချိန်မရွေး ကျရောက်လာနိုင်သည် … … တဲ့။


ရှီမွန်ပီရက်စ်ပြောသော ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဆိုသည်မှာ အကြမ်းဖက်မှုကိုသာ ရည်ညွှန်းပြောဆိုခြင်းလား။ အခြားအရာများရော မပါပေဘူးလားဟု မေးချင်သည်။


အဘယ့်ကြောင့်ဆိုသော် … …


စီးပွားရေးနယ်ချဲ့မှုကြီး မည်သည့်အချိန်တွင် မည်သည့်နေရာက ဖြတ်ကျော်ဝင်ရောက် အန္တရာယ်ပေးခဲ့မှန်း အချို့နိုင်ငံများ သိပင်မသိလိုက်သော သာဓကများ ရှိခြင်းကြောင့်ပင်။


ရှီမွန်ပီရက်စ်ကတော့ ‘စီးပွားရေးနယ်ချဲ့မှု အန္တရာယ်’ ဟူသော စကားလုံးကို တံတွေးဆွတ်ပြီး ဖျက်ပစ်နေချင်သလား ကျနော် မပြောတတ်။


ယခုတလော ကမ္ဘာာ့ဇာတ်ခုံပေါ်က အကြောင်းအရာစုံကို ကျနော်ဖြင့် ရင်ခုန်လို့မရ ဖြစ်လာသည်။ ဒေါသနှင့် နာကျည်းမှုများကြားမှ မွေးဖွားလာသော အကြမ်းဖက်မှုလား (သို့တည်းမဟုတ်) ဒေါသနှင့် နာကျည်းမှုတို့ ကြီးပြင်းလာစေရန် အင်အားသုံး စွက်ဖက်ဗိုလ်ကျမှုက ပြုလုပ်ခဲ့သလားဟု တွေးနေမိသည်။


သို့တွေးနေမိစဉ်မှာပင် ကိုဖီအာနန် နှင့်ကုလသမဂ္ဂတို့ ကမ္ဘာာ့ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ပူးတွဲရရှိသွားကြပြန်သည်။


သေချာသည်ကတော့ … အမေရိကတိုက်ကို ခရစ္စတိုဖာ ကိုလံဗတ် ပထမဆုံးရှာဖွေတွေ့ရှိခဲ့သော်လည်း အကြမ်းဖက်သမားများကို ပထမဆုံးရှာဖွေတွေ့ရှိခဲ့ကြသူများမှာ အမေရိကန်တို့ မဟုတ်ရေးချ မဟုတ်ကြပါပေ။


ရေးသာ ရေးရ၏။ ကျနော်သိသည်မှာလည်း သူငယ်နှပ်စားမျှသာဖြစ်ပြီး၊ မသိသေးသည်က အများကြီးပင်။


ထိုမသိသေးသော အများကြီးထဲတွင် အမေရိကတိုက်ကို ရှာဖွေတွေ့ရှိခဲ့သူ ခရစ္စတိုဖာ ကိုလံဗတ်တယောက် ဗီယက်နမ်ကို ရောက်ခဲ့ဖူးသလားဆိုသည့် အချက်ကလည်း မရေမရာ။ ။



ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၁၄

အောက်တိုဘာလ ၁၆ ရက် ၂၀၀၁ ခုနှစ်


No comments: