တရက်မှာ ၄ ဆောင်မှ ရဲဘော်တသိုက် အလုပ်ရှုပ်နေကြပါတယ်။ တူရွင်းတွေ ပေါက်တူးတွေနဲ့ အဆောင်ဘေးမှာ တူးဆွနေကြတာတွေ့လို့ “ဘာလုပ်နေကြတာတုန်း”လို့ မေးမိတယ်။ အားလုံးက ပြုံးစေ့စေ့နဲ့ ပါးစပ်မှာ လက်ညှိုးကို ကန့်လန့်ဖြတ်တင်လိုက်ကြပြီး ‘ရှူး’ လို့ အသံပြုကြပါတယ်။ နောက်မှတယောက်က ဗန်းမော်ဆရာတော့် အံကပ် ကြွက်ချီသွားလို့ ကြွက်တွင်းတွေ လိုက်တူးနေတာလို့ ပြောပြတယ်။
တလလောက်ရှိတော့ ဆီးထသွားရမှာတောင် ခွန်အားမရှိကြတော့ပါ။ ဒါ့ကြောင့် စည်သွပ်ဗူးခွံတွေကို ခြေရင်းမှာ ထားပေးရပါတယ်။ ပေါက်ပြီးတာနဲ့ ပြုစုသူတွေက သွားသွန်။ ဖီနိုင်ရေနဲ့ဆေးပြီး ပြန်ထားပါတယ်။
ဆိုးတာက လူနာတွေဟာ အာရုံခံစားမှု သိပ်ထက်မြက်လာလို့လား ခံနိုင်ရည်မရှိတော့တာကြောင့်လား မသိ။ ရေနံဆီနံ့၊ အသားဗူးနံ့၊ ဖီနိုင်နံ့ စတာတွေကို မခံနိုင်ကြခြင်း ဖြစ်ပါတယ်။
အားသိပ်နည်းလာပြီမို့ ဆရာဝန်လာတဲ့အခါမှာလည်း ဘယ်သူမှ ပေါင် ထ မချိန်ကြတော့ပါ။ စားချင် သောက်ချင်စိတ်လည်း တယ်မရှိတော့ပါ။ သို့သော် ဘယ်သူတွေ ဘယ်လိုဖြစ်နေနေ ရဲဘော်အောင်ထီတယောက်ကတော့ တွဲသူမပါဘဲ လမ်းလျှောက်၍ ကောင်းဆဲပါ။
မှတ်ကျောက်တင်ပွဲ
အာဏာပိုင်တွေက ကျနော်တို့ တောင်းဆိုချက် ၅ ချက်မှာ ပထမအချက်ကို အကြမ်းဖက် ဖြေရှင်းလိုက်ပြီးတဲ့နောက် အခြေအနေကို စောင့်ကြည့်ခဲ့ပါတယ်။ စခန်းထုရဲ့ တစည်းတလုံးတည်း ဆင့်ကဲဆင့်ကဲ တိုက်ပွဲဝင်လာ မှုများတွေ့လာပြီးတဲ့နောက် ကျန်တောင်းဆိုချက် ၃ ချက်ကိုလည်း ခွင့်ပြုမယ့်အကြောင်း ပြောလာပါတယ်။
သို့သော် နံပါတ် ၅ အချက်ဖြစ်တဲ့ အိမ်နဲ့ စာရေးသား ဆက်သွယ်ခွင့်ကိုတော့မပေးနိုင်ဟု တင်းခံပါတယ်။ ကျနော်တို့ဘက်ကလည်း နံပါတ် ၅ အချက်ဟာ အရေးကြီးတဲ့ နိုင်ငံရေးတောင်းဆိုချက်ဖြစ်လို့ လျှော့မပေးနိုင်ပါ။
ကိုကိုးကျွန်းမှာ ကျနော်တို့ကိုထားတဲ့ စခန်းအပြင် နောက်ထပ်စခန်း ၂ ခုလည်း ဆောက်ထားပြီး ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ထားရာနေ၊ ကျွေးတာစား၊ ခိုင်းတာလုပ်ပေးလို့ သူတို့ရဲ့ ကိုယ်ထူကိုယ်ထပေါ်လစီ အောင်မြင်သွားရင် နောက်ထပ် နိုင်ငံရေး အကျဉ်းသားတွေ ဟောတသုတ်၊ ဟောတသုတ် ပို့ပါလိမ့်ဦးမယ်။
အချက်အလက်တွေ ပြည့်စုံလာတဲ့အခါ မိမိတို့ရဲ့ သားမယားတွေပါ အပို့ခံရနိုင်ပါသေးတယ်။ စခန်းတနေရာလို့ လျှို့ဝှက်နာမည်ပေးထား တဲ့နေရာမှာနေပြီး ပြည်သူတွေနဲ့ အဆက်ဖြတ်ခံနေရာတာကို ကျနော်တို့ မလိုလားပါ။ ဒါ့ကြောင့် နံပါတ် ၅ အချက်ဟာ အရေးကြီးပါတယ်။ နောက်ပြီး သူတို့ရဲ့ ပေါ်လစီ မအောင်မြင်ရေးဟာလည်း ကျနော်တို့အတွက် သမိုင်းပေးတာဝန်ပါ။
တစခန်းလုံးအတွက် တာဝန်ယူခေါင်းဆောင်နေတဲ့ တိုက်ပွဲကော်မတီမှာ အဖွဲ့အစည်းပေါင်းစုံက ပါဝင်ကြပါတယ်။
လွတ်လပ်ရေးလှုပ်ရှားမှုမှာ ပါခဲ့သူတွေ။ ပြည်တွင်းစစ်မှာ ဖြတ်သန်းခဲ့ရသူတွေ။ ဒီမိုကရေစီရေး၊ မြေပေါ်မြေအောက် နိုင်ငံရေးမှာ ကျင်လည်ခဲ့သူတွေဖြစ်လို့ အုပ်စိုးသူတွေရဲ့အထာကို နောကျေနေကြသူတွေပါ။
အတွေ့အကြုံ ကြီးမားကြသူတွေမို့ တိုက်ပွဲရဲ့အလားအလာကိုလည်း မှန်မှန်ကန်ကန် တွက်ချက်နိုင်သူတွေ ဖြစ်ပါတယ်။ တိုက်ပွဲဝင်တဲ့သူအားလုံးကလည်း ကိုယ့်ခေါင်းဆောင်တွေအပေါ် ယုံကြည်မှုအပြည့် ရှိကြတယ်။ ကိုယ်ကျိုးစီးပွားအတွက် ကိုယ့်ရဲဘော်တွေကို ရောင်းစားမယ့်သူမဟုတ်။ ခေါင်းဆောင်ရော နောက်လိုက်ပါ ကိုယ့်ပါတီ ကိုယ့်အဖွဲ့အစည်းရဲ့နာမည်ကို ညစ်နွမ်းစေမယ့်သူတွေမဟုတ်။
ဒါကြောင့်လည်း တိုက်ပွဲဝင်ရတာ စိတ်ဖြောင့်ကြပါတယ်။ တိုက်ပွဲကတော့နိုင်မှာပဲ။ ဒါပေမယ့် အရင်းအနှီး ဘယ်လောက်ပေးရမလဲ ဆိုတာတော့ ကျနော်တို့လည်းမသိ။ ခေါင်းဆောင်တွေလည်း ပြောနိုင်ပုံမရ။
တလလောက်အရမှာ ရေစိမ်စိမ်ချိုးနေမိရာက ကျနော် အအေးမိသလို ဖြစ်သွားတယ်။ ရေလည်းသောက်လို့ မရ၊ ရေတစက်ဝင်တာနဲ့ အဝါရည်၊ အစိမ်းရည်တွေ အန်ထွက်လာပါတယ်။ တခါအန်ပြီးတိုင်း လူက အားကုန်မောဟိုက်သွားတတ်တာမို့ ရေဝင်မှာကိုပင် ကြောက်နေမိတယ်။
ဒါ့ကြောင့် ရေကို အသာငုံငုံထားပြီး ထွေးထုတ်နေရပါတယ်။ ပေါင်ချိန်လည်း သိသိသာသာ ကျလာတယ်။ နောက်ပိုင်းဖြစ်ရပ်များကတော့ ဝိုးတဝါးသာ ထင်ကျန်ရစ်ပါပြီ။ နောင် သူများပြောပြမှသိရတာက ရက်လေးဆယ် အပြည့်နေ့ခင်းမှာ ကျနော် သတိလစ်သွားတယ် တဲ့။ အဲဒီညနေမှာပဲ ထောင်အာဏာပိုင်တွေက နံပါတ် ၅ တောင်းဆိုချက်ကိုပေးလိုက်လို့ တိုက်ပွဲပြီးသွားတယ်လို့ သိရပါတယ်။
ရက် ၄ဝ တိုက်ပွဲပြီးတာနဲ့ နာတာရှည် လူမမာတွေကို ပြည်မ ပြန်ပို့ပေးပါတယ်။ ပြန်ပို့တဲ့စာရင်းထဲမှာ ကျနော် ပါပေမယ့် ကျနော်က ငြင်းလိုက်လို့ ကျန်နေရစ်ခဲ့တယ်။
စည်သွပ်ဗူးအစား အသားစိုတွေ ပေးပါတယ်။ နောက် သင်္ဘောပတ်မှာတော့ သတင်းစာတွေ ပါလာတယ်။ ကျနော်တို့ရေးတဲ့ စာတွေလည်း သင်္ဘောက သယ်သွားပါပြီ။ တိုက်ပွဲပြီးစက ပါးစပ်ထဲ ဖြဲထည့်လိုက်တဲ့ ပထမဆုံး ဂလူးကို့စ်တစက်ရဲ့ အရသာနည်းတူ ချိုမြိန်လိုက်သည့်ဖြစ်ခြင်း။
ကျနော် နံလံထတာ နှေးပါတယ်။ လမ်းလည်း လျှောက်လို့မရပါ။ အိပ်ယာထဲ လှဲချင်လှဲ ဒါမှမဟုတ် ထိုင်နေတဲ့ အချိန်က များပါတယ်။ ကျနော် စိုးရိမ်တဲ့ ဦးတင်အောင်ကတော့ သူနေတဲ့ အဆောင် ၄ ကနေ ကျနော်တို့ အဆောင်ရဲ့ တောင်ဘက် ဘော်လီဘောကွင်းကို ဖြတ်ပြီး နေ့စဉ် အိမ်သာတက်ရလေတော့ အိမ်သာက ဆင်းလာတာနဲ့ ကျနော့်ဘေးမှာ လာ,လာ ထိုင်တတ်ပါတယ်။
ပြီးတော့ ကျန်းမာရေး အခြေအနေကို မေးပါတယ်။ တရက်မှာတော့ ကျနော်က “ဒါနဲ့ ဦးတင်အောင် တိုက်ပွဲရက် တွေတုန်းက ဦးတင်အောင်ရဲ့ ဂက်စထရိတ်(အစာအိမ်ရောဂါ)က ဘာများ ထူးထူးခြားခြား ဖော်ပြပါသလဲ” လို့ မေးမိတယ်။ သူက အားရပါးရ ပြုံးလိုက်ကာ “အဲဒီတုန်းက ဘာမှ မထူးခြားဘူး၊ ခုမှ ထူးခြားသလိုလို ရှိလာတယ်။ မရှိတော့ဘူး ပျောက်သွားသလိုလိုပဲ” တဲ့။
(၅)
အနှစ် ၂ဝ သမိုင်း
‘လူမှန်နေရာမှန်’ဆိုစကားအရပြောရရင် ဒီ အကြောင်းတွေကို သူတို့ရေးသွားကြရမှာပါ။ ‘တချိန်ချိန် တခါခါမှာ ရေးမယ်’ ဆိုတဲ့သန္နိဋ္ဌာန် သူတို့အသီးသီးမှာ ရှိပါလိမ့်မယ်။ စာရေးဆရာ တယောက်အဖို့ အထူးသဖြင့် တော်လှန်သော စာရေးဆရာတယောက်အဖို့ ဒါထက်ကောင်းတဲ့ ကုန်ကြမ်းတွေ တခြားနေရာမှာရှာတွေ့ဖို့ ခဲယဉ်းတယ် မဟုတ်လား။
လူပုဂ္ဂိုလ်တယောက်အနေနဲ့ ဦးတင်အောင်ကို ကြည့်ကြတဲ့အခါ၊ အကဲဖြတ်ကြတဲ့အခါ ရှုထောင့်တွေ တူချင်မှ တူကြပါလိမ့်မယ်။
ဒါပေမယ့် လူတန်းစား ရပ်တည်ချက်ရှိတဲ့လူ၊ ဖောက်ပြန်တဲ့ အုပ်စိုးသူအဆက်ဆက်ကို တော်လှန်တဲ့သူ၊ ပြည်သူကို အလုပ်အကျွေးပြုတဲ့သူ၊ ပြည်သူ့စာရေးဆရာ၊ နောက်ပြီး ပြည်သူတွေကချစ်သော စာရေးဆရာ ဆိုတာမှာတော့ အငြင်းပွားကြမယ် မထင်ပါဘူး။
ဒါကို သူ့ဈာပနအခမ်းအနားမှာ အားလုံးက မြင်တွေ့ခဲ့ကြပါပြီ။ သူကွယ်လွန်ပြီး အနှစ် ၂ဝ ကြာတဲ့အထိလည်း ဖော်ပြခဲ့ကြပါပြီ။ တန်ဖိုးဆိုတာ ဒါပါပဲ။ သူနဲ့ပတ်သက်လို့ မိမိဖာသာ နိဂုံးချုပ်ထားတဲ့ အချက် ၃ ချက်ရှိပါတယ်။
၁။ သေသွားမှဖြင့် သေသွားသူဆီက ဘာမှမရနိုင်ဆိုတာ မှားတယ်။
၂။ လူတယောက်ရဲ့တန်ဖိုးကို မှန်မှန်ကန်ကန် အကဲမဖြတ်နိုင်ခဲ့ရင် သူ့ဆီကရနိုင်တဲ့ တန်ဖိုးတွေ လက်လွှတ် ဆုံးရှုံးသွားတတ်တယ်။
၃။ လူတယောက်ကို အကဲဖြတ်တဲ့အခါ အနည်းဆုံးအနှစ် ၂ဝ လောက် အချိန်ယူသင့်တယ်ဆိုတာတွေပဲ ဖြစ်ပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment