ဘီဘီစီ၊ ဒီဇင်ဘာ ၁၃ ရက် ၂၀၀၈ ခုနှစ်
ကွယ်လွန်သူ စစ်အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ သမီး ဒေါ်စန္ဒာဝင်းကို ၆ နှစ်ကြာ အကျယ်ချုပ်ကနေ သောကြာနေ့က ခြွင်းချက်မရှိ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
သူဟာ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်ရှိကြောင်း ကို သူ့ကိုသွားတွေ့ကြတဲ့ မိတ်ဆွေတွေက ပြောပါ တယ်။
ပြည်ပအခြေစိုက် NDD ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုက သုတေသနမှူး ဦးဌေးအောင်ကတော့ အခုလိုပြန်လွှတ်ပေးလိုက်တာဟာ အကျယ်ချုပ်သက်တမ်းစေ့သွားလို့ ဖြစ်နိုင်သလို၊ ဒေါ်စန္ဒာဝင်းဟာ အာဏာပိုင် တွေကို ခြိမ်းခြောက်နိုင်စွမ်းမရှိတော့ဘူးလို့ ယူဆလို့ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
သူမရဲ့ခင်ပွန်း ဦးအေးဇော်ဝင်းနဲ့ သား ၃ ယောက်ဖြစ်တဲ့ အေးနေဝင်း၊ ကျော်နေဝင်း၊ ဇွဲနေဝင်းတို့ကို နိုင်ငံတော် အာဏာသိမ်းရန် ကြံစည်မှုနဲ့ စစ်အစိုးရက ၂၀၀၂ ခုမှာ သေဒဏ်ချမှတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူတို့ကို အခုထက်ထိ အင်းစိန်အကျဉ်းထောင်မှာ ဆက်လက်ချုပ်နှောင်ထားဆဲဖြစ်ပါတယ်။
အာဏာသိမ်းမယ်ဆိုတဲ့အမှုမှာ ပါဝင်ပတ်သက်မှု တစုံတရာရှိတယ်လို့ယူဆရတဲ့ အတွက် ဖခင်ဖြစ်သူ ဦးနေဝင်းနဲ့ ဒေါ်စန္ဒာဝင်းကိုတော့ အဲဒီအချိန်ကတည်းက နေအိမ်အကျယ်ချုပ်ချထားခဲ့တာဖြစ်ပါတယ်။ ဦးနေဝင်းကတော့ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလမှာ သေဆုံးသွားခဲ့ပါတယ်။
ဒေါ်စန္ဒာဝင်းကို ဦးနေဝင်းရဲ့အချစ်ဆုံးသမီးအဖြစ် မြင်ကြပြီး ဦးနေဝင်းဟာ တခြားသားမသီးတွေထက် ဒေါ်စန္ဒာဝင်းပေါ်မှာ ပိုပြီးမျှော်လင့်ချက်ထားတယ်လို့ အတော်များများက ရှုမြင်ကြပါတယ်။
ဒေါ်စန္ဒာဝင်းဟာ ၁၉၈၈ လူထုအုံကြွမှုကို ဖိနှိပ်ဖြိုခွဲရာမှာ အဲဒီအချိန်က ထောက်လှမ်ရေး အကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွန့်နဲ့အတူ အဓိကကျသူ တဦးဖြစ်တယ်လို့ ယူဆကြပါတယ်။
သူမဟာ မဆလစစ်တပ်ထဲတင်မက အုပ်ချုပ်ရေးယန္တရားထဲမှာပါ ဝင်ရောက် ချယ်လှယ်နိုင်တဲ့ ပုဂ္ဂိုလ်ရေးအရှိန် မရှိသလောက်နည်းပါးပြီး အခုသူပြန်လွတ် လာခြင်းဟာ မြန်မာ့နိုင်ငံရေးပေါ်မှာ အကျိုးသက်ရောက်မှု လုံးဝမရှိနိုင်ဘူးလို့ လေ့လာသူတွေက မြင်ကြပါတယ်။ ။
ဒေါ်စန္ဒာဝင်း (ဓာတ်ပုံ-အေပီ)
No comments:
Post a Comment