ရက်လေးဆယ်တိုက်ပွဲအတွင်းမှ လင်းယုန်ကြီး
ပြည်တော်ညွန့်သင်္ဘော
အတူလာခဲ့ကြသူတွေကလွဲလို့ တွေ့လိုက်ရတဲ့သူတိုင်းဟာ မျက်နှာစိမ်းချည်း ဖြစ်နေပါတယ်။ သို့သော် အားလုံးကတော့ ဘဝတူတွေပါ။ မျက်နှာစိမ်းတွေဆိုရပေမယ့် အများစုဟာ ရင်းနှီးပြီးသားဆိုရင်လည်း မမှားပြန်ပါဘူး။ နာမည်ကြားဖူးတာလည်း ရှိမယ်။ သတင်းစကားနဲ့ သူ့အကြောင်းကိုယ့် အကြောင်း အပြန်အလှန် သိနေကြတာလည်းရှိတယ်။
ခုတော့ တယောက်ကိုတယောက် တစုကိုတစု အကဲခတ်လျှက်ပဲရှိကြတယ်။ ကိုယ့်အချင်းချင်း ထင်မြင်ချက် တိုးတိုးပေးကြ၊ လူစိမ်းများကို အသိအမှတ်ပြုဟန် လှမ်းပြုံးပြလိုက်ကြနဲ့ ဂနာမငြိမ်ဖြစ်နေကြတာတော့ အမှန်ပါ။
ကြာပါပြီ လွန်ခဲ့တဲ့နှစ် ၃ဝ လောက်က အဖြစ်အပျက်ပါ။ အတိအကျပြောရရင်တော့ ၁၉၆၉ ခု၊ ဖေဖော်ဝါရီလ ၁၂ အလွန် ညသန်းခေါင်ကျော်။ နေရာက ပြည်တော်ညွန့်သင်္ဘော အောက်ထပ်၊ ဝမ်းဗိုက်ပိုင်းမှာပါ။
အားလုံးက အထုပ်အပိုးလေးတွေကိုယ်စီနဲ့ အဝတ်အစားရယ်၊ စာအုပ်တွေရယ်၊ တချို့ကျတော့ ဆေးဝါးနဲ့ စားစရာလေး အနည်းအပါး ထည့်ထားတဲ့ လက်ဆွဲတန်ဆာလေးတွေရယ်။ အလွန်ဆုံးပါလှ ၂ ထုပ် ၃ ထုပ်ပါပဲ။
ဒါတောင် သူတို့က ပြောလိုက်ကြသေးတယ်။ တသက်လုံး ထားမှာမို့တဲ့။ ဒါကြောင့်ထင်ပါရဲ့ ဖမ်းစဉ်ကပါလာတဲ့ ပစ္စည်းလေးတွေနဲ့ နှစ်ရှည်လများ အကျဉ်းချခံရစဉ် အိမ်ကမှာဖတ်တဲ့ စာအုပ်တွေပါ တချို့က ရလာခဲ့ကြတယ်။
ကျန်းမာရေးဆိပ်ကမ်းကို ညနက်သန်းခေါင် အင်းစိန်ထောင်ကထွက်လာတဲ့ ဟီးနိုးကားကြီးတွေ တစီးပြီး တစီး ထိုးဆိုက်တာနဲ့ တယောက်စီ ကိုယ့်အထုပ်ကိုယ် ဆွဲတန်တာ ဆွဲ၊ ပိုးတန်းတာပိုးပြီး ဆိပ်ခံပေါ်ကတဆင့် သင်္ဘောပေါ်တက်ကြရတယ်။ ဘေးနှစ်ဖက်မှာ G-3 သေနတ်ကိုယ်စီနဲ့ စစ်သားတွေ အပြည့်စီတန်းနေကြတယ်။
ဒီ ကိုယ်ရံတော်ဂုဏ်ပြုတပ်ဖွဲ့ကို ဖြတ်လျှောက်စဉ် တွဲဖက်ထောင်မှာ ပိတ်လှောင်ခံထားရလို့ ချိနေတာရယ်၊ ဝန်ထုပ်ဝန်ပိုးတွေ သယ်ပိုးလာရတာရယ်၊ ရာသီကလည်း အေးစက်ထုံကျင်နေတာရယ်ကြောင့် လူက ခြေလှမ်း မမှန်ချင်။
အတက်မှာ တချက်ယိုင်ပြီး ဘေးဘက်ရောက်သွားလိုက်၊ ကိုယ်ရံတော်များက G-3 ကို ပြားလိုက်ကပ်ပြီး တွန်းထုတ်လိုက်နဲ့ သင်္ဘောပေါ် ဒယီးဒယိုင် ရောက်သွားပါတော့တယ်။
ဖြစ်စဉ်တခုလုံးမှာ နားချိန်မရ၊ ဆက်တိုက်လိုပင် သင်္ဘောဝမ်းဗိုက်ထဲ ဆင်းခိုင်းပြန်ပါတယ်။ လှေကားက နှစ်စင်း၊ ဟိုဘက်ဒီဘက် ယှဉ်လျက်ပါ။ ဆင်းချင်တဲ့ဘက်က ဆင်းလို့ရပါတယ်။ ၄-၅ လှမ်း ဆင်းလိုက်တာနဲ့ အောက်မှာတွေ့ရတဲ့ မြင်ကွင်းက ဘူတာရုံ၊ သင်္ဘောဆိပ်မှာ မြင်ရတတ်တဲ့အတိုင်းပါပဲ။
နေရာရွေးထိုင်ကြရတဲ့အချိန်လေးမှာ ပြောစရာရှိတာပြောကြ၊ အခြေအနေကို တွက်ဆကြနဲ့ ရှိနေကြတယ်။ ရင်းနှီးရာစုနေကြဟန်ရှိတဲ့ လှုပ်လှုပ်ရွရွမြင်ကွင်းထဲမှာ သူ့ကို လှမ်းမြင်လိုက်ရတယ်။
မတ်တတ်ရပ်လျက်သား၊ ရှေ့မှာလည်း အထုပ်ကလေး နှစ်ထုပ်၊ သုံးထုပ်နဲ့ ဘေးမှာတော့ မျက်မှန် ထူထူ အရပ် ပျပ်ပျပ်၊ ခပ်ပိန်ပိန်က တယောက်။ ကိုယ်လုံးကိုယ်ထည် တုတ်တုတ်ခိုင်ခိုင်နဲ့ လူကြီးက တယောက်။
သူ့ကိုတော့ ချက်ချင်း မှတ်မိလိုက်ပါတယ်။ ဥပတိရုပ်ကလည်း တခါတွေ့ဖူးရင် မေ့မရတဲ့ ရုပ်မျိုး၊ အရပ်ရှည်ရှည်၊ မျက်ခုံးထူထူ၊ ဆွဲဆောင်မှုရှိတဲ့ မျက်နှာကျ၊ ဟန်ပန်က ယဉ်ကျေးပြီး အိနြေ္ဒရှိတဲ့ အပြောအဆို အလှုပ်အရှား။
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းများအတွက် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရယ်၊ ပမညတ မှ သခင် အေးကျော် ရယ်၊ သူရယ်၊ ကျနော်တို့မြို့ကို ရောက်လာဖူးတယ်။ ကျနော်တို့က ဧည့်ခံရတဲ့ ကျောင်းသားတွေပါ။
အရပ်အမောင်းကောင်းကြသူချည်းဖြစ်လို့ အမှတ်ထင်ထင်ဖြစ်ခဲ့ရာက ခုလို တွေ့တွေ့ချင်း မှတ်မိခြင်းလည်း ဖြစ်နိုင် ပါတယ်။ လူပုဂ္ဂိုလ်အနေနဲ့ကလည်း ဘယ်လိုမှ မေ့မပစ်နိုင်တဲ့သူ။
ပြည်တော်ညွန့်သင်္ဘော
ထိုခေတ်က တိုးတက်တဲ့လူငယ်တွေဟာ သူ့စာတွေကို ဖတ်၊ သူ့ဇာတ်ကောင်တွေကို အရူးးအမူး စွဲလန်း၊ အားကျ၊ သူ့အဘိဓမ္မာကို လက်ခံ၊ တော်လှန်ရေးသမားဖြစ်ချင်တဲ့ အာလျတွေပေါ်ပေါက်၊ သူ့တော်လှန်ရေး စိတ်ဓာတ်ကို အတုယူရာက တော်လှန်ရေးသမားဖြစ်ကြတာ မနည်းလှပါဘူး။
ဒီလိုနဲ့ ခုပဲကြည့်လေ ကျနော်ကိုယ်တိုင် တော်လှန်ရေးသမား၊ သူပုန်ကျောင်းသားအဖြစ် ထောင်အဆင့်ဆင့် ပြောင်းခဲ့ရာက ပြည်တော်ညွန့်သင်္ဘောပေါ် တက်ခဲ့ရပြီကော။
သူတို့သုံးယောက်ဟာ လှေကားပေါ်က ရှေ့ဆင့်နောက်ဆင့်ဆင်းလာတဲ့ ကျနော်တို့ကို စိတ်ဝင်တစားကြည့်ပြီး စကားပြောနေကြဟန် ရှိပါတယ်။ အောက်ရောက်လို့ ခဏကြာတော့ အရင်းနှီးဆုံး ရဲဘော် ကိုအောင်ဘော် ဆင်းချလာပါတယ်။
သူက “ … ရေ၊ လှေကား နှစ်စင်းကိုရောက်တော့ ခင်ဗျား ဘယ်လှေကားက ဆင်းသွားမှန်းမသိလိုက်ဘူး။ ဒါနဲ့ နံကြားထောက်ပြီး ဆင်းလာတာ အတ်ာပဲ။ ခင်ဗျားရှိတဲ့အခန်းကို တိုက်ရိုက်ရောက်လာတယ်။ ပျော်လိုက်တာ” တဲ့။
“ဟုတ်ကဲ့ … ခင်ဗျား ဘယ်လှေကားကဆင်းဆင်း ဒီအခန်းထဲရောက်မှာပါပဲ။ နောက်တခန်းမှာလည်း လှေကားနှစ်စင်းရှိတာပဲဗျ”လို့ အသံတသံ ထွက်လာပါတယ်။ ဘေးမှာရှိတဲ့ မျက်နှာစိမ်း လူငယ်တယောက်ရဲ့ ရင်းရင်းနှီးနှီး ဝင်ပြောလိုက်တဲ့အသံပါ။ သူ့ကို သေသေချာချာကြည့်လိုက်တော့ အသားညိုညို၊ အရပ်မြင့်မြင့်၊ ခပ်သွယ်သွယ်၊ ခပ်ကျစ်ကျစ်နဲ့ ခင်မင်ဖွယ်ရာ မျက်နှာထားရှင်။
“ကျနော့်နာမည် ချစ်ဆွေ၊ ပြည်က ဗကသ ကျောင်းသားပါ”လို့ တဆက်တည်း သူ့ကိုယ်သူ မိတ်ဆက်တော့မှ ပင်လယ်ကူးသင်္ဘောမစီးဘူးတဲ့ အညာသား ကျနော်တို့တတွေ အားရပါးရ ရယ်မောမိကြပါတော့တယ်။
သူသိသမျှ လက်ညိုးထိုးမိတ်ဆက်ပြလို့ ဦးတင်အောင် ဘေးနားက ပုဂ္ဂိုလ်နှစ်ဦးမှာ တယောက်က ဦးမြသန်းတင့်၊ နောက်တယောက်က ကေတီ ဦးကျော်တင့်မှန်း သိလိုက်ရပြန်ပါတယ်။ မန္တလေးထောင်မှပြောင်းလာသူ ကျနော်တို့ကျောင်းသားလူငယ်တသိုက်ဟာ တခဏချင်း အင်းစိန်ထောင် လူခံကျောင်းသားတွေနဲ့ အပြန်အလှန် မိတ်ဆက်၊ အပြန်အလှန် ရင်းနှီးသွားကြပါတော့တယ်။
မကြာလိုက်ပါ။ ဦးတင်အောင်တို့နောက်နားကလူတယောက် နေရင်းထိုင်ရင်းက လဲကျသွားပါတယ်။ သူက ကတိုက်ကရိုက် လှည့်ကြည့်လိုက်ပြီး “အို”ဆိုတဲ့ ကရုဏာသံတချက် ထွက်လာပါတယ်။ ဝိုင်းအုံကြည့်လာတဲ့ လူလေးငါးယောက်ကို ဘေးဖယ်ပေးဖို့ မေတ္တာရပ်ခံတဲ့ ဦးမြသန်းတင့်ရဲ့ ပြာအက်အက်အသံကိုလည်း ပထမဆုံးအကြိမ်အဖြစ် ကြားလိုက်ရပြန်ပါတယ်။
လူနာ လေကောင်းလေသန့်ရအောင် ဘေးလူတွေကလည်း အလိုက်တသိ ဘေးကို ရှဲပေးကြပါတယ်။ ထားတာကလည်း ကုန်တင်တဲ့အခန်း၊ လူတွေကလည်း ပြွတ်သိပ်နေတယ်။ လေဝင်ပေါက်တွေလည်း ပိတ်ထားတာမို့ အနံ့အသက်က မကောင်း။
လှိုင်းကြောင့် သင်္ဘောက လှုပ်၊ ထောင်ထဲ တိုက်ထဲနှစ်ရှည်လများနေခဲ့ရသူ၊ ကိုယ်ခံ ကျန်းမာရေးမကောင်းသူ၊ အသက်ကြီးတဲ့သူတွေအဖို့ သိပ်ခံနိုင်ရည် မရှိကြပါ။ လဲသွားသူမှာ မလညပ မှ ဦးထွန်းကြည်ဖြစ်ပါတယ်။
အသားအရေက ဝါဖျော့နေပါတယ်။ တယောက်တခွန်း ပြောကြဆိုကြရင်း လူငယ်တချို့လှေကားပေါ် ပြေးတက်ပြီး ထောင်အာဏာပိုင်တွေကို အကြောင်းကြားရပါတယ်။ ချက်ချင်းလို ထောင်ဆရာဝန် ဒေါက်တာ ဖေစိန်လိုက်လာပြီး ပြုစုပေးလို့ သက်သာသွားပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment