Sunday, January 18, 2009

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့- ၉



ကိုကိုးကျွန်း ၅၃ ရက်ကြာ အစာငတ်ခံတိုက်ပွဲ
(ပြန်ပြောင်းအောက်မေ့ချက်)
ရက် ၄ဝ တိုက်ပွဲ ပြီးခဲ့ပြီ

တိုက်ပွဲပြီးလို့ ၃-၄ ရက်အကြာမှာ တိုက်ပွဲဝင်ရဲဘော်တွေ အလျှိုအလျှို ကိုယ့်အဆောင်ကိုယ် ပြန်ကြတယ်။ ကျန်းမာရေးသိပ်ဆိုးတဲ့ လူနာတွေ ပြည်မ ပြန်ပို့ပေးတယ်။ လူနာဆိုလို့ ‘မဟာ ၉ ဆောင်’မှာ ၃ ယောက်ပဲ ကျန်တော့တယ်။ ‘မဟာဘွဲ့’ပေးထားတာက တိုက်ပွဲတိုက်ပြီဆိုတာနဲ့ ဒီအဆောင်မှာ ပထမအသုတ်ဝင်လေ့ရှိတာနဲ့ ‘၉ ဆောင်သား’ လူငယ်အချို့က လက်မထောင်ပြီး ပေးထားတဲ့ နာမည်ပါ။

ဆေးမှူး ကိုအေးမြင့်က စနစ်တကျ အာဟာရ ပြည့်စေပါတယ်။ တနေ့ကို အကြိမ်များများနဲ့ နည်းနည်းစီသာ ကျွေးပါတယ်။ ပထမ ဂလူးကို့စ်၊ အုန်းရည်၊ နောက် ဆန်ပြုတ်ကြဲကြဲ (၃ ရက်ခန့်)၊ နောက် ဆန်ပြုတ်ပျစ်ပျစ် (၃ ရက်) ပြီးမှ ထမင်းပျော့၊ နောက်ဆုံးမှ ရိုးရိုးထမင်း ကျွေးတာပါ။ ရဲနီတွေကတော့ စားတဲ့နေရာမှာ အဆင့်ကျော်၊ အဝစားဖြစ်သွားလို့ တချို့ ဖောသွပ်သွပ် ဖြစ်ကုန်ပါတယ်။

အချုပ်အချယ်တွေ အတော်လျော့ပါးသွားခဲ့တယ်။ အစောင့်အကြပ်တွေလည်း တာဝန်ကျေ သဘောလောက်ပဲ ဖြစ်လာတယ်။ သံဆူးကြိုးအထပ်ထပ်ဝိုင်းထား၊ ပိုင်းထားတဲ့ အကျဉ်းစခန်းကြီးမှာ မလွယ်ပေါက်တွေ အလျှိုအလျှို ပေါ်လာခဲ့တယ်။

ဗုံလုံရဲ့အလှည့်ပြီးသွားလို့ ငါးပျံရဲ့အလှည့်ရောက်လာတယ်။ ကျနော်တို့တတွေ မလွယ်ပေါက်ကနေ နေ့ရောညပါ ထွက်ကြတော့တယ်။ လသာသာ သောင်ပြင်ပေါ် လှဲအိပ် ချင်ရင်လည်း ထွက်တယ်။ ညအခါ ဖောင်ကလေးနဲ့ကူး၊ အိုနာဆစ် သင်္ဘောပေါ်တက်ပြီး ငါးမျှား၊ လက်ထွန့်ပစ်သူက ပစ်တယ်။

တနာရီကျော်ကျော် ခရီးအကွာရှိ လိပ်သောင်ဘက် ၃-၄ ယောက် တဖွဲ့ဖွဲ့ပြီး လိပ်ဥရှာ၊ လိပ်ဖမ်း လုပ်သူက လုပ်တယ်၊ စားသောက်သူ ၉၆ ယောက်ရှိတဲ့ ကျနော်တို့ဖိုကြီးဘက်မှာ လိပ်တကောင် ၃ နပ် စားလို့ရတယ်။ ကျနော်တို့ဖိုဘက် စားသုံးခဲ့တဲ့ လိပ်ကောင်ရေ ၄၃ ကောင် ရှိခဲ့တယ်။ (ရဲနီတွေ ဖိုဘက်မှာလည်း ဒီထက် မလျော့နိုင်)၊ ဖိုလေးတွေနဲ့ တဦးချင်းသမားတွေက ရှိသေး။ ဝါဒါတွေကတော့ မကြားနိုးနား ပြောကြတယ်။ “ဝေသာလီပြည် ဘီလူးဝင်တာထက် ဆိုးသဟေ့ …” တဲ့။
အဏ္ဏဝါပြင်ကို ဖြတ်ကျော်ရဲတဲ့ လူသားများ
၉ ဆောင်မှာ ကျန်ခဲ့တဲ့ လူနာ ၃ ယောက်ထဲမှာ ဒုတိယအသုတ်ကပါကြတဲ့ ဦးအောင်ဝေနဲ့ ကိုသက်ဝင်း၊ ကိုသက်ဝင်းက တက္ကသိုလ်ကျောင်းသားဖြစ်တယ်။ နဂိုကတည်းက ပိန်ပိန်၊ နဖူးကျယ်ကျယ်၊ သွားခေါခေါ၊ မျက်မှန်ထူထူနဲ့ဆိုတော့ အတော်ကြည့်လို့ လှနေပါတယ်။ ၃- ၄ ရက်ကြာပြန်တော့ သူ့အဆောင် အခန်း ၄ ကို ပြန်သွားပါတယ်။ ဦးအောင်ဝေက ၉ ဆောင်သားမို့ ပြောင်းစရာ မလိုပါ။ ခြေထောက် မသန်တော့ဘူးဆိုပြီး လမ်းလျှောက် ကျင့်နေလေ့ရှိတယ်။

အစားအသောက်ကျွေးချိန်မှာ သံချောင်းခေါက်လိုက်တာနဲ့ ဘေးနားကလူတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်ပါတယ်။ ကိုယ်ခန္ဓာကြီးမား ၁၆၇ ပေါင်ရှိတဲ့ ဗဖူးညွန့်ကြီးဆိုရင် စားချင်စိတ်နဲ့ တုန်တုန်ရင်ရင် ဖြစ်နေလေ့ရှိတယ်။ စားပြီးတိုင်း သူ့ပါးစပ်က ထွက်လာလေ့ရှိတာက “အလကားဗျာ … ကျွေးတော့လည်း မစို့မပို့နဲ့ ဆင့်ပါးစပ်နှမ်းပက်ပဲ …”တဲ့။
ကိုကိုးကျွန်းပေါ်မှ ကင်းမျှော်စင်တခု


ကျနော်ကတော့ စားချင်သောက်ချင်စိတ် မရှိ။ လူနာဆိုပြီး ဆေးရုံကပေးတဲ့ ဘီစကစ်မုန့်တောင် ကုန်အောင် မစားနိုင်၊ ဘေးလူတွေ ပေးတော့လည်း မယူ။ ခပ်လှမ်းလှမ်းမှာရှိတဲ့ ဦးအောင်ဝေကတော့ ယူတယ်။ စားတာလည်း သိပ်မတွေ့ရ၊ ဖန်ဘူးလို အသုံးချလို့ရတဲ့ ဖန်လုံးကြီးထဲမှာ သူ့ဝေစုနဲ့ရောပေါင်းပြီး ထည့်ထားလိုက်တာပဲ တွေ့ရတယ်။

ပင်လယ်ထဲ ငါးဖမ်းသင်္ဘောတွေ ပိုက်မျှောတဲ့အခါသုံးတဲ့ ဖန်လုံးကြီးပါ။ သပိတ်လောက် ရှိပါတယ်။ ကြိုးပြတ်ပြီး ကျွန်းပေါ်တင်လာတဲ့ ဒီ ရောင်စုံဖန်လုံးကြီးတွေကို အကျဉ်းသားတွေရဲ့ပညာနဲ့ မရမက အပေါက်ဖောက်ကာ လိုသလို သုံးကြပါတယ်။ ရွှေငါးတွေ ထည့်မွေးထားတဲ့ ရောင်စုံဖန်လုံး ၃-၄ လုံး ၉ ဆောင်ရှေ့မှာ အစီအရီ …။

ကျနော် နာလန်ထတာက ကြာပါတယ်။ မတ်တပ်ကြာကြာ မရပ်နိုင်ပါ။ လမ်းလျှောက်ရင် ဘေးက တွဲရပါတယ်။ ဒါကြောင့် အိပ်ယာထဲ လှဲနေတာက များပါတယ်။ ခြေရင်းသမံတလင်းပေါ်မှာ အုန်းသီးတွေ (အခိုင်လိုက်) အမြဲရှိတယ်။ ရဲဘော် ချစ်ဆွေ (မဲကြီး)က အပြတ်မခံပါ။

“အုန်းစိမ်းရည် သောက်၊ အားရှိတယ်၊ ရဲဘော်ကြီးရဲ့…”တဲ့

အိပ်ရာထဲနေရတာများတော့ စကားလာပြောတဲ့သူ တယောက်မဟုတ်တယောက် ရှိနေတတ်တယ်။ စခန်းပြင် သတင်းတွေလည်း ခပ်စုံစုံ ကြားနေရတယ်။

တယောက်က …

“ဦးအောင်ဝေတယောက် တော်တော် မူယာမာယာများတယ်။ ခြေမသန်တော့ဘူး၊ လမ်းလျှောက်ကျင့်နေ တယ်လည်း ပြောရဲ့ …၊ အပြေးကတော့ တယ်သန်တာပဲ” တဲ့

“ပထမတော့ ထော့နင်းထော့နင်းပဲ၊ နောက်လှည့်ကြည့်၊ လူရှင်းတာနဲ့ သုတ်လိုက်တာ၊ မီတာ ၁ဝဝ အပြေးသမားလား အောက်မေ့ရတယ်”

“တရက် ကျနော် နောက်ယောင်ခံ လိုက်ကြည့်တယ်။ ဟား … ဟား … တွေ့တော့တာပဲ”

“ဘာလုပ်တာလဲ … ဗျ” ကျနော်က မေးမိတယ်။

“သူတို့ ၃ ယောက် လှေလုပ်နေတာလေ” တဲ့။

ကျနော့်စိတ်ထဲ လင်းခနဲ ဖြစ်သွားတယ်။ “အဖိုးကြီးတွေဆီ သတင်းမပို့ဘူးလား” ဆိုတော့ “ဘာရမလဲ ပို့တာပေါ့ ” တဲ့။
ဒီနေရာမှာ နောက်ကြောင်းပြန်ကောက်ပြဖို့လိုတာ တခုရှိပါတယ်။ ကျနော်တို့မှာ အကြံအစည် တခုရှိခဲ့ဖူးတယ်။
‘ဗြောင်’အခွင့်အရေးတိုက်ပွဲက တပိုင်း၊ နောက်ထပ်လူတွေ ထပ်ပို့မယ့် အလားအလာလည်း ရှိတယ်၊ ဒီ့ထက်ဒီ ဆိုးဆိုးဝါးဝါးလည်း ဖိနှိပ်လာနိုင်တယ်၊ လိုအပ်တဲ့အခါ သုံးချင်သုံးရအောင် ထွက်ပေါက်တခုရှာထားရမယ် … လို့ ခေါင်းဆောင်တွေရဲ့ စဉ်းစားချက်ရှိတယ်။

ဒါကြောင့် ရက် ၄ဝ တိုက်ပွဲ မစမီကတည်းက လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ၂ ဖွဲ့ ဖွဲ့ထားခဲ့ပြီး ဖြစ်တယ်။ ၅ ယောက် တဖွဲ့ပါ။ တဖွဲ့ကို ရဲဘော်ချစ်ဆွေ (မဲကြီး)က ခေါင်းဆောင်တယ်။ ကျန်တဖွဲ့ကို ရဲဘော်ထွန်းဝင်း (လေတပ်) က ခေါင်းဆောင်ပါတယ်။ ကျနော်က ကိုထွန်းဝင်းရဲ့အဖွဲ့ထဲကပါ။

အခု လိပ်သောင်ကို နေ့ရောညပါ ထွက်လာနိုင်တော့၊ လိပ်ရှာရင်း ဒီ စီမံကိန်းက တွဲပါနေပါတယ်။ ဒီလိုနဲ့ လျှို့ဝှက်လမ်းတွေ ဖောက်ထားနိုင်ခဲ့ကြတယ်။ အလယ်စခန်းလို့ခေါ်တဲ့ ရဲစခန်း၊ ARDC အုန်းခြံသာမက မြောက်ဘက်ဆုံး ရေတပ်စခန်းနားအထိ ကပ်မိသွားပါပြီ။ ကျွန်းပေါ်ဖြစ်ပျက်နေတာမှန်သမျှ ခေါင်းဆောင်တွေကို သတင်းပို့ရပါတယ်။ ကျနော်ကတော့ စာရင်းထဲပါပြီး မထနိုင်တော့လို့ အဖွဲ့သားချင်းပြောတာပဲ နားထောင်နေရပါတယ်။

ထောင်အမှုထမ်းတွေကို သိပ်ထည့်မတွက်ပါ။ ရဲနဲ့ ရေတပ်အခြေအနေကို သိဖို့လိုတယ်။ ကျနော်တို့လက်ထဲမှာ ဓားတွေ၊ လှံတွေ၊ မှိန်းတွေလည်း ရှိလာခဲ့ပြီ။ လေတပ်က ထားဝယ်သား ကိုလှိုင်တင်၊ ပခုက္ကူသား ကုလားကြီး ကိုအုန်းမောင်တို့ကလည်း ရဲဘော်တွေကို သင်တန်း ဖွင့်ပြီး ဂျူဒို-ကရာတေး ကိုယ်ခံပညာတွေ သင်ပေးနေပြီ။

မတ်လတိုက်ပွဲအပြီး ဧပြီလမှာ ကျနော်တို့ဖိုကြီးက အောင်ပွဲခံသင်္ကြန်ပွဲ ကျင်းပခဲ့ပါတယ်။ ရခိုင် ရဲဘော်တွေရဲ့ ထောင်ပုံစံ ရခိုင်ပုဆိုးအပြာကွက် တူညီဝတ်စုံနဲ့ ရခိုင်သင်္ကြန်အက မျက်လုံးထဲကမထွက် …။

ခေါင်းဆောင်တွေနဲ့ လူကြီးပိုင်းက လျှော့လျှော့ပေါ့ပေါ့ စည်းကမ်းတွေနဲ့ အပျော်တမ်း ဘော်လီဘော ကစားကြတာလည်း စိတ်နှလုံး ရွှင်မြူးစရာ …။

ရခိုင်ကျင် (နပန်း)ကစားနည်းကို အရေးပေါ်သင်တန်းပေးပြီး အတန်းစုံ ကျင်ကိုင်ပွဲတွေလည်း ပါရဲ့ …။ မန္တလေးသား ဖိုးသံချောင်း တယောက် အကျမတော်လို့ လက်ကျိုးသွားတဲ့ ဖြစ်စဉ်ကလွဲလို့ ရွှင်မြူးစရာတွေချည်းပါ။ တိုက်ပွဲကလည်း နိုင်ထားပေသကိုး …။
ကျနော် နာလန်ထူကာစ တညနေမှာ …

အဆောင်ထဲက ရဲဘော်တွေ တောစပ်နား အပြင်ရေတွင်းမှာ စုပေါင်းလျှော်ဖွပ်ပြီး လှမ်းထားတဲ့ ခြင်ထောင်တွေ ရုတ်ဖို့ တယောက်တည်း ထွက်ခဲ့တယ်။ ၁၅ မိနစ်၊ မိနစ် ၂ဝ ခရီးပါ။ ခြင်ထောင် ၄- ၅ - ၆ လုံး လောက်ခေါက်ပြီး ရွက်နိုင်တဲ့အားအင် ကျနော့်မှာ ရှိလာခဲ့ပြီလေ။
လှည့်ထွက်လာကာရှိသေး၊ နောက်နားက ချွတ်ချွတ်သံကြားလို့ လှည့်ကြည့်လိုက်တော့ လား … လား ဓားကို တင်းတင်းဆုပ်၊ မျက်လုံးပြူးပြီးကြည့်နေတဲ့ ကိုငြိမ်းမောင်၊ မျက်လုံးတွေထဲက အခိုးအငွေ့တွေ ထွက်နေသလား ထင်ရတယ်။
“ဟာ … ဘာဖြစ်တာတုန်း” လို့ ကျနော်က မေးတော့ …

“သြ … ခင်ဗျားကိုး ဘာမှမဖြစ်ပါဘူး၊ ပြန်တော့ .. ပြန်တော့ … ”တဲ့
သူ့မျက်လုံးတွေကလည်း သိမ်မွေ့သွား နူးညံ့သွားပြီး ခပ်လောလော ပြောထွက်လာပါတယ်။ သူ သဘောပေါက်သွားပုံပဲ။ သူတို့နောက်လိုက်ပြီး စုံစမ်းထောက်လှမ်းနေတာ လူမမာ ကျနော် မဖြစ်နိုင်။

နောက်တော့ စက်တင်ဘာ မုန်တိုင်းနဲ့အတူ သူတို့ (မန်းအောင်ကြည်၊ ဦးအောင်ဝေ၊ မန်းငြိမ်းမောင်) အောင်အောင်မြင်မြင် ပင်လယ်ပြင်ကို ဖြတ်ကျော်လွတ်မြောက်သွားခဲ့ကြပါတယ်။ ပြဿနာဖြစ် ကျန်နေရစ်တာက ကျနော်တို့တတွေ …။
ဆက်လက်ဖော်ပြပါမယ်။

No comments: