Monday, January 19, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၁၀



နောက်ဆက်တွဲ ဂယက်များ

ဦးအောင်ဝေ မရှိတော့တာကို (ခေါင်းဆောင်များနဲ့ လှေကို ကူညီချပေးသူများကလွဲပြီး) ပထမ ဆုံးသိတာက ‘မဟာ ၉ ဆောင်’သားများ။ သူ့ခြင်ထောင်ကို ညမှာထောင်၊ အထဲမှာ လူသဏ္ဌာန်လုပ်ထား၊ နေ့ခင်း ပြန်ဖြုတ်ပေးသူက ပေးနေတာကိုး။

မန်းအောင်ကြည်၊ မန်းငြိမ်းမောင် မရှိတော့တာကို ပထမဆုံးသိတာ သူတို့ရဲ့ ‘အဆောင် ၁၁’ သားများ။

ထုံးစံအတိုင်း တရက် ဝေလီဝေလင်း၊ လူလာစစ်တဲ့ ဝါဒါတွေထဲကတယောက် အတက်ကြွလွန်သွားလို့ ‘မျက်နှာမရ ခြေထောက်ရ’ သွားပါတော့တယ်။

လူ ရှိ/မရှိ ခြင်ထောင်တွေ မ,အကြည့် မဲကြီးရဲ့ခြင်ထောင်ကို မ,ကြည့်မိလျက်သား ဖြစ်သွားတယ်။ ဒီ … စဉ် စောင်အောက်က ခြေထောက် ကြီးထွက်လာပြီး မျက်နှာကို ကန်လိုက်ရာက နောင်မှာ လူဘယ်လိုစစ်ရတယ်ဆိုတာ သဘောပေါက်သွားပါတယ်။ ခြင်ထောင်အရေအတွက်ပဲ စစ်ကြတော့တယ် … လေ။

မှာသွားတာက ၁၅ ရက်လောက်ရှိမှ သက်ဆိုင်ရာကို အကြောင်းကြားဖို့ …။ ၁၅ ရက်ကျော်သွားတော့ “ရဲဘော်တွေအားလုံး သိနေကြပြီ။ တာဝန်ယူမှု ကျေပြွန်ပြီ။ အာဏာပိုင်တွေကို အသိပေးကြတော့မလား” မပေးဘူး။ ရန်သူ့သတင်းပေး ဖြစ်သွားမှာပေါ့၊ သူ့ဘာသာသိချင်သိ မသိချင်နေပေါ့။ ကိုယ့်အလုပ်မဟုတ်ဆိုသူက အများစု။ ဒီလိုနဲ့ ရန်သူ အသိနောက်ကျသွားပါတယ်။

နောက်တော့ ထောင်ပိုင်အသစ် ဆရာဝန်အသစ် ရောက်လာတယ်။ သူတို့စီးလာတဲ့ သင်္ဘောက တနင်္သာရီ ကမ်းရိုးတန်းဘက်က လှည့်လာတာ … ‘ကျွန်းက ထွက်ပြေးတဲ့ လှေအပျက် ကမ်းစပ်မှာ တွေ့တယ်။ ပြေးတဲ့သူတွေတော့ သေကုန်ပြီ ပြောတာပဲ’ … ဆိုတဲ့ သတင်း သူတို့သယ်လာတယ်။

ကျနော်တို့အထဲမှာ အယူအဆ မုန်တိုင်းတခုပေါ်လာနေတာ သတိမထားမိ။ အစက မသိသာ၊ တအုံနွေးနွေး … နောက်တော့ သိသိသာသာ ပေါ်ပေါ်ထင်ထင်။

“ကျွန်းကထွက်ပြေးတာ မှန်သလား။ မှားသလား”

မှန်တယ်ဆိုတဲ့ဘက်ကရော မှားတယ်ဆိုတဲ့ဘက်ကပါ ထောက်ပြကြတဲ့ အချက်အလက်တွေကလည်း များမှများ။ ကျနော်က မှန်တယ်ဆိုတဲ့ဘက်က။

ကျနော်တို့တွင်မက တခြားအဖွဲ့အစည်း၊ တသီးပုဂ္ဂလတွေထဲမှာလည်း ထွက်ပြေးသွားတဲ့ ရဲဘော် ၃ ယောက်ကို အားကျတဲ့သူ အများကြီးရှိတာ တွေ့ရတယ်။ ဒါကြောင့်လည်း ကြိတ်ကြံ ကြိတ်ပြင်နေတဲ့ အစုကလေးတွေ ရှိနေတယ်။

ပြဿနာက အဖွဲ့အစည်းတိုင်းလို အတွေးအခေါ်ဆိုင်ရာပြဿနာ၊ လမ်းစဉ်ဆိုင်ရာ ပြဿနာ၊ စည်းရုံးရေးကိစ္စ၊ လုပ်ဟန်ကိစ္စတွေ အနည်းနဲ့အများ၊ ဦးနင်းပဲ့ထောင် ဖြစ်နေကြတာပဲ။

ရန်သူက အဆုံးစွန် ဖိနှိပ်ညှဉ်းပမ်းနေတဲ့ကာလမှာ ဒီအတိုင်း ငြိမ်ခံနေမလား၊ တိုက်မလား၊ ထွက်ပြေးတာဟာလည်း ရန်သူကို တိုက်ဖို့ပြေးတာဖြစ်တယ် … စသည်။

ကျနော်တို့အထဲ စည်းလုံးညီညွတ်ရေး မကောင်းတာမှာတော့ ရန်သူကို တိုက်ရေးမတိုက်ရေး မဟုတ်ပါ။ ရန်သူကိုတိုက်ဖို့ အားလုံးလိုလိုက စိတ်အားထက်သန်နေကြတာပါ။ အဓိက ပြဿနာက ပါတီရဲ့ နောက်ဆုံးလမ်းစဉ်ဟာ ဘာလဲ။

- ၆၄ လမ်းစဉ်ကို သိမှတ်လာသူက အနည်းစု။
- ၆၅ ခု - ၆၆ ခု ဖြည့်စွက်ချက်တွေကြားလာတဲ့သူက တယောက်စ နှစ်ယောက်စ။
အထူးသဖြင့် အုပ်စိုးသူအပေါ် လူတန်းစားသတ်မှတ်ချက် အရင်အတိုင်းလား။ ပြောင်းသွားပြီလား။ ပြောင်းလဲသွားပြီလို့ တချို့က ယူဆတယ်။ ချုပ်လိုက်ရင် ၃ မျိုး ကွဲနေတယ်။

၁။ လွတ်လပ်ရေးခေတ်မှစပြီး ယနေ့အထိ အုပ်စိုးသူ အဆက်ဆက်ဟာ လက်ဝေခံတွေ ဖြစ်တယ်။
၂။ အုပ်စိုးသူ အဆက်ဆက်ပြောင်းလာပြီးတဲ့နောက် စစ်အစိုးရဟာ တစတစနဲ့ လက်ဝေခံ ဖြစ်သွားပြီ။
၃။ လက်ဝေခံ မဟုတ်၊ အချက်အလက် မပြည့်စုံသေး၊ (လက်ရှိအခြေအနေမှာ ပါတီဗဟိုက တရားဝင် သတ်မှတ်ချက် မသိရသေး၊) ဒါကြောင့် သဘောတရားအရတွင်မက စည်းရုံးရေးအရပါ ကြည့်ပြီး သိထားသလောက်ကိုသာ လက်ခံကြဖို့ လိုတယ်။

ဒီ ၃ စုမှာ နံပါတ် ၁ အစုနဲ့ နံပါတ် ၃ အစုတို့ရဲ့အယူအဆရေးရာတိုက်ပွဲက အပြင်းထန်ဆုံး ဖြစ်တယ်။

ဒါက အတွင်းပိုင်းကိစ္စ။
ဒါ့အပြင် ပါတီအချင်းချင်း ဆက်ဆံရေးတွေကလည်း မကောင်းပါ။

သမိုင်းကြောင်းအရကို သဘောတရားအရ၊ လက်တွေ့အရ ပြေလည်မှုမရှိတာက အလံနီပါတီနဲ့ ဖြစ်ပါတယ်။ ရန်သူကိုမတိုက်ခင် အချောင်သမားတွေကို အရင်တိုက်ရမယ်။ ရဲသုံးရဲ မလိုဘူး၊ ငါ တို့ကတော့ ရဲ နှစ်ရဲပဲ … ဆိုတဲ့အပြောအဆိုတွေ ရှိနေဆဲပါ။

အထူးသဖြင့် အလံနီက အခမ်းအနားလုပ်ရင် အဆောင်ချင်းကပ်နေကြရတော့ မကြားချင်ပဲလည်း ကြားနေရတယ်။ သူတို့ကလည်း တမင်ကိုကြားအောင် ပြောနေတာ။ နိုင်ငံရေးရှိတဲ့ ရဲဘော်တွေဆိုတော့ ပြုံးစေ့စေ့ပဲ လုပ်နေကြပါတယ်၊ တချို့ကတော့ ရယ်ချင်လို့ကို တမင်နားထောင်ပါတယ်။

သူတို့ ပါတီထဲမှာလည်း ပြဿနာတွေက အများကြီး၊ ခေါင်းဆောင်မှုအပိုင်းကလည်း တက်လိုက် ကျလိုက်နဲ့၊ ချုပ်ကိုင်မှု မခံသူ၊ ကိုယ့်သဘောနဲ့ ကိုယ်နေသူ … စသဖြင့် ပဲ့ပဲ့ ထွက်နေပါတယ်။ ဒါတွေကို ကြားနေ မြင်နေရတယ်။

လူ ၃ဝ လောက်ရှိတဲ့ မလညပ လည်း ပြည်သူ့ရဲဘော်အုပ်စုနဲ့ ဆိုရှယ်နီအုပ်စု သိသိသာသာ နှစ်ဖွဲ့ကွဲသွားပါတယ်။ နှစ်ဖွဲ့ထဲကလည်း ပဲ့ပဲ့ထွက်ပါတယ်။ ဗိုလ်တင့်တယ်တို့က အပြင် တောထဲတနေရာမှာ တဲထိုးပြီး ခြံစိုက်နေကြတယ်။

ဆိုရှယ်နီ ဦးစိုးသိန်းတို့က အဆောင် ၅ မှာပဲ ကျန်နေရစ်တယ်။ ဒီအထဲက ဖိုခွဲစားသူ၊ စခန်းသစ်ဘက်ပြောင်းသူ ရှိလာတယ်။
အလံနီတချို့၊ မလညပ တချို့၊ တသီးပုဂ္ဂလတချို့ဟာ ဝါဒါအိမ်ယာနားနဲ့နီးတဲ့ စခန်းသစ်မှာ သွားနေကြတယ်။
သူတို့က ကျွန်းပေါ်မှာ တိုက်ပွဲတွေ တခြိမ်းခြိမ်းတိုက်နေလို့ကတော့ လွတ်ရက်ရှိတော့မှာ မဟုတ်ဘူး။ တိုက်ပွဲတွေနဲ့ ကင်းကင်းပဲနေတော့မယ်လို့ ပြောကြပါတယ်။ အများစုဟာ နိုင်ငံရေးကုန်သွားကြရာက ဆက်မလိုက်နိုင်လို့ ရိုးရိုးသားသား သွားနေကြတာပါ။

ဒီ အခြေအနေကို ရန်သူက ရိပ်မိပါတယ်၊ ဒါကြောင့်လည်း ပေးပြီးသား အခွင့်အရေးတွေကို အကြောင်း အမျိုးမျိုးပြပြီး တစတစ ပြန်ရုပ်သိမ်းပါတယ်။ ချုပ်ချယ်မှုတွေ သံပတ်တင်းလာပါတယ်။ ရေတပ်သားတွေ ကင်းလှည့်တာကို မြင်လာရပြန်ပါပြီ။

တပ်နယ်မြေ ဆိုင်းဘုတ်နေရာကျော်ပြီး ရှာဖွေစားသောက်သူတွေကို ခြောက်ပစ် ပစ်ပါတယ်။ (မှတ်ချက် - ဆိုင်းဘုတ်နေရာလို့ ရေးတာက ဆိုင်းဘုတ်တွေ မရှိတော့ပါ။ ရောက်ပြီးမကြာမီမှာပဲ မဲကြီးတို့နှုတ်ပြီး ရိုက်ချိုးကာ ပင်လယ်ထဲ ပစ်ချလိုက်ပါတယ်)

ရိက္ခာအသားစိုအစား စည်သွပ်ဘူးတွေ ပြန်ပေးလာပါတယ်။ တိုက်ပွဲရဲ့ အောင်သီး အောင်ပွင့်ကို ထိန်းသိမ်းရမှာမို့ ကျနော်တို့ဖိုက မယူပါ။ အကြွေးမှတ်ထားပါတယ်။ ကျွန်းကပြန်တဲ့အထိ မှတ်,မှတ် လာလိုက်တာ နောက်ဆုံး ၁ဝ,ဝဝဝကျပ်- ကျော် ၂ဝ,ဝဝဝ ကျပ်နီးပါး မဆလ စစ်အစိုးရအပေါ် ကြွေးတင်ခဲ့ပါတယ်။ (ထိုစဉ်က လူတယောက် တနေ့ တကျပ်ခွဲနှုန်း သတ်မှတ်ထားပါတယ်)

အထက်ကပြောတဲ့အတိုင်း မန်းအောင်ကြည်၊ ဦးအောင်ဝေ၊ မန်းငြိမ်းမောင်တို့ သုံးယောက်ကျွန်းက အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့တာဟာ အားကျစရာကြီး ဖြစ်နေပါတယ်။

လိုအပ်ရင် အသုံးချနိုင်အောင်ဆိုပြီး လှေစပ်ဖို့ စခန်းသစ်နှစ်ခုထဲက အိပ်စင်ခါးပန်း ပျဉ်ချပ်တွေ ခိုးဖြုတ်ပြီး တောထဲ ဖွက်တဲ့သူက ဖွက်၊ ရိက္ခာ ကြိုစုသူက စု ဖြစ်နေချိန် (တချို့ လှေစပ်ပြီးပေမယ့် မသုံးလိုက်ရပါ)

တနေရာမှာတော့ ရခိုင်ရဲဘော် အောင်သာကျော်နဲ့ အလံနီ နှစ်ဦး တကုပ်ကုပ် အလုပ်ရှုပ်နေပါတယ်။ တောထဲမှာ တဲကလေးတလုံးထိုးပြီး ခပ်လျှိုလျှို သွားနေပါတယ်။ ဒါပေမယ့် အားလုံးသိနေတဲ့ကိစ္စပါ။ သူတို့တဲနဲ့ မလှမ်းမကမ်း ဖြတ်သွားဖြတ်လာလုပ်လိုက်ရင်ပဲ လွှဆွဲသံ၊ တူရိုက်သံကြားနေရပါတယ်။ တကယ့်ကို (Open Secret) ဗြောင်လျှို့ဝှက်ကြီးပါ။ ကျနော်တို့တင် သိတာလား။ မဟုတ်ပါ။ ရန်သူလည်း သိပါတယ်။

ရဲဘော် အုန်းမော်၊ ရဲဘော် အောင်ထီတို့ရဲ့ ရေဒီယို ဖြတ်သတင်းအရ
“အောင်သာကျော်တို့၊ လှေလုပ်နေတယ်၊ ပြေးဖို့ပြင်နေပြီ”

“ပြေးပါစေ၊ ကမ်းနဲ့ခပ်လှမ်းလှမ်းရောက်မှ ပစ် မြှုပ်လိုက်” … ဆိုတဲ့ သတင်းပို့သံနဲ့ အမိန့်ပေးသံတွေကို ပါတီက ကြိုသိနှင့်နေပါတယ်။ အောင်သာကျော်ကို စောင်းပါးရိပ်ခြည် သတိပေးပေမယ့် အလေးမမူ၊ ဂရုမစိုက်။

တရက် နံနက်ခင်း … စောစောလမ်းလျှောက်လေ့ရှိသူ ဦးမြသန်း(တင့်) ကြုံသလို အဖော်လိုက်တတ်သူ ကိုအောင်ဘော်နဲ့ ကိုညွန့်ခေါင်တို့ ကတိုက်ကရိုက် ပြန်ရောက်လာတာ တွေ့လိုက်ရတယ်။

“အနောက်ဘက်ကမ်းစပ်မှာ ဗူးသီးလည်း ပါတယ်။ ခရမ်းချဉ်သီးရော၊ တခြားအသီးအနှံနဲ့ ပစ္စည်းပစ္စယ၊ အတိုအစတွေ လှိုင်းရိုက်လို့ တင်လာလိုက် ကျသွားလိုက် ဖြစ်နေတယ်။ လှေအပျက်တစီးလည်း ခပ်လှမ်းလှမ်းမှာ မြင်ရတယ်။ ဘာဖြစ်တယ်မသိဘူး”… လို့ သတင်းပေးလာတာနဲ့ တော်တော်များများ သွားကြည့်ကြတယ်။

သတင်းတွေက ချက်ချင်းပဲ စုံစေ့လာတယ်။ အောင်သာကျော်တို့ ထွက်ပြေးကြတယ်။ လှေကိုထမ်းချတဲ့ … လိုက်ပို့တဲ့ ရဲနီတွေထဲက တချို့လှေထွက်ခါနီးမှ သူလည်း လိုက်မယ်၊ ငါလည်း လိုက်မယ် ဖြစ်တယ်။ လုတက်ကြလို့ လှေထဲရေဝင်ပြီး ခုလိုဖြစ်သွားတာ … တဲ့။

“အောင်သာကျော်တို့ကော” လို့ မေးမိတော့၊ “စိတ်ပျက်လက်ပျက်နဲ့ သူတို့တဲ သူတို့ ပြန်ပြီး အိပ်နေကြလေရဲ့” … တဲ့။

မကြာလိုက်ပါ၊ ရေတပ်ကလာဖမ်းပြီး သူတို့စခန်းကို ခေါ်သွားပါတယ်။ ထောင်ချထားလိုက်ပြီ … တဲ့။

စည်သွပ်ဘူးကို လက်မခံတော့တာနဲ့ ကျနော်တို့တတွေ ငါးဖမ်း၊ လိပ်ဖမ်း၊ လိပ်ဥတူး၊ ခရုငုပ်၊ စိုက်ပျိုးရေးလုပ်ပြီး ဖြေရှင်းနေရတော့ ပိုပင်ပန်းကြတယ်။

လိပ်နဲ့ အုန်းသီး ပေါပေါရဖို့က တပ်နယ်မြေကို ကျော်မှဖြစ်မယ်။ တောလမ်းတွေဖောက်ထားလို့ သိပ်အခက်အခဲ မရှိ၊ ဒါပေမယ့် တရက်မှာ တောတိုးရင်း ရဲနီသုံးယောက် စခန်းပြန် မရောက်လာတော့ပါ။

အလံနီအဖွဲ့ ဒုတိယခေါင်းဆောင် ရဲနီအောင်မြင့် ခေါင်းဆောင်ပြီး တောတိုးရှာပါတယ်။ သူတို့တတွေ ညနေမှပြန် မရောက်ရင် တိုက်ပွဲတိုက်နှင့်တော့လို့ အမိန့်ပေးသွားပါတယ်။ သူတို့လည်း ပြန်ရောက်မလာပါ။

ဗမာပြည်ကွန်မြူနစ်ပါတီက ‘တိုက်ပွဲတိုက်မယ်ဆိုရင် မိမိတို့လည်း ပါလိုပါတယ်။ ရက် ၄ဝ တိုက် ပွဲတုန်းကလို စုပေါင်းခေါင်းဆောင်မှုနဲ့ ပူးတွဲတိုက်ပွဲဝင်ကြရအောင်ပါ’ လို့ ဆွေးနွေးပါတယ်။ ဒီ ကမ်းလှမ်းချက်ကို အလံနီဘက်က လက်မခံပါ။ ဒီတိုက်ပွဲက သူတို့ဖော်တဲ့ တိုက်ပွဲ၊ ပါဝင်ချင်တယ်ဆိုရင် သူတို့ခေါင်းဆောင်မှုကို ခံယူရမယ်လို့ တောင်းဆိုပါတယ်။

သူတို့ တွက်ကိန်းမှားသွားပြီလို့ ကျနော်တို့က ထင်ကြတယ်။ ထိုအချိန်က ရဲနီကျော်ဝင်းနဲ့ ဒေါ်ငွေစံတို့ရဲ့ ‘ငြိမ်းချမ်းရေး တမန်တော်အဖွဲ့’ အစတေးခံစိတ်ဓာတ်နဲ့ အဖမ်းခံဆွေးနွေးဖို့ တောထဲက တက်လာချိန်ဖြစ်တယ်။ သူတို့တိုက်ပွဲကို ယင်းဖြစ်ရပ်နဲ့ ချိန်ကိုက်ဆင်နွှဲတာပါ။

ဒီအချိန်မှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ပေါင်းပြီးတိုက်ပွဲတိုက်ရင် ရဲနီကျော်ဝင်းတို့ တောင်းဆိုချက်တွေလည်း မရ၊ ကျွန်းတိုက်ပွဲ တောင်းဆိုချက်လည်း ပေးမှာမဟုတ်လို့ ထင်ကြပုံပေါ်ပါတယ်။ ဒါကြောင့်လည်း ဘယ်လိုမှမဖြစ်နိုင်တဲ့ တောင်းဆိုချက်တွေကို တောင်းဆိုလိုက်တာပါ။

ဒီလိုနဲ့ ‘ပူးတွဲတိုက်ပွဲ’ ဆိုတာ ဖြစ်မလာတော့ပါ။ ရန်သူအကြိုက် ဖြစ်သွားပါပြီ။

အလံနီပါတီရဲ့ တောင်းဆိုချက်က -
၁။ ဖမ်းထားသူများ လွှတ်ပေးရန်။
၂။ ရိက္ခာစကေး တိုးပေးရန် … တို့ ဖြစ်တယ်။

တောင်းဆိုချက်က နည်းနည်း၊ တိုက်ပွဲဝင်သူကလည်း နည်းနည်းပါပဲ။

နံပါတ် ၇ အဆောင်ကို ‘တိုက်ပွဲဆောင်’သတ်မှတ်၊ ရဲနီ အစောင့်ချပြီး တိုက်ပွဲ စ, ပါတယ်။ ဘယ်အဖွဲ့အစည်းနဲ့မှလည်း မဆက်သွယ်၊ အကူအညီလည်း မတောင်းပါ။ ဒီအတိုင်းပဲ လွှတ်ထားလိုက်ကြပါတယ်။

ထောင်အာဏာပိုင်တွေကလည်း ထူးထူးထွေထွေ ဖော်ပြချက်မရှိ၊ လုပ်ရိုးလုပ်စဉ် ပေါင်ချိန်တာ၊ ကျန်းမာရေး အခြေအနေ ကြည့်တာလောက်ပဲ လုပ်ပါတယ်။ ရက်အတော်ရလာတော့ ညတညမှာ တိုက်ပွဲဝင် ရဲဘော် တယောက်က ‘ကယ်တော်မူကြပါ’ လို့ အော်တာနဲ့ ဝါဒါတွေရောက်လာပြီး ထမ်းထုတ်သွားပါတော့တယ်။

ရဲနီတွေ အားတင်းပြီးဆက်တိုက်ပေမယ့် ရဲနီဗိုလ်ကြူ(မန်းတက္ကသိုလ်)ကျသွားလို့ ၄၆ ရက် အကြာမှာ ရန်သူနဲ့စေ့စပ်ပြီး တိုက်ပွဲ ရပ်လိုက်ပါတယ်။ ဖမ်းထားတဲ့ ရဲနီတွေ ပြန်လွှတ်ပေးတယ်။ ရိက္ခာ စကေးတော့ တိုးမပေးပါ။ တနေ့ တကျပ်ခွဲနှုန်း တလ ၄၅ ကျပ် ဘောင်အတွင်းက ရိက္ခာအမျိုးအစားကို ထိန်းညှိယူခွင့်ပြုလိုက်ပါတယ်။

အလံနီပါတီက စခန်းတွင်းမှာလည်း ရဲနီဗိုလ်ကြူ အထိမ်းအမှတ် အုတ်ဂူလေးတလုံး လုပ်ထားပါတယ်။

နောက်ထပ် အရှုံးထွက်တာက တိုက်ပွဲဝင် ရဲနီနယ်လင်း အခြေအနေဆိုးလို့ ပြည်မ ပြန်ပို့ရာ လမ်းမှာပဲ ကျဆုံးသွားခြင်းဖြစ်ပါတယ်။ ဒီလို ကျဆုံးသွားတာကိုလည်း အသိမပေးပါ။ သူ့အိမ်က သူ့အကို (ကျနော်တို့ရဲဘော်)ဆီ ရေးတဲ့စာထဲမှာ ‘နယ်လင်းအလောင်း ပြန်ရကြောင်း’ ပါလာမှ နောက်ထပ် ဂူတလုံး ထပ် ဆောက်ရတာပါ။
ဆက်လက်ဖော်ပြပါမယ်။

No comments: