Saturday, December 6, 2008

မုံရွာ အောင်ရှင် (အဆုံးအဖြတ်ပေးမယ့် နေ့တနေ့)


ရာစုနှစ်က ချီးမြှင့်သွားတဲ့

နောက်ဆုံးလက်ဆောင်များပမာ

အံသြစရာ အဖြစ်အပျက်တွေ

ပဉ္စလက်ဆန်ဆန် ပြောင်းလဲခဲ့

အိပ်မက်ထဲ ထည့်မက်လို့

ဖြစ်နိုင်ဖို့ပင် မလွယ်တဲ့

ရက်စက်မှုနဲ့ ကြေကွဲမှုများဟာ

အမျိုးသားရေး

နယ်ခြားမျဉ်းကို ဖြတ်ကျော်ကာ

စိန်ခေါ်မှုသစ်တွေကို မွေးဖွားခဲ့ … ။


တခါတရံမှာတော့

ဝမ်းနည်းစရာပေပ

ပန်းများလွင့်ကြွေအနှံ

အခိုက်အတန့် နာကျင်ပေးဆပ်ရခဲ့

တိတ်ဆိတ်ခြင်းရဲ့ ချောက်လှန့်မှုတို့

နောက်ဆုံး ထွက်သက်တိုင် အန်တုနေဆဲ … ။


တချို့တလေဟာ

တနေကုန် အချည်းနှီး

ချိုးလည်း မရ၊ သိမ်းလည်း မရ

ငှက်ခတ်သမားဘဝကို စိတ်ပျက်

တက်ကြွမှု မီးတောင်များက

တဒင်္ဂ ငြိမ်းသေခဲ့ကြဖူးတယ် … ။


ပုံစံသစ်ထဲက

ပုံစံမကျတဲ့ သဏ္ဍာန်များကို

အသိဉာဏ်တရားနဲ့ ယှဉ်တဲ့

ဘယ်လိုနားလည်မှုမျိုးနဲ့မှ

ခွင့်လွတ်နိုင်ကြမှာ မဟုတ်ဘူး … ။


“ယထာဓမ္မာ

တထာ ဇယ

တရားတဲ့သူ အောင်နိုင်ရမှာ

အစဉ်အလာ ထုံးထမ်းဖြစ်တယ်” တဲ့

မဟာဘာရတရဲ့ စကားဟာ

ထာဝရလမ်းပြမယ့် အလင်းရောင်

မည်းမှောင်တဲ့ နယ်နိမိတ်ဟောင်းထဲက

ရုန်းကြွထွက်ပေါ်လာခဲ့ပြီ

အနာဂတ်ဆိုသည်ကား

အသနားခံလို့ မရနိုင်ပေ … ။


အချိန်ကာလရဲ့ စီရင်ချက်

“မျက်ရည်နဲ့ ပျိုးကြဲသူများဟာ

ပျော်ရွှင်စွာ ရိတ်သိမ်းကြလိမ့်မယ်” တဲ့

ဆာလမ်ကျမ်းရဲ့ဗျာဒိတ်ပမာ

လူ့ဂုဏ်သိက္ခာနဲ့ ဖြစ်တည်မှု

မြင့်မြတ်မှုနဲ့ သစ္စာတရားမွန်

ရှင်သန်ထမြောက်လာတော့မှာ

တို့ … အသေအချာသိတယ် … ။



မုံရွာ အောင်ရှင်


No comments: