Saturday, December 20, 2008

မြူမှုန်များ၏ သံစဉ်လှိုင်း


သူနှင့်ငါ ဘာများကွဲပြားခြားနားပါသလဲ။ မြူမှုန်ငယ်များ ဒြဗ်ဖွဲ့တွဲဆက်နေသော လောကကမ္ဘာမြေဝယ် ဖြစ်စဉ်များသည် သံကြိုးကွင်းဆက်များပမာ ကျိုးကြောင်း ဆက်စပ် ရစ်ပတ်နွယ်ယှက်နေသည်သာ။


***


ပါးလျလျ ပိုးဟပ်ဖြူမလေးက ဆေးခန်းသို့လာရသည့် သူမ ရည်ရွယ်ရာဆန္ဒကို ရိုးရှင်းစွာ ပြောပြသည်။


“ဒေါက်တာ ကျွန်မ အခုတလော မောလည်း မော၊ မူးလည်း မူးတယ်။ အစာလည်း မစားနိုင်ဘူး။ ကျွန်မအလုပ်ဆင်းနိုင်အောင် အားဆေးသွင်းပေးပါနော်”


သူမဆန္ဒကို လိုက်လျောရင်း - “သွေးအားနည်းတာကိုကွယ်၊ ဖြူဖျော့နေတာပဲ။ သွေးအားကောင်းဖို့ အားဆေးတွေလည်း ပေးလိုက်မယ်။ သားငါး အသီးအရွက် တွေလည်း စုံအောင်စားမှ၊ အနားလည်း ယူမှဖြစ်မှာပေါ့”


“နားလို့မရပါဘူး ဒေါက်တာရယ်။ ကျွန်မတို့စက်ရုံက တရက်အလုပ်ပျက်ရင် ငွေငါးရာတောင်ဖြတ်တာ၊ သုံးရက် ပျက်ကွက်ရင် အလုပ်ပြုတ်ရော။ အလုပ်ရဖို့က ခက်တယ်။ ကျွန်မဆို ဒီအလုပ်ရဖို့ ငွေသုံးထောင်တောင်ပေးရတာ။ နေမကောင်းလည်း ပေပြီးဆင်းနေကြရတာပဲ”


“ဒါဆိုလဲ အလုပ်ပိတ်ရက်မှာ ကောင်းကောင်းနားပေါ့ကွယ်”


အားလျော့ဟန် သူမအပြုံးနောက်ကွယ်မှ မနိုင်ဝန်များကို ကျွန်မ မြင်နေရသည်။


“ပြီးခဲ့တဲ့အပတ်ကတော့ အလုပ်အရေးကြီးလို့တဲ့ တနင်္ဂနွေတောင် မနားလိုက် ရပါဘူး။ မနက် ၆ နာရီခွဲ အိမ်က ထွက်ရတာ။ ဖယ်ရီက လာကြိုတယ်လေ။ ခုတလော ညဆို ဆယ့်တစ်နာရီလောက်မှ အိမ်ပြန်ရောက်တာ။ အိုဗာတိုင်ကလည်း မဆင်းမနေရ ဆင်းရတာ ဒေါက်တာရဲ့ …”


ကျွန်မမှာ သက်ပြင်းချမိရုံမှတပါး … ။


***


အရပ်မြင့်မြင့် ညိုမောင်းမောင်း ယောင်္ကျားသားလည်း နေမကောင်းသည့်အခါ အားအင်ဆုတ်ယုတ်မြဲ။


“နေလို့မကောင်းတာ လေး ငါးရက်ရှိပြီဗျ။ ကောင်းနိုး ကောင်းနိုးနဲ့ ဒီနေ့တော့ အလုပ်ထဲမှာ မူးလဲတော့တာပဲ။ ကိုယ်ခြေထောက်တောင် ကိုယ်မသယ်နိုင်တော့ဘူး။ ကိုယ်လက်တွေက အရိုက်ခံထားရသလို နာနေတာ”


“အဖျားသွေးဝင်ပြီး အားနည်းနေလို့ပါ။ ဆေး သုံးရက်စာ ပေးလိုက်မယ်။ မနက်ဖြန်တော့ အနားယူလိုက်ပါဦး”


အပြင်းဖျားပြီး မထနိုင်တဲ့လူမမာက နှစ်နာရီနီးပါး ဘတ်စ်ကားတိုးစီးပြီးသွားရမည့် အလုပ်ခွင်ထဲမှာ နက်ဖြန်ခါ သူမရှိလို့ မဖြစ်ဘူးဆိုတော့ …


ကျွန်မ သက်ပြင်း ရှိုက်မိပြန်သည်။


***


ရံဖန်ရံခါ ကျွန်မ၏ ကျေးလက်ဆေးခန်းမှာ လူတွေအုံခဲ ရုတ်ရုတ်သဲသဲ ဖြစ်လာ တတ်တာ မဆန်းလှတော့။


ဒီတခါတော့ ကိုယ်ဝန်ပျက် သွေးသွန်၊ ရိုက်နှက်ကွဲပြဲ၊ တံဇဉ်ပြတ်၊ မြွေဆိပ်တက်၊ ပိုးသတ်ဆေးသောက်၊ သစ်တုံးပိ စတာတွေ မဟုတ်ပြန်။


“ကုန်စိမ်းသွားကောက်တာ လမ်းမှာကားမှောက်လို့လုပ်ပါဦး ဆရာမရယ်”


လူအုပ်ကြားမှ ကုန်စိမ်းသည် ‘မအေးတင်’၏ မျက်နှာမှာသွေးစီးကြောင်းများ ရဲရဲနီထွေးလို့။ သွေးစေးလူးပေ စေးထန်နေသည့် ဆံပင်ချည်ပင်ထွေးတွေကလည်း ဖိုးရိုးဖားယား။


စိုးရိမ်တကြီး ဆေးရုံမသွားကြဘူးလား မေးလိုက်သည့် ကျွန်မကို မအေးတင် ကိုယ်တိုင် ပြန်ဖြေပါသည်။


“ဒဏ်ရာပြင်းတဲ့လူ၊ သတိလစ်တဲ့လူတွေတော့ ဆေးရုံပို့ကြတယ်။ ကျွန်မကတော့ ကိုယ်ဘာသာ ထလာတာ။ ဒဏ်ရာကများလှတာမှ မဟုတ်တာ၊ နဖူးကို ဘာနဲ့ ခိုက်မိလိုက်တယ်မသိပါဘူး တော်၊ သွေးတိတ်အောင်လုပ်ပါဦး ဆရာမရယ်”


ခဏကြာတော့ …


“ကဲ သွေးလဲတိတ်ပြီ၊ သုံးချက်ချုပ်ပေးလိုက်တယ်။ အိမ်ပြန်လို့ရပါပြီ”


အလုပ်ကိုလက်စသတ် အမောဖြေရင်း ပြောလိုက်သည့် ကျွန်မကို …


“အိမ်မပြန်နိုင်သေးဘူး ဆရာမရေ၊ ဈေးသွားရဦးမှာ၊ ဒီမှာ ကုန်စိမ်းတွေက ကောက်ပြီးသားဖြစ်နေပြီ။ မရောင်းရရင် နွမ်းဖတ်ပြီး ပစ်လိုက်ရမှာပေါ့တော်”


အသက်ရှုလိုပင်မဝသေးသော ကျွန်မက ဘာများပြန်လည် ပြောကြားနိုင်စွမ်း ရှိပါဦးတော့မှာတဲ့လဲ …။


***


သူတို့နှင့် ကျွန်မ ဘာမျှ မခြားနားပါ။ ကျွန်မဟာ မြူမှုန်ထုကြီးထဲက မြူမှုန်လေး တမှုန်။ သံကြိုးကွင်းဆက်ထဲက သံကြိုးကွင်းလေး တကွင်းမျှသာ။


အရှေ့အရပ်မှရောက်လာမြဲ နေဝန်းဝါဝါရဲ့ လန်းဆက်တဲ့ လက်တံသွယ်သွယ်တွေ ကျွန်မကို တို့ထိနှုတ်ဆက်ချိန်ကတည်းက ဆေးခန်းထဲဝင်ခဲ့တာ။ ကမ္ဘာလောကကြီး တခုလုံး ကိစ္စများမြောင် လူတို့ဘောင်ထုံးစံအတိုင်း သူ့ကို ငဲ့စောင်းမကြည့်အား တာကို စိတ်ပျက်ဝမ်းနည်း မျက်နှာကြီးနီပြီး ဟိုအနောက်ဖက် တောတန်းဆီ နေဝန်းကြီး ပြေးဝင်ပုန်းကွယ်သွားသည့်တိုင် …


ဆေးခန်းထဲမှ ထွက်မလာဖြစ်သေးတာ ဘဝရပ်တည်မှု ပရိယေသန ဝမ်းစာကြောင့် ပါ။


လူနာစမ်းသပ်ရင်း မတ်မတ်ရပ်နေရတဲ့ ခြေထောက်တွေ ညောင်ညာတောင့်တင်း လာသည့်တိုင် … ။


နားကြပ်နဲ့ ဆေးထိုးအပ်ကိုင်လက်ကလေးတွေ လေးလံကျိန်းစပ်လာသည့်တိုင် … ။


တဖွဖွ တတွတ်တွတ်မေးမြန်းမှာကြာနေဆဲ နှုတ်ခမ်းသားများ သွေ့ခြောက်အက်ကွဲ လာသည့်တိုင် ….။


ချည်တိုင်မှာ ရစ်ပါတ်တွယ်ငြိဆဲ။


ဘယ်အချိန် ဘယ်ကာလမှာမှ ဆုံးနိုင်အံ့မထင်တဲ့ ဝတ္တရားများစွာနဲ့ ဆေးခန်းထဲမှာ ကျွန်မ၏ပျိုမြစ်ခြင်းတွေ တတိတိတိုက်စားခံလာခဲ့ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲလေ။


***


သည်နေ့သည်ရက်များမှာတော့ ကျွန်မ၏ဆရာဝန်ဖြစ်တည်မှုမှ၊ ကျွန်မ၏ ဆေးခန်းတာဝန်မှ ယာယီလွတ်မြောက်နိုင်လေပြီ။


လက်မှတ်ရေးထိုးထားသည့် စာရွက်တရွက်၏သက်ရောက်မှုကို ကျွန်မ မငြင်းပယ်နိုင်။


အမှတ်မထင်ရောက်လာသည့် တရားဝင်အားလပ်ရက်များသည် ကျွန်မကို အကြမ်းပတမ်း တိုးဝှေ့ဖက်ရမ်းလိုက်တော့သည်။


ထိုအရှိန်အဟုန်ကြောင့်ထင့်။ သံကွင်းလေးသည် ချိတ်ဆွဲထားရာမှ ပြုတ်ထွက်ကာ လေဟာနယ်တွင်း တွယ်ရာမဲ့ ချာလည်လည် နေရပေဦးတော့မည်။


ယာယီအခိုက်အတန့်မျှပေါ့လေ။


မကြာမီ … ။


မြူမှုန်ငယ်တစသည် မြူထုထဲတိုးဝင် ဒြဗ်ဖွဲ့တည်ရှိနေရပေဦးမည်သာ။ ။


ဆွေရည်လင်း

(ရနံ့သစ်မဂ္ဂဇင်း၊ အမှတ် ၅၆၊ ဇန်နဝါရီလ၊၁၉၉၈ ခုနှစ်)


No comments: