မှတ်မိနေသေးသည်။ လွန်ခဲ့သော နှစ်နှစ်ဆယ်က ကြားမိခဲ့သော စွဲမိစွဲရာ စကားလေးတခွန်းကို ….
“ကျနော်တို့ တိုင်းပြည်က နိုင်ငံရေးသမားတွေဟာ ကြက်ခြင်းထဲက ကြက်တွေနဲ့ တူတယ်။ ခေတ်အဆက်ဆက်ကို ပြန် ကြည့် ကြည့်… ဒီ ပိတ်လှောင်ခံထားရတဲ့ ကြက်ခြင်းထဲက လွတ်အောင် ဘယ်လိုအင်အားကို စုစည်းပြီး ဘယ်လို ဖောက်ထွက်မလဲ ဆိုတာ မစဉ်းစားဘဲ တကောင့်ခေါင်းကို တကောင်ဆိတ်နေတာနဲ့ပဲ ထိပ်မွေးတွေပြောင်တာပဲ အဖတ်တင်ပြီး အချိန်တန်တော့ အားလုံး ကြက်တန်းမှာ လည်လှီးခံလိုက်ရတာချည့်ပဲ”….
အဲသည်စကားကို ဆိုခဲ့သူက အဲသည် အနှစ်နှစ်ဆယ်တုန်းက အသက် ၃၀ ဝန်းကျင် လောက်ပဲရှိဦးမည့် ကျမ အမေ၏ စည်းရုံးရေးမှူး တယောက်ဖြစ်သည်။
လူငယ်ပေမယ့် အတွေးမငယ်ခဲ့ပါ။ သူပြောတာ တကယ်ပဲမှန်နေမှန်း နိုင်ငံရေး လှုပ်ရှားနေသူများကို ဘေးကထိုင်ကြည့်လာခဲ့သည့် သည်ခရီးရှည်ကြီးမှာ ရနေသည့်အတွေ့အကြုံများက သူ့စကားက မှန်နေကြောင်း သက်သေတွေ အများကြီးကို ကျမ တွေ့ခဲ့ရပါသည်။
ကိုယ့်ထက် နည်းနည်းလေး ထင်ပေါ်သွားလျှင် မနာလိုစိတ်ဝင်လာတတ်သူများ… ကိုယ်လုပ်တာမှ အမှန်ထင်နေသူများ… ဘေးထိုင်.. ဘိုင်ကျ.. ဘုပြောနေသူများ… နိုင်ငံရေးလှုပ်ရှားမှု ဘန်းပြရှေ့တန်းတင်ပြီး မိသားစုကောင်းစားရေးအတွက် အရေခြုံသူများ…..
တိုင်းရင်းသားအချင်းချင်း ပိုမို သွေးစည်းညီညွတ်ရန်လိုအပ်နေမှု…. အကျင့်ပျက် ခြစား သိက္ခာကျနေမှုများကို တဦးချင်းစီ ထိန်းချုပ် စောင့်စည်းမှုကို စတင်ရန်လိုအပ်နေမှု… ဘုံရန်သူကို ပေါင်းတိုက်ရန်…. ဆိုသည့် အပြောကို နှစ်ပေါင်းများစွာ အော်ဟစ်နေခြင်းအား ရပ်တန့်၍ အမှန်တကယ် သွေးစည်းညီညွတ်မှုကိုပြကာ ဘုံရန်သူကို အမြစ်ဖြတ်ချနိုင်မှုတို့အား အရေးပေါ် စိတ်ပိုင်းဆိုင်ရာ ပြုပြင် ကယ်ဆယ်ရေးအဖြစ် မသတ်မှတ်ကြပါက မြန်မာပြည်အရှက်ရနေခြင်း… ကူညီသူမဲ့နေခြင်းအတွက် ထိုနိုင်ငံရေးသမားများတွင် ပိုမို တာဝန်ရှိလာပါလိမ့်မည်။
ဘာဖြစ်လို့ ကျမ သည်လိုရေးရသလဲဆိုလျှင်… မြန်မာ့အရေးကိုကိုင်သော ထိုင်းထောက်လှမ်းရေး အရာရှိတဦး၏ ပြစ်ပြစ်နှစ်နှစ် ဝေဖန်ခြင်းကို ကျမလည်း ဘာမှ မသိရ.. မလုပ်ရ… ပါဘဲနှင့် အခြောက်တိုက် ခေါင်းငုံ့ခံခဲ့ ရသောကြောင့် ဖြစ်ပါသည်။
ကျမ သည်ဖက်ကို ထွက်လာကတည်းက တိုင်းရင်းသားတွေ၏ အစည်းအဝေးတွေ.. အခမ်းအနားတွေမှာ သတင်းသွားယူတိုင်း… “ဗမာတွေ…” အစချီ နာကျည်းမှုအလင်္ကာတွေကို အတော်လေး နာခံခဲ့ရပါသည်။
ဗမာစစ်တပ်… ဟုခေါ်သော အကျင့်ပျက်များ ပညာမဲ့များနှင့်တည်ဆောက်ထားသည့် ထိုစစ်တပ် ၏ လုပ်ရပ် မှန်သမျှအတွက် ကျမတို့ မြန်မာတိုင်းရင်းသားများ အခြောက်တိုက် တိုင်းရင်းသား ညီအကိုမောင်နှများ၏ မုန်းတီးမှုခံနေရသည်ကို ကျမ အတော်လေး ထိခိုက် ခံစားခဲ့ရပြီးဖြစ်ပါသည်။
သူက ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံရေးလုပ်နေသမျှ လူကြီးအားလုံးအား နံမည်တပ်၍ နံမည်ရှေ့တွင် ဦး … တပ်ခေါ်ရမည်ကို သိရလောက်အောင် မြန်မာမှုနှင့်ရင်းနှီးသော်လည်း သူ၏ ထိုနိုင်ငံရေးသမားများအပေါ် အထင်မကြီး… မလေးစား… ရွံရှာ စက်ဆုပ်မှုများအား ပြလိုသောအားဖြင့် နံမည်အတိုင်းခေါ်ဝေါ်သုံးနှုန်းလျှက် …
ရာထူးယူထားပြီး အလုပ်မလုပ်ဘူး။ ပိုက်ဆံကို မြန်မာပြည်ထဲမှာ မမြင်ဘူးခဲ့ဘဲနဲ့ ဒီဘက်ရောက်မှာ ငါတို့တောင် မသောက်နိုင်တဲ့ အရက်ကိုရေချိုးသလို သောက်နေတဲ့ကောင်တွေ…. စသဖြင့် နင့်နင့်နာနာပြောသမျှ ကျမမှာ မြန်မာဖြစ်မိသည့်အတွက် ခေါင်းငုံ့ခံခဲ့ရပါသည်။
ဒါကြောင့်လည်း ၈ လေးလုံး အရေးအခင်းကာလများအတွင်း ဟောပြောပွဲများတွင် ဆရာသော်က က “ကျနော် ဗမာလူမျိုးအဖြစ်က နှုတ်ထွက်ချင်နေတာ ဘယ်မှာ လျှောက်လွှာတင်ရမယ်မှန်း မသိလို့ဗျာ” ဟု သရော်လှောင်ပြောင်ခဲ့တာဖြစ်လိမ့်မည်။
---- ဥက္ကဌက သူ့ကားပြင်စရိတ်ဆိုပြီး ဘတ် နှစ်သောင်းတောင်းသတဲ့။ နင်စဉ်းစားကြည့်စမ်း။ နင်တို့ ဗမာ အဖွဲ့အစည်းတွေကို အန်ဂျီအိုတွေပိုက်ဆံပေးနေတာ ပုဂ္ဂလိက ကားဝယ်စီးဖို့ ကားပြပြီး ကားပြင်စရိတ်တောင်းတာ ထုတ်ပေးဖို့ မဟုတ်ဘူး။ နင်တို့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲအောင်လုပ်ဖို့ သူတို့ရှာထားတဲ့ငွေကို လာပေးတာ။
အခု နင်တို့လုပ်နေတဲ့ နိုင်ငံလွတ်မြောက်ရေး နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ။ အဲန်ဂျီအိုတွေက ပေးတဲ့ပိုက်ဆံကို နင်တို့လူကြီးတွေ ထိုင်သုံးနေတာ ဘတ် ဘယ်နှစ်သန်းရှိပြီလဲ။ အဲဒီငွေနဲ့ လုပ်တဲ့အလုပ် ဘယ်လောက်ပြီးမြောက် တွင်ကျယ်လဲ။ ဘယ်လောက်သုံးပီးရင် အလုပ် ဘယ်လောက်ပီးနေပြီဆိုတဲ့ အဖြေတခါမှ ထွက်မလာဘူး။
အရင်တုန်းက တိုင်းရင်းသားတွေလုပ်တဲ့အစည်းအဝေးပဲဖြစ်ဖြစ်… ဗမာတွေလုပ်တဲ့အစည်းအဝေးပဲ ဖြစ်ဖြစ် ငါ့ကိုဖိတ်ရင် ငါ လိုက်တက် သေးတယ်။ အခု ငါ့ကိုလာဖိတ်ရင် တကယ်အလုပ်ဖြစ်မယ့်ပွဲလား။ မဟုတ်ရင် ငါ့လာမပြော နဲ့ … နင်တို့ ပိုက်ဆံတောင်းဖို့ အကြောင်းပြ လုပ်တဲ့ပွဲကို ငါ စိတ်မဝင်စားဘူးလို့ ပြောလိုက်တယ်”
ကျမလည်း ဘာမှ မသိရသော ထိုသူပြောသည့်ကိစ္စများအတွက် ၂၀၀၆ ခုနှစ် ဇန်န၀ါရီလဆန်းမှာ အပြောခံခဲ့ရ သည့် ထိုစကားများသည် ကျမတသက်တာမှာ မြန်မာဖြစ်ရခြင်းအတွက် တနင့်နင့် ရှက်နေစေတော့မည့် ဘယ်တော့မှ မကျက်သော စိတ်ဒဏ်ရာများ ဖြစ်ခဲ့ရပါသည်။
ကျမတို့ သာမန်ပြည်သူများမှာ မြန်မာဖြစ်နေ သည့်အတွက် ရောက်လေရာမှာ …နင်မဟုတ်လည်း နင့်အဖေပဲ… ဆိုတာမျိုးနှင့် နာကျင် ရပေါင်းလည်း များလှပါပြီ။
ထို ထိုင်းဗိုလ်မှူးက ကျမကို နောက်ဆုံးပိတ်အနေနှင့် ပြောတာက “ငါ ဒီစကားတွေကို နင်တို့လူကြီးတွေကို ပြောပြီးပြီ။ တယောက်မှ အချိုးမပြင်ဘူး။ အရှက်မရှိဘူး။ အဲဒီတော့ နင်တို့လူငယ်တွေကို ငါက ထပ်ပြောကြည့်တာပဲ။ နင်တို့လက်ထက်မှာတော့ ဒီအချိုးတွေနဲ့ မဟုတ်ဘဲ ကိုယ့်တိုင်းပြည်အတွက် တကယ်အလုပ်လုပ်ကြ လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
အကယ်၍ ထိုသူ့နံမည်ကို အတိအကျသိလိုပါက ကျမကတော့ မမှတ်မိတော့ပါ။ သေချာတာကတော့ အဲသည်တုန်းက ကျမက ရှေ့ခန်းမှာထိုင်စီးပြီး သူပြောသမျှခံနေရချိန်တွင် နောက်ခန်းထဲ၌ သတင်းထောက် ကိုမိုးကျော်နှင့် ကျမ နံမည် မမှတ်မိတော့သော ကရင်လူငယ်လေးတယောက် ပါ ပါသည်။
သူတို့က တကယ် အိပ်ပျော်နေကြသလား … သည်အသံတွေ မကြားချင်၍ မပတ်သက်ချင်၍ပဲလားမသိ … တုပ်တုပ်မျှပင် မလှုပ်ခဲ့ကြပါ။
သည်တော့ ထိုသူ့နံမည်သိလိုသူများ သူတို့ကို ရှာဖွေမေးမြန်းနိုင်ပါသည်။ ကျမကတော့ ဦးနှောက် သိပ်မကောင်းသောကြောင့် တခါတည်းတွေ့ဖူးသောသူများ၏ အမည်ကို မှတ်မိရိုး ထုံးစံမရှိပါ။
အချိုးတွေ… ပြင်ဖို… ဆိုသည့်စကားကိုကြားတော့ ကျမက မြန်မာ့ရိုးရာပုံပြင်လေးတပုဒ်ကိုသွား၍ သတိရမိပြီး ပြုံးမိပါသည်။
ပုံပြင်ဖြစ်သောကြောင့် ဟိုး…. ရှေးရှေးတုန်းက… နှင့်ပဲ စရပါလိမ့်မည်။
ဟိုးရှေးရှေးတုန်းက ရွာလေးတရွာမှာ မိသားစုလေး တစုရှိပါသတဲ့။ အဲဒီမိသားစုလေးမှာ အလွန်မှ နမော်နမဲ့ နေတတ်ထိုင်တတ် တဲ့ သမီးတယောက်လည်းပါ ပါသတဲ့။
တနေ့တော့ ညစာ ထမင်းစားဝိုင်းထိုင်ကြတဲ့အခါ သူက ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်ပါသတဲ့။ အဲဒီလိုဆိုရင်ပဲ ဖခင်ဖြစ်သူက မျက်နှာ မသာမယာနဲ့ “ဒီနေ့ တို့တွေ နေရာပြောင်း ထိုင်ရစို့ရဲ့” လို့ပြောပြီး နေရာရွှေ့ဖို့ ပြင်သတဲ့။
ကျန်မိသားစုဝင်များကလည်း “ဟုတ်ကဲ့ အဖေ”… ဆိုပြီး နေရာရွှေ့လိုက်ကြပေမယ့် အဲဒီ မသိသားဆိုးဝါးလှတဲ့သမီးက အဖေ ကျမရော ပါသေးလား… လို့ နေရာမရွှေ့ဘဲမေးလိုက်တဲ့အခါ အဖေကြီးက စိတ်ဆိုးလာပြီး “နေရာပြောင်းဖို့ ပြောနေရတာ နင့်ကြောင့်” လို့ ပြောလိုက်ပါသတဲ့။
နိုင်ငံရေးအသိုင်းအဝိုင်းတွင် ညနေပိုင်း အရက်တမြမြနှင့်ဇိမ်ကျနေသော နိုင်ငံရေးသမားကြီးများအား ထိုပုံပြင်လေးကို နှစ်သစ်ကူး လက်ဆောင်အဖြစ် ပေးလိုက်ပါရစေ…။
သို့သော် အားလုံးက အဖေ ကျမရောပါသေးလား… ဆိုသူများချည့် ဖြစ်နေမည် ဆိုလျှင်တော့ ကျမတို့အားလုံး သေဖို့သာကောင်းပါတော့မည်။
ခွာညို
http://www.naytthit.com/ မှ ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment