“သို့ဆိုလျှင် ကုန်လွန်ခဲ့သော ဇန်နဝါရီလသည် ကျနော်တို့၏ မြေသြဇာ ဖြစ်ခဲ့ပါသလား။
ယခုလည်း မည်သည့် အသီးအပွင့်တို့ကို ရိတ်သိမ်းပြီး မည်သည့်မြေကို ထွန်ယက်နေကြပါပြီလဲ။
ချစ်ခြင်းမေတ္တာ နှင့် အသိဉာဏ်ကို အဘယ်မျှလောက် မြှုပ်နှံခဲ့ကြပါသလဲ။
အစားအစာနှင့် အရိပ်အာဝါသကို မမျှော်လင့်မီ
လယ်တကွက်နှင့် သစ်ပင်တပင် ပျိုးထောင်ခဲ့နိုင်ကြပါသလား … ”
ဒီဇင်ဘာ တစ္ဆေ
(မောင်တောက်)
ထွက်စပြုနေရောင်ခြည်တို့ဖြာအကျ ဆောင်းရာသီ၏ နှင်းပုဝါပါးတို့ လူးလွန့်သွားချိန် ကျနော့်ရင်ထဲ ဝင်ရောက် လှုပ်နှိုးလိုက်သူက ဒီဇင်ဘာပဲဖြစ်တော့၏။
သည်တော့မှ စက္ကန့်မိနစ် နာရီလက်တံများနှင့် ရက်စွဲများအပေါ် ကျနော်တို့ ဖြတ်ကျော်ခဲ့ကြသည်လား။ သို့တည်းမဟုတ် ထိုအရာများက ကျနော်တို့အပေါ် ဖြတ်ကျော်ခဲ့ကြတာလားဟု တွေးမိနေပေသည်။
ထိုအတွေးကား … ကျနော်တဦးတည်းအတွက်တော့ နာလိုခံခက်ဖြစ်ရသော အတွေး … သိုင်းဝတ္ထုများထဲက အတိုင်းဆိုလျှင် ‘ဒီဇင်ဘာ နှင်းလက်ဝါးရိုက်ချက်’ဒဏ်ကို ကျနော် ခံစားနေရပေပြီ အကြည်တော်တို့ …။
ရူပဗေဒဘာသာရပ်တွင် အားပြတ်လှသူမို့ အချိန်၏အကြောင်း ကျနော် ကောင်းကောင်း မဖွင့်ဆိုတတ်သော်လည်း ဒီဇင်ဘာ၏ လှုပ်နိုးမှုကြောင့် အချိန်၏တန်ဖိုးကို သင်္ချာခပ်ညံ့ညံ့နှင့် လန့်ဖျပ်ပြီး ကျနော် တွက်ချနေမိရပြန်သည်။
အချိန်တွေကုန်လှပါပကောဟု ညည်းလိုက်မည်ကြံသေး၏။ သို့သော်လည်း အသိတစက လှမ်းပုတ်ထားပြန်သည်။ အချိန်သည် ကုန်သည်မဟုတ်။ အချိန်က အချိန်ပင်ဖြစ်ပြီး အချိန်တွင် အတိုင်းအတာရှိကြောင်း လူတွေက သတ်မှတ်နေကြသည် မဟုတ်လော။
တဖန် ကိုယ့်မူကိုယ့်ဟန်ဖြင့် အချိန်ကိုသတ်မှတ်ပြီး ထိုသတ်မှတ်ထားသော အချိန်အတွင်း ကတိကဝတ်တွေနှင့်သာ လေလွင့်နေပါက အချိန်ကုန်လှဟု ညည်းကြပေတော့မည်။ မဆန်းပါ။
ဒီဇင်ဘာလကား နှစ်တနှစ်အတွင်းရှိ ရက်စွဲများ၏ သင်္ချိုင်းဖြစ်ပေရာ ကုန်လွန်ငြိမ်ဆိတ်သွားသော စက္ကန့် မိနစ် နာရီ လက်တံများ ရက်စွဲများနှင့်အတူ လိုက်ပါ ဆုံးရှုံးမှုများရှိခဲ့ပါက ကျနော်တို့သာ အဓိက ဖြစ်ချေသည်။
ယခုရေးချနေဆဲ စာကြောင်း၏အဆုံး၌ပုဒ်မချပြီးနောက် ဒုတိယစာကြောင်း ဆက်ရေးပါက ပထမစာကြောင်းသည် မြေသြဇာဖြစ်ပြီး ဒုတိယစာကြောင်းသည် မျိုးစေ့။ တဖန် တတိယစာကြောင်းသည် အသီး အပွင့် … စသည်ဖြင့် ဖြစ်ထွန်းတိုးတက်လာပေလိမ့်မည်။
သို့ဆိုလျှင် ကုန်လွန်ခဲ့သော ဇန်နဝါရီလသည် ကျနော်တို့၏ မြေသြဇာ ဖြစ်ခဲ့ပါသလား။ ယခုလည်း မည်သည့် အသီးအပွင့်တို့ကို ရိတ်သိမ်းပြီး မည်သည့်မြေကို ထွန်ယက်နေကြပါပြီလဲ။ ချစ်ခြင်းမေတ္တာ နှင့် အသိဉာဏ်ကို အဘယ်မျှလောက် မြှုပ်နှံခဲ့ကြပါသလဲ။ အစားအစာနှင့် အရိပ်အာဝါသကို မမျှော်လင့်မီ လယ်တကွက်နှင့် သစ်ပင်တပင် ပျိုးထောင်ခဲ့နိုင်ကြပါသလား။
ဆောင်းလေတချက်က သစ်ရွက်တွေကိုဆွဲဖယ်ရင်း ကျနော်ထံ ရောက်လာသေး၏။ သို့ပေမင့် နေခြည်နုနုထဲ ဖြတ်လျှောက်လာရသောကြောင့် အာနိသင်တို့ ချိနဲ့နေပေပြီ။ ကျနော့်မှာကလည်း ဆောင်းလေနည်းတူပင်။ ဒီဇင်ဘာလ၏ အမေးအမြန်းကို စိတ်အတွေးထဲမှ တပင် တပန်းဖြေဆိုနေရသည်။
သလိုပါပဲ … …။
လူတွေအားလုံးအပေါ် အမြဲတစေ ဖြတ်ကျော်နေသော အချိန်ကာလက နှစ်တနှစ်ကုန်ဆုံးလုနီးတိုင်း ဒီဇင်ဘာလ ကိုလွှတ်ပြီး ခြောက်လှန့်တတ်စမြဲပင်။
လူတွေကလည်း လူတွေပင် …။ ဒီဇင်ဘာ၏ ခြောက်လှန့်မှုကို အမြဲတစေ ခံကြရသည်။ ဘာကြောင့်ပါလဲ။ တစ္ဆေကို ကြောက်သလိုမျိုးဟု ပြောရပေမည်လား။
တကယ်တော့ တစ္ဆေအခြောက်ခံရသည်။ တစ္ဆေကို ကြောက်သည်ဆိုခြင်းမှာ တစ္ဆေတကယ်ရှိသည်ဟု ယုံကြည်ထားသောကြောင့် မဟုတ်။ မိမိကိုယ်မိမိ မယုံကြည်သောကြောင့်သာ ဖြစ်သည်မဟုတ်လော။
သည်တော့ … တစ္ဆေကိုလည်း ကြောက်ရသည်။
ဒီဇင်ဘာလကိုလည်း ကြောက်သည်။
နောက်ဆုံး … မိမိကို မိမိကြောက် လာတတ်ပေရော့မည်။
နှစ်ကုန်တော့မှာပါလား … ။
လူတိုင်းထိုကဲ့သို့ တွေးတောရေရွတ် အသံထွက်ညည်းညူရင်းက အချို့ မျက်မှောင်တွေ ကုပ်သွား၏။ တချို့ မတုန်မလှုပ် ဖြစ်သွား၏။ တချို့မျက်ဝန်းညိုညိုမှာ တိမ်တွေ ပြိုတော့မယောင် …။
အချိန်ဟုအမည်တပ်၍ ကျနော်တို့ ပညတ်ထားသောအရာကား သူ့သဘောနှင့်သူ အလံတလူလူ လွှင့်နေမြဲ။ တနှစ်ကုန်လျှင် နောက်တနှစ်လာမည်။ နောက် … နှစ်တွေ အများကြီးလာပေဦးမည်။
“လာမယ့်နှစ်ကတော့ တို့နှစ်ပဲ”ဟု ပြောနိုင်သူနှင့် “ဒီနှစ်မဟုတ်… နောက်နှစ်ပေါ့” ဟု ပြောသူနှစ်ဦးအကြား အချိန်ကာလက သက်တမ်းတဝက်လောက် တိုက်စားထားနိုင်သည်။
စက္ကန့်၊ မိနစ် နာရီဟူ၍လည်းကောင်း၊ တနင်္ဂနွေမှ စနေဟူ၍လည်းကောင်း၊ ဇန်နဝါရီမှ ဒီဇင်ဘာဟူ၍လည်း ကောင်း၊ အချိန်ကာလကို ဆစ်ပိုင်း သတ်မှတ်ထားကြသည်မှာ လူသားပင်ဖြစ်သည်။
သို့သော်လည်း သတ်မှတ်ထားသည့်အတိုင်း မဆောင်ရွက်ကြသည်မှာလည်း လူသားပင်ဖြစ်နေပြန်၏။ တနင်္ဂနွေ၏အမှုကိစ္စကို အင်္ဂါမှ လုပ်၏။ သို့နှင့် ကြာသပတေး၏အမှုကို စနေနေ့ကျမှ လုပ်ဖြစ်တော့သည်။
စနေ၏အမှုကိစ္စကိုကား ဘယ်တော့မှ မလုပ်နိုင်တော့။ သည်မှာပင် “စနေနေ့ကလည်း တချိန်လုံး ထွက်ပြေးနေတာပဲ” ဟု တဖက်သတ် အပြစ်ဖို့လိုက်သေးသည်။
မဆန်းပါ။ တစုံတဦးကိုပင် မပြောနှင့်။ အရာဝတ္ထုများကိုလည်း မဆီမဆိုင် အပြစ်ဖို့တတ်သူများမှာ ဤဒွန္နယာကြီး အတွင်း၌ လူသားများသာ ရှိချေတော့သည်။
“နှစ်ကုန်ဆုံးချိန်ဟာ ကုန်လွန်ခဲ့တဲ့ ကာလတွေအပေါ်မှာ ပြန်လည်သုံးသပ်ဖို့နဲ့ လာမယ့်အနာဂတ်အတွက် ပြင်ဆင်မှုများပြုလုပ်ရမယ့် အချိန်လည်းဖြစ်ပါတယ်”
ဒေါ်အောင်ဆန်းစုကြည်
၁၉၉၆ - ဒီဇင်ဘာလ ၉ ရက်
နှစ်ကုန်ဆုံးချိန်
မြန်မာပြည်မှ လာတဲ့စာ၊ အမှတ် ၂
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နှစ်ကုန်ဆုံးချိန် ဒီဇင်ဘာ၏ ခေါင်းလောင်းထိုးသံကို အထက်ပါအတိုင်း ဖြန့်ဝေပေးခဲ့ကြောင်း ဖျတ်ကနဲ သတိရလိုက်ချိန် လမကုန်မီကပင် သေဆုံးနေနှင့်ပြီးသော ဒီဇင်ဘာတစ္ဆေက ကျနော့်အပေါ် ပိုပြီးခြောက်လှန့်လိုက်ပြန်၏။
အချိန်တွေနှင့်ပတ်သက်လျှင် ကျနော် ကြောက်၏။
ကျနော့်မှာကလည်း လိပ်ပြာမလုံစရာတွေ ရှိနေသည်မဟုတ်လား။
ရေစီးသံဂျာနယ်
အတွဲ ၄ အမှတ် ၁၈
ဒီဇင်ဘာလ ၁၆ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment