Thursday, December 4, 2008

မြန်မာ ဘလော့ဂါတွေကို ဆုချီးမြှင့်


မြန်မာဘလော့ဂါတွေကို RSF က ဆုချီးမြှင့်


ဘီဘီစီ၊ ဒီဇင်ဘာလ ၄ ရက် ၂၀၀၈ ခုနှစ်


စွယ်စုံအနုပညာရှင် ဘလော့ဂါ ကိုသူရ ခေါ် ကိုဇာဂနာ နဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်တို့ကို ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က အင်တာနက်ပေါ်က အတိုက်အခံ သတင်းသမားဆု (Cyber dissident) ပူးတွဲ ချီးမြှင့်လိုက်ပါတယ်။


RSF က မြန်မာ ချာလီချက်ပလင် လို့ တင်စားခေါ်တဲ့ ကိုဇာဂနာဟာ အင်တာနက်စာမျက်နှာတွေပေါ်မှာ သရော်စာတွေ ရေးသားခဲ့သူဖြစ်ပါတယ်။


နေဘုန်းလတ်ကတော့ နာဂစ်မုန်တိုင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း အခြေအနေ တွေကို အင်တာနက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။


အင်တာနက်ပေါ်ကနေ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကိုဇာဂနာကို အာဏာပိုင်တွေက ထောင်ဒဏ် ၅၉ နှစ်နဲ့ ကိုနေဘုန်းလတ်ကို ထောင်ဒဏ် အနှစ် ၂၀ ကျော် ချမှတ်ခဲ့ပါတယ်။


RSF နယ်စည်းမခြား သတင်းထောက်များအဖွဲ့ကတော့ သူတို့နှစ်ဦးဟာ အင်တာနက်ပေါ်မှာ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်ရဖို့ ရဲရဲရင့်ရင့် ကြိုးပမ်းခဲ့သူတွေဖြစ်တာကို သိစေလိုတဲ့အတွက်ရော မြန်မာနိုင်ငံမှာ မိမိဆန္ဒကို ထုတ်ဖော်ပြောဆိုရုံနဲ့ ဒီလို ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ကျခံခဲ့ရတယ်ဆိုတာကိုပါ ကမ္ဘာကသိအောင် မီးမောင်းထိုးပြချင်တဲ့အတွက် ရွေးချယ်ဆုပေးတာ ဖြစ်တဲ့အကြောင်း ပြောပါတယ်။


ဒီဆုရတဲ့နေ့မှာပဲ ကိုဇာဂနာဟာ အင်းစိန်ထောင်ကနေ မြန်မာနိုင်ငံမြောက်ဖျားက မြစ်ကြီးနားထောင်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။


ကိုနေဘုန်းလတ်ကတော့ ကရင်ပြည်နယ်က ဘားအံထောင်ကို ရွှေ့ပြောင်းခံထားရ ပြီးဖြစ်ပါတယ်။ ။


No comments: