ကိုကိုးကျွန်း
ရန်ကုန်နဲ့ဆို မိုင် ၃ဝဝ ကျော် ဝေးသတဲ့၊ ပြည်တော်ညွန့်သင်္ဘောနဲ့ဆိုရင် ၃၆ နာရီကြာအောင် ခုတ်မောင်းရတယ် ဆိုပဲ။ အလျားက ၇ မိုင် အနံက ၃ မိုင် ကျယ်တယ် တဲ့၊ သင်္ဘောပေါ်မှာတင်ရရှိလိုက်တဲ့ ဗဟုသုတတွေပါ။
နောက်တနေ့ ဖေဖော်ဝါရီ ၁၃ ရက် နံနက်စာကိုတော့ အထက်ထပ် တက်ပြီး အသုတ်လိုက် စားရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ရေဒီယိုက ဒေါ်လှရွှေရဲ့ စန္ဒကိန္နရီ သီချင်းသံကို ကြားရတယ်။ မှိုင်တဲ့သူတွေ မှိုင်ကုန်ကြတာပေါ့။
၁၄ ရက် ညနေစောင်းအချိန်လောက်မှာ ကျွန်းကို ကပ်မိနေပါပြီ။ တည ဒီမှာတင်အိပ်ပြီး ၁၅ ရက် နံနက်ရောက်မှ Landing craft ခေါ်တဲ့ ကမ်းတက်ရေယာဉ်တစီး သင်္ဘောနား ကပ်လာပါတယ်။
နေထွက်တာကိုကြည့်ပြီး သင်္ဘောရောက်တဲ့နေရာကို ခန့်မှန်းလို့ရလိုက်ပါပြီ။ ကျွန်းရဲ့ အနောက်တောင်ဘက်မှာပါ။
ကမ်းတက်ရေယာဉ်နဲ့ ထိန်းသိမ်းခံအကျဉ်းသားတွေကို အသုတ်ခွဲပြီး ပို့ပေးပါတယ်။ အရာရှိ အရာခံနဲ့ အမှုထမ်းတချို့ကတော့ နေဗီ မော်တော်ဘုတ်ကလေးနဲ့ ကူးကြပါတယ်။ ကမ်းတက်ရေယာဉ်က ကုန်းပေါ်အထိ တင်ပေးတာမဟုတ်၊ မလှမ်းမကမ်းမှာ ရပ်ပါတယ်။
လေက ငြိမ်ငြိမ်၊ ရေက ကြည်ကြည်ဆိုတော့ အောက်ခြေကြမ်းပြင်ကိုတောင် ပြတ်ပြတ်သားသား မြင်နေရတယ်။ ခပ်တိမ်တိမ်ထင်ပြီး အထုပ်တွေ ဆွဲဆင်းလိုက်တာနဲ့ ‘ဟိုက်’ကနဲ ဖြစ်သွားမိတယ်။ ရေက ခါးလယ်ကျော်ကျော်လောက် နက်နေတာကိုး။ ဒီရေအတက် လှိုင်းအိအိကလည်း ရှိနေလေတော့ တကိုယ်လုံး ရွှဲနစ်သွားပါတော့တယ်။
ကိုကိုးကျွန်းကမ်းခြေတနေရာ
လူစုံတာနဲ့ ကမ်းစပ်သဲသောင်ပေါ်မှာ ထိန်းသိမ်း (စုစု ပေါင်း ၂၃၃ ယောက်)တွေ တန်းစီပေးရပြီး စစ်ရေးပြသလို ဘယ်ညာ ညှိကြရပါ တယ်။ အုပ်စိုးသူနဲ့ အုပ်စိုးခံ၊ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ အပြန်အလှန် တယောက်အကဲကိုတယောက် ကြည့်ကြတဲ့အချိန်ပါ။ ကိုယ်ထူကိုယ်ထ အတွက် ပုံစံသွင်းတဲ့သဘောလည်း ဆောင်ပါတယ်။
ကျနော်တို့ရှေ့မှာတော့ တာဝန်ယူလိုက်ပို့တဲ့ မဆလ ဗိုလ်မှူးကြီး ထွန်းရင်လော ထောင်ပိုင်၊ ထောင်မှူးကြီး နဲ့ ထောင်အရာရှိတချို့ ရပ်လျက်သား ရှိနေပါတယ်။ ပအိုဝ့် လူမျိုး ဗိုလ်မှူးကြီးက မလှမ်းမကမ်းမှာ စိုက်ထူထားတဲ့ ‘ကျွန်းဖွံ့ဖြိုးရေး စခန်း ’ဆိုတဲ့ ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီး စကားသံဝဲဝဲနဲ့ မိန့်ခွန်းခြွေပါတယ်။ မှတ်မိသလောက် …
- ပြေးရဲရင်ပြေးကြ ပတ်လည်မှာ ငါးမန်းတွေ ရှိတယ်။
- ကိုယ်ထူကိုယ်ထ အလုပ်လုပ်ကြရမယ်။
- ကောင်းကောင်းမွန်မွန်နေမယ်ဆိုရင် မိသားစုတွေခေါ်ပေးပြီး အတူနေခွင့်ပြုမယ် ဆိုတာပါပဲ။
ဒါပြီးတော့မှ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး သဲသောင်ပူပူပေါ်ကနေ စခန်းရှိရာကို ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာခဲ့ကြရတယ်။ ဘေးနား မနီးမဝေးမှာ ဝါဒါတွေဖြန့်လိုက်နေပေမယ့် အေးအေးဆေးဆေး လွတ်လွတ်လပ်လပ် လမ်းလျှောက်ကြရတာပါ။
စခန်းက အရှေ့ဘက်ကမ်းမှာ ရှိပါတယ်။ လူကြီးတွေက အေးအေးဆေးဆေး၊ လူငယ်တွေက စခန်းဆီ စိတ်ရောက်နေကြတယ်။ တချို့က ထွန်းရင်လောရဲ့ မိန့်ခွန်းကောက်နုတ်ချက်တွေကို မကြားနိုးနား ရေရွတ်ရင်း အချင်းချင်း နောက်ပြောင်လာကြတယ်။
ကျနော်တို့နားမှာ ဦးမြသန်းတင့်နဲ့ ကျောင်းနေဖက် သူငယ်ချင်း ထောင်ပိုင် ဦးအုန်းကျော်တို့ ရှေးဖြစ်ဟောင်း အောက်မေ့ဘွယ်တွေ ပြောလာကြတယ်။ ထွန်းရင်လောတို့က နေဗီကားနဲ့ ထွက်သွားနှင့်ကြပါပြီ။
သိပ်မဝေးတဲ့ နေရာမှာတော့ ပိန်ပိန်ရှည်ရှည် လေထီး ဗိုလ်အုန်းမောင်က ဒဏ်ရာဟောင်းကြောင့် အနည်းငယ် ထော့နဲထော့နဲ့ဖြစ်နေ ပေမယ့် ခပ်သွက်သွက်။ တပင်မကျန် ငွေရောင်တောက်နေတဲ့ ဆံပင်တိုတို ဖြူဖြူများပိုင်ရှင်၊ အဖွေးသားသွားတွေပေါ်အောင် စကားပြော ရင်း ဟိုလူ နှုတ်ဆက် ဒီလူ နှုတ်ဆက်လုပ်လာတဲ့ ခပ်ဖိုင့်ဖိုင့် ဆရာ ရာဂျန်။
ပိန်သလောက် မာန်ပါပါ သွက်သွက်လက်လက်ရှိလှတဲ့ ဦးခင်မောင်မြင့်။ ဖြူဖြူသန့်သန့်၊ လူခန့်ချော သဘောအင်မတန်ကောင်းလှတဲ့ အန်ကယ်ကြီး သခင် ခင်အောင်၊ နေပူဒဏ်ကြောင့် သူ့မျက်နှာဟာ ချွေးတွေသန်းပြီး နီမြန်းနေပါတယ်။ ဒီကြားက အန်ဂျလာ အရေးအခင်း အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြစဉ်အရိုက်ခံရလို့ ခါးရိုးကျိုးသွားတဲ့ ခရမ်း ကိုစိန်ဝင်းကြီးကလည်း ဗြက်ကျယ်လှတဲ့ ခါးပတ်ကြီးပတ်ထားလို့ အမြင်ဆန်းနေပါတယ်။
တခြားအဖွဲ့အစည်းများက နံမည်ကြီးပုဂ္ဂိုလ်တွေထဲမှာလည်း သိသူရော မသိသူပါ ပါလာကြပေမယ့် စိတ်မဝင်စားအား။ ကျနော်တို့ စွဲလန်းခဲ့တဲ့ ဇာတ်ကောင်များရဲ့ ဖန်တီးရှင်၊ နှစ်လိုဖွယ် အမျိုးသမီးငယ်များရဲ့ ချစ်သူ၊ အဖိနှိပ်ခံ ပြည်သူများရဲ့ လင်းယုန်ကြီး ဘယ်လိုများ လှုပ်ရှားလိုက်ပါနေပါလိမ့်။ သူ့အဓိက ဇာတ်ကောင်တွေထဲက ဘယ်သူ နဲ့များ တူပါလိမ့်။ ဒါကိုပဲ ပို စိတ်ဝင်စားနေမိပါတယ်။
ကျနော်ရဲ့ ရေစိုအထုပ်ကလေးတွေကိုလည်း ကိုအောင်ဘော်တို့ ကိုညွန့်ခေါင်တို့ ကူဆွဲသွားပြီမို့ လွယ်အိတ်ကလေးတလုံးလောက်နဲ့ မျက်စေ့ကစားရင်း ပေါ့ပေါ့ပါးပါး လိုက်လာမိပါတယ်။ လင်းယုန်ကြီးအပေါ်မှာ အထူး အာရုံစိုက် ကြည့်နိုင်ခဲ့တယ်။ သူဘယ်လို လှုပ်ရှားနေ သလဲပေါ့။ လူငယ်တဦးရဲ့ သူရဲကောင်းကိုးကွယ်ချင်စိတ် အရင်းခံကြောင့်ပဲထင်ပါရဲ့။
ကမ်းတက်ယာဉ်ပေါ်က ဆင်းစ … ကမ်းစပ်ပေါ် အရောက်၊ သူက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်။ တခါ ပင်လယ်ဘက် လှည့်လိုက်ကာ လေညှင်းသန့်သန့်ကို ရင်အုံကြီး မောက်လာအောင် ရှူသွင်း၊ ပြန်ထုတ် လုပ်နေပါပကော။ အကျဉ်းစခန်းလား၊ လေညှင်းခံစခန်းလား သူ ခွဲခြားသိပုံမရတော့။
သူ့ဇာတ်ကောင်ကတော့ ဇာတ်ကောင်ပဲ။ ဘယ်ဇာတ်ကောင်များပါလိမ့်။ သူ့အထုပ်လေး သူဆွဲပြီး အေးအေးဆေးဆေး စကားပြောရင်း လူအုပ်ထဲစီးမျောနေတဲ့ သူ့ကို မနီးမဝေးကနေ ကျနော်က သူ့နဲ့ သူ့ဇာတ်ကောင်တွေကို ချိန်ထိုးကြည့်နေမိတယ်။
ကော်ဖီခါးခါးသောက်ရင်း သုတေသန လုပ်ငန်းထဲမြှုတ်နေတဲ့ ဒေါက်တာ ရေချမ်းလား။ လယ်သမားသူပုန်ကြီး ငသြလေလား။ ရေမြေဆုံးစေတော့မှ ပါမောက္ခ ထွန်းလင်းလား။ ဘဝကို ရေစုံမျောပြီး တခါတရံ ယောင်ယမ်းပြီး ချစ်သူကို တမ်းတတတ်တဲ့ ပါမောက္ခ အုန်းကျော်များလား။ ပြည်တော်သာ ခင်ခင်ဦးထဲက ဘယ်သူ … ထားပါ။ ‘သူ’ ပဲ လား။
ဒီ မိန်းမအတွက် ညီငယ်လည်း သေရ၊ စက်ပိုင်ရှင်ဘဝမှ ကိုယ်ရံတော် လူမိုက်ဖြစ်ရ၊ ငွေတွေကုန် ဂုဏ်သရေတွေ ပွန်းပဲ့ကုန်ပေမယ့် စိတ်မကုန်နိုင်။ ဒီ မိန်းမကသာ “မောင်ရေ လူတယောက်နဲ့ အိပ်ချင်လို့ အိပ်ယာ ပြင်ပေးပါလား” ခိုင်းရင်တောင် အိပ်ယာခင်းပေးပါ့မယ့်လို့ ပြောခဲ့တဲ့ ‘မောင့်မေတ္တာ’ထဲက အချစ်ရဲ့ ကျေးကျွန် မြဂီဝါ ဦးကျော်တင့်လား?။
OBE မေဂျာဘိုးမင်းရဲ့သမီး ကရင်မလေးနဲ့ အင်းစိန်တိုက်ပွဲကာလအတွင်း အူကြောင်ကြောင်နဲ့ တွေ့ကြပြီး သံယောဇဉ်တွယ်သွားတဲ့ ချော့ကလက် ဗိုလ်ကြီးပေပဲလား။ စစ်ကြီးအတွင်း သူ ကျဆုံးသွားတာ မသိရှာကြလို့ စစ်ကြီးအပြီးမှာ သူပြန်လာစေဖို့ ဆိုင်ရာ ဘုရားသခင် အသီးသီးထံ ဆုတောင်းနေကြတဲ့ ဗြိတိန်ကျွန်းပေါ်က ကပြားမလေး မာရီရယ်၊ မြန်မာပြည် ရန်ကုန်မြို့ပေါ်က မခင်စီ ရယ်တို့ရဲ့ ချစ်သူ။ ‘လွမ်းရစ်တော့ သက်လယ်ဝတ္ထု’ ထဲက ပြည်ချစ်စစ်သားကြီးလား?။ တယောလေး တလက်နဲ့ လွမ်းနေရှာတဲ့ ‘ဘုန်းမောင် တယောက်ထဲ ရယ်’ ထဲက ကိုဘုန်းနိုင်လား?။
ဂျပန်တက်လာတဲ့အချိန် တရုတ်-မြန်မာလမ်းမကြီးအတိုင်း တရုတ်ပြည်ထဲဝင် ထင်ချုန်းမြို့အရောက် တရုတ်မလေး ဝမ်မေနဲ့တွေ့ သံရောဇဉ်ဖြစ်ကြရာက ချစ်ရေးထက် စစ်ရေးခက်လို့ ပြန်ရတော့မယ့်ကာလ ငွေနှင်းမှုံမှုံတွေကသွန်းကြဲလို့ ဒီအချိန်မှာခွဲခွာပြီး မြန်မာပြည် ထဲပြန်လာခဲ့ရတဲ့ လွတ်မြောက်ရေးတပ်သားကြီးလား?။
ဇာတ်လမ်းတွေ၊ ဇာတ်ကောင်တွေ များပြားလွန်းတော့ ရောယှက် ရှုပ်ထွေးနေပါတယ်။ ဟိုလူနဲ့တူနိုးနိုး ဒီလူနဲ့တူသလိုလို ယတိပြတ် အဖြေမပေးနိုင် ဖြစ်နေမိပါတယ်။ တဖြည်းဖြည်းနဲ့ စခန်းထဲမဝင်မီ ကျေနပ်လောက်တဲ့ ဇာတ်ကောင်ရွေးချယ်မှု ပြီးပြတ်သွားခဲ့တယ်။ ဟုတ်ပါတယ်။ သူဟာ ‘မြိုင်’ ရဲ့ချစ်သူ သတင်းစာဆရာ ‘ကိုတင်ဦး’ ရယ်ပါ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment