Sunday, December 21, 2008

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့


စာအုပ်မှတ်တမ်း


စာအုပ်အမည်

စစ်အုပ်စု သက်တမ်းရှည်နေသရွေ့


ရေးသားသူ

တိုက်ပွဲဝင် ရဲဘော်တဦး


ထုတ်ဝေသည့်ခုနှစ်

၂ဝဝ၃ ခုနှစ်၊ ဒီဇင်ဘာလ


အုပ်ရေ

၁ဝဝဝ (ပထမအကြိမ်)


တန်ဖိုး

ထိုင်းနိုင်ငံပြင်ပ (၁ဝ) ဒေါ်လာ

ထိုင်းနိုင်ငံတွင်း (၁ဝဝ) ဘတ်


ထုတ်ဝေ၊ ဖြန့်ချိ

ရေစီးသံ ဂျာနယ်


ကွန်ပျူတာ နှင့် စာအုပ်အလှ

မောင်တောက်

မောင်မောင်ဦး နှင့် ရေစီးသံ ရဲဘော်များ



ကိုကိုးကျွန်း အပါအဝင် စစ်အစိုးရ၏ အကျဉ်းထောင်များတွင် ကျဆုံးသွားခဲ့ရသော

ရဲဘော်များ တိုက်ဖော်တိုက်ဖက်များကို ရည်ညွှန်းပါသည်။



အမှာစာ


ကိုကိုးကျွန်းအကြောင်းရေးပါလို့ ကျနော့်ကိုတိုက်တွန်းသူ အများကြီး ကြုံခဲ့ဖူးပါတယ်။ ဒီအထဲမှာ ပထမဆုံးနဲ့ အလေးနက်ဆုံး တိုက်တွန်းသူဟာ ကျနော့်အမေပါ။


ကျနော် ထောင်ကထွက်လို့ အိမ်ကိုပြန်ရောက်တယ်ဆိုတာနဲ့ တိုက်တွန်းတာပါ။ “ငါ့သားအခုလို မှတ်မိတုန်းရေးထား၊ နောင် မေ့ကုန်ရင် နှမြောစရာကြီး” လို့လည်း အမေက ပြောပါသေးတယ်။ ကျနော်က စာရေးလည်း ပျင်း၊ ကိုယ့်အကြောင်းကိုယ်ရေးရမှာလည်း ဝန်လေးမို့ မရေးဖြစ်ခဲ့ပါ။


အခု ဒီစာအုပ်မှာ အမှာရေးဖို့ဆိုတော့လည်း ကျနော် နည်းနည်း လက်တွန့်မိပြန်ပါတယ်။


ဘာကြောင့်လဲဆိုတော့ ဒီစာအုပ်ရေးသူနဲ့ ကျနော်ဟာ အဖမ်းခံရတော့လည်း အမှုတွဲတခုထဲ၊ မန္တလေး ထောင်မှာ လည်း တတိုက်ထဲ၊ ကိုကိုးကျွန်းကျတော့လည်း တဆောင်ထဲ၊ တဆောင်ထဲမှ အိပ်ရာချင်း ကပ်ရက်၊ အနီးကပ်ဆုံး တိုင်ပင်ဖော်တိုင်ပင်ဖက်၊ တိုးတိုးဖော်တိုးတိုးဖက်လို့တောင် ပြောနိုင်သေး၊ ကျွန်းကပြန်လာပြီး အင်းစိန်ထောင်ကို ပြန်ရောက်တော့မှသာ တယောက်နဲ့တယောက် လူချင်းကွဲသွားကြတာ။


ဒါတောင် ထောင်ကထွက်လာလာချင်း သူ မန္တလေးကိုတက်လာပြီး ရှာတဲ့လူတွေထဲမှာ ကျနော်ဟာ ရှေ့ဆုံးက၊ အဲတော့ သူ့အကြောင်း ဟာ ကျနော့်အကြောင်းတပိုင်းလိုဖြစ်နေတာမို့ အမှာရေးပါဆိုတော့ ကျနော်လည်း ဆ’နေမိတယ်။


တကယ်ပါပဲ။ ကိုကိုးကျွန်းအကြောင်း သမိုင်းအဖြစ်အပျက်ဟာ အခုအထိ မဖြည့်ရသေးတဲ့ ကွက်လပ်ကြီးတခုအဖြစ် ကျနော်တို့နိုင်ငံမှာ တည်ရှိနေပါတယ်။


အဓိကနဲ့ တခုတည်းသောအကြောင်းရင်းကတော့ ရေးခွင့်မရလို့ပါ။ ပထမအကြိမ် ကိုကိုးကျွန်းအပို့ခံရတဲ့အကြောင်း ဦးနုရဲ့ ပထစ အစိုးရ လက်ထက်မှာ စာအုပ်အတော်အသင့် ထွက်ခဲ့တယ်။


အခု ဒုတိယအကြိမ် ကိုကိုးကျွန်းအပို့ခံရတဲ့အကြောင်းကိုလည်း ရေးခွင့်သာရကြလို့ကတော့ ရေးလိုက်ကြမယ့်ဖြစ်ခြင်း။ ကျွန်းကို ဦးလေး ဦးတင်အောင်(ဗန်းမော် တင်အောင်) ဦးလေးမြသန်းတင့်တို့လို စာရေးဆရာတွေ အများကြီးပါလာတာပဲ။


သတင်းစာလောကသားတွေလည်း နည်းတာမဟုတ်ဘူး။ နောက်ပြီးအခုအခါ စာပေလောကမှာ နာမည်ရနေတဲ့ လူထု ကိုစိန်ဝင်း၊ ထက်မြက်၊ ဇော်ဝင်းကို (ပျဉ်းမနား)၊ မင်းသိင်္ခ၊ မိုးဝေ အယ်ဒီတာ ကိုသန်းနိုင်၊ ကဗျာဆရာ ကိုအုန်းမြင့်လှိုင်၊ မောင်လေးမွန် (ပျဉ်းမနား) စတဲ့ ကျွန်းပြန်တွေ အများကြီးရှိနေတာပဲ။


ပြည်ပမှာ မန်းငြိမ်းမောင်ရဲ့ ‘မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ’ စာအုပ်ထွက်လာတော့ ကျနော် အတော်ကို ဝမ်းသာမိပါတယ်။ မုဒိတာလည်း ပွားပါတယ်။ ဒါပေမယ့် အမှန်ပြောရရင် ကျနော် တကယ်ဖတ်စေချင်တာက ကျနော်တို့နိုင်ငံထဲကလူတွေပါ။


ဘယ်လိုပဲဖြစ်ဖြစ်၊ သစ် မရှိခင် ဝါးပေါင်းကွပ်ရသလို ပြည်ပမှာထွက်လာတဲ့ ကျွန်းအကြောင်းစာအုပ်တွေကို ဝမ်းပမ်းတသာ ကြိုဆိုရမှာပါ။


ဗမာပြည်သမိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ကိုကိုးကျွန်းပို့ခဲ့တာအားလုံးဟာ ဗိုလ်နေဝင်းရဲ့ စစ်အစိုးရ လက်ထက်မှာချည်း ဖြစ် ပါတယ်။


တတိယကမ္ဘာနိုင်ငံတွေမှာ တွေ့ရလေ့ရှိတဲ့ ဖိနှိပ်သူတွေရဲ့အလေ့အထတခုက တခါတခါမှာ ကိုလိုနီအုပ်စိုးသူထက် ကိုယ့်နိုင်ငံသား အုပ်စိုးသူက ပိုရက်စက်တတ်တယ်ဆိုတာပါပဲ။


အင်ဒိုနီးရှားမှာ ကွန်မြူနစ်တွေ၊ အလုပ်သမား - လယ်သမားတွေကို သတ်တာမျိုး ဒပ်ခ်ျကိုလိုနီသမားတွေ မလုပ်ဝံ့ပါဘူး။ (စစ်တိုက်ရင်း သတ်တာဖြတ်တာကို မဆိုလိုပါ။)


ကိုကိုးကျွန်းကိုပို့ခဲ့တာတွေမှာ ကျနော်သတိထားမိတဲ့ ထူးခြားချက်တချို့ရှိတယ်လို့ ထင်ပါတယ်။


ပထမတခါ ၁၉၅၈ ခုနှစ် နိုင်ငံရေးသမားတွေကို ကိုကိုးကျွန်းပို့တုန်းက ပုဂ္ဂလိကသတင်းစာ အပါ ဖဆပလ အစိုးရလက်ထက်က ဒီမိုကရေစီအကြွင်းအကျန် ရှိတန်သလောက် ရှိနေပါသေးတယ်။


ဒါကြောင့် ကျွန်းကိုပို့တယ်ဆိုတာနဲ့ ပြည်တွင်းက လူထုတွေသိကြပြီး ကန့်ကွက်တာတွေ လုပ်နိုင်ခဲ့ပါတယ်။ ၁၉၆၉ ခုနှစ်မှာ ဒုတိယ အကြိမ်ပို့တော့ စစ်အစိုးရဟာ ဘယ်သူမှမသိအောင် ဖုံးဖိထားနိုင်ခဲ့ပါတယ်။


ဒါကြောင့်လည်း ဒုတိယအကြိမ် ကျွန်းပေါ်ကတိုက်ပွဲတွေဟာ ပိုမိုကြီးမားတဲ့ စွန့်လွှတ်မှုတွေ အရင်းအနှီးပေးရတာဖြစ်ပါတယ်။

အဲဒီတုန်းက နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲကိုသာ အာရုံစိုက်နေတာဆိုတော့ ဗမာပြည်အရေးကို ဂရုမထားပါဘူး။


အကျဉ်းသားအခွင့်အရေး ကာကွယ်ရေးအဖွဲ့တို့၊ လူ့အခွင့်အရေးအဖွဲ့အစည်း စတာတွေကလည်း နောဇာနာမိ ငါမသိပဲ လုပ်နေကြတာပါ။ အကျဉ်းကျနေသူတွေဟာ လက်ဝဲနွှယ်သူတွေဖြစ်လို့ကလည်း အကြောင်းတချက်ဖြစ်မယ် ထင်ပါတယ်။


ဒုတိယအကြိမ် ကိုကိုးကျွန်းအကြောင်းပြောကြရာမှာ မပါမဖြစ်ပြောကြရတာက ကျွန်းပေါ်ကတိုက်ပွဲတွေ၊ အထူးသဖြင့် ရဲဘော် ၈ ယောက် ကျဆုံးရတဲ့ ၅၃ ရက်တိုက်ပွဲဖြစ်ပါတယ်။


ဒီတိုက်ပွဲဟာ အထက်မှာပြောခဲ့သလို ပြည်တွင်းပြည်ပအားလုံးနဲ့ အဆက်ဖြတ်ခံထားရတဲ့ အနေအထားမှာ အရက်စက်ဆုံး အစိုးရကို ရင်ဆိုင်ပြီး သူတို့ရဲ့မူအကျဆုံးဖြစ်တဲ့ ကိုယ်ထူကိုယ်ထ ပေါ်လစီကို တိုက်ရတာမို့ ပိုမိုခက်ခဲ၊ ပိုမိုစွန့်လွှတ်ကြရတာ ဖြစ်ပါတယ်။


ဘာပဲဖြစ်နေနေ သူတို့ရဲ့တိုက်ပွဲဟာ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ကျနော်တို့စံပြုလေ့လာရမယ့်အချက် ဖြစ်ပါတယ်။


အခြေအနေချင်းမတူတာကို အတင်းပုံတူကူးဆွဲလုပ်ကိုင်ဖို့ မဟုတ်ပါဘူး။


ဒါပေမယ့် အချက်တချက်ကဖြင့် အားလုံး အသိအမှတ်ပြု အတုယူစံထားရမယ် ထင်ပါတယ်။


အဲဒါက ရဲဘော် သိန်းကြည်၊ ရဲဘော် အုံးမော်၊ ရဲဘော် ချစ်ဆွေ၊ ရဲဘော် ထွန်းမြင့်၊ ရဲဘော် စိန်ချင်း၊ ရဲဘော် မောင်မောင်စိုး၊ ရဲဘော် လေးမောင်၊ ရဲဘော် ထွန်းဝင်းတို့ရဲ့ အသေခံ တိုက်ပွဲဝင်စိတ်ဓာတ် ဖြစ်ပါတယ်။


ဂျာမဏီက ကမ္ဘာကျော် ပြဇာတ်ဆရာ၊ ကဗျာဆရာ ဘားတော့ဘရက်က သူ့ရဲ့ကဗျာတပုဒ်မှာ “သူရဲကောင်းမရှိတဲ့နိုင်ငံဟာ သနားစရာ မဟုတ်ဘူး၊ သူရဲကောင်းလိုနေတဲ့ နိုင်ငံဟာ သနားစရာ” လို့ ရေးဖူးပါတယ်။


ကိုကိုးကျွန်းမှာတော့ သူရဲကောင်းတွေရှိနေခဲ့လို့ ဂုဏ်ပြောင်ခဲ့ရပါတယ်။ အောင်ပွဲလည်း ခံခဲ့ပါတယ်။


အဆုံးအဖြတ်ကျတဲ့ တိုက်ပွဲတခုကိုတိုက်မယ်ဆိုရင် စွန့်လွှတ်ဖို့ပိုင်းဖြတ်မှုမရှိဘဲ မရနိုင်ပါဘူး။ အဲဒီတရားဟာ နိုင်ငံရေးနယ်ပယ်မှာ အကြွင်းမဲ့မှန်ကန်တယ်လို့ ထင်မြင်မိပါတယ်။ နောက်တခုက ကိုယ့်လွတ်လပ်မှုအတွက် ကိုယ့်ဟာကိုယ်ပဲ တိုက်ကြရတယ်ဆိုတာပါ။


ကိုကိုးကျွန်းအာဇာနည်များရဲ့ သေရဲတဲ့ တိုက်ပွဲဝင်ရဲတဲ့ အောင်ပွဲယူရဲတဲ့စိတ်ဓာတ် အဓွန့်ရှည်ပါစေ။


ရဲဘော် ဖိုးသံချောင်း

၇ ၊ ၉ ၊ ၂ဝဝ၃


ဆက်လက်ဖော်ပြပါမယ်။


No comments: