Monday, December 22, 2008

သတင်းစာဆရာကြီး ဦးသန်းညွန့် ကွယ်လွန်

မြန်မာ့အလင်းသန်းညွန့် (၂၀၀၆)


သတင်းစာဆရာကြီး ဦးသန်းညွန့် ကွယ်လွန်


ဒီဇင်ဘာ ၂၂ ရက် ၂၀၀၈ ခုနှစ်


"ငြိမ်းချမ်းရေးသည် လူ့လောကအတွက်သာမက သက်ရှိ၊ သက်မဲ့ လောကကိုပါ သာယာ ဝပြောစည်ပင်စေသည်။ သို့ဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်း ၆၅ နှစ်ကျော်၊ ၇၀ ခန့် ကိုလိုနီခေတ် သူ့ကျွန်ဘဝနှင့် ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်ဂျပန်တို့၏ ယုတ်မာရက်စက်စွာ အုပ်ချုပ်ခံရသော ဘဝများမှာပင် မြန်မာတိုင်းရင်းသား ပြည်သူတို့သည် လွတ်လပ်ရေးကိုပင် ရအောင်ယူခဲ့သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါများ အားလုံး ဘဝ သာယာဝပြောစေရန် မိမိတကိုယ်ကောင်းရုံ စိတ်ထားပယ်၍ အကြမ်းဖက်မှုနှင့် စစ်မက် လိုလားမှုများကို ဆန့်ကျင်ကာ ငြိမ်းချမ်းရေး၏ အင်အား ဖြည့်စွက်မှသာလျှင် မိမိနှင့်အတူ သတ္တဝါအများ ချမ်းသာကြပြီး ဘဝတိုးတက် စည်ပင်ဝပြော သာယာမည် ဖြစ်လေသည် …"


(မြန်မာအလင်း သန်းညွန့်၊ ရနံသစ် မဂ္ဂဇင်း၊ ၂၀၀၆၊ မေလ)


ဆရာ့ကို မြန်မာအလင်း သန်းညွန့် အဖြစ် လူသိများပါတယ်။ ၁၉၄၀ ပြည့် နှစ် စောစောပိုင်းက စတင်ပြီး မြန်မာ့အလင်းသတင်းစာတိုက် မှာ အလုပ်သင်အဖြစ် ဝင်ရောက်ခဲ့တယ်။ ဂျပန်ခေတ်မှာ ဂျာနယ်ကျော် ဦးချစ်မောင်ရဲ့ဂျာနယ်ကျော်မှာ အထွေထွေအကူအဖြစ် ဝင်ရောက် ဆောင်ရွက်ခဲ့ဖူးပါတယ်။ ၁၉၄၆ ခုနှစ်က BRA (Burma Reporter Association) ခေါ် ဗမာပြည် သတင်းထောက်များ အသင်းကို စတင်ထူထောင်ရာတွင် ပါဝင်သူတဦး ဖြစ်ပါတယ်။


၂၀၀၅ ခုနှစ် မန္တလေး၊ လူထု ဒေါ်အမာ မွေးနေ့

လူအုပ်အလယ် ဦးထုပ်နှင့် ဦးသန်းညွန့်၊ ရှေ့တွင် တော်ဘုရားလေး၊

လူထု စိန်ဝင်းနှင့် လူထု ဒေါ်အမာ


ဆရာဟာ ရန်ကုန်မြို့ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ က္ကုစ္ဆာသယ လမ်း အမှတ် ၅၂ နေ (ဦးထွန်းဦး၊ ဒေါ်နှင်းရီ) တို့ရဲ့သား၊ (ဒေါ်ပိုး(ခ) ဒေါ်တင်အေး) ရဲ့ ခင်ပွန်းဖြစ်ပြီး မွေးချင်း ၁၀ ယောက်အနက် နဝမမြောက်သား ဖြစ်ပါတယ်။ ဆရာဟာ ဒီဇင်ဘာ ၁၉၊ ၂၀၀၈ ခုနှစ် (သောကြာနေ့) ည ၈ နာရီ ၂၀ မိနစ် ရန်ကုန် ရွှေဗဟို အထူးကုဆေးခန်းမှာ ကွယ်လွန်ခဲ့ပါတယ်။


မင်းသုဝဏ်၊ မြန်မာ့အလင်း သန်းညွန့်၊ ဒဂုန်တာရာ၊ မောင်ဝံသ (၂၀၀၂)


ကွယ်လွန်ချိန်မှာ သားသမီး ၅ ယောက်၊ မြေး ၇ ယောက်၊ မြစ် ၆ ယောက် ကျန်ရစ်ခဲ့ပါတယ်။ ဆရာ့ကို ရေဝေးသုဿန်မှာ ဒီဇင်ဘာ ၂၁၊ ၂၀၀၈ ခုနှစ် (တနင်္ဂနွေနေ့) နေ့လည် ၂ နာရီက မီးသင်္ဂြိုလ် ပြီးစီးခဲ့ပါတယ်။ ဆရာကို ချစ်ခင်လေးစားတဲ့ နိုင်ငံရေး၊ သတင်းစာ၊ အနုပညာ အသိုင်းအဝိုင်းမှ ပို့ဆောင်ကြသူများနဲ့ စည်ကားတဲ့ ဈာပနတခု ဖြစ်ခဲ့ပါတယ်။



မိုးမခ မှ ကောက်နုတ်ဖော်ပြပါတယ်။


No comments: