ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ … (၄)
မောင်လှဝင်း (မြင်းခြံ)
‘မိုးသောက်ကြယ်နီ’ က ဇာတ်ထဲက ‘သမုသယဘုမ္မာ’ ဆိုတဲ့ဇာတ်ထဲမှာ သူက ‘ဟတ္တိဗလ’အဖြစ် သရုပ်ဆောင်ခဲ့ သလို ဒီဇာတ်စင်ပေါ်မှာ သူ ကဗျာရွတ်ဖူးပါတယ်။ ဒီဇာတ်ခုံပေါ်မှာပဲ သူနဲ့ကိုရန်လင်းတို့ ကြိုးစားပမ်းစား သရုပ်ဖော် တင်ဆက်တဲ့ပြဇာတ်တွေ တင်ဆက်ခဲ့ဖူးပါတယ်။ သူနဲ့ ကိုရန်လင်းတို့ ဘယ်လောက် အနုပညာမြောက်အောင် ကြိုးစား ကြိုးစား၊ သီချင်းတွေ အသံတွေ လျှပ်စစ်မီးဆလိုက်တွေ ဘယ်လောက် ကောင်းအောင်လုပ်လုပ် သူတို့ ပြဇာတ်တွေက ဘယ်လောက် အနုပညာမြောက်မြောက် အောင်မြင်တယ်လို့ မပြောနိုင်ပါ။
ဘာကြောင့်လဲဆိုတော့ ပရိတ်သတ်ဟာ ဝ၊ ရှမ်း၊ လားဟူ စတဲ့ အမျိုးသားများ၊ လူထုများ၊ တပ်မတော်သား များဖြစ်ကြပြီး ဒီပရိတ်သတ်များက နားမလည်ကြလို့ပါပဲ။ ဗမာရဲဘော်ပရိတ်သတ် ၁ဝဝ လောက်သာ နားလည် ခံစားပြီး ကောင်းတယ်ပြောကြပေမယ့် အများစုက နားမလည်လို့ မအောင်မြင်ဘူးလို့ ပြောရတာပါ။
ဒီပြဿနာကို ကျနော်တို့ ဝိုင်းဝန်းစဉ်းစားခဲ့ကြပါတယ်။ အဓိကအားဖြင့် ဘာသာစကားမပေါက်လို့ လူထု နားမလည်တာလို့အဖြေထုတ်ပြီး နောက်ပိုင်းမှာ ရှမ်းဘာသာစကားပြော ပြဇာတ် တပုဒ် နှစ်ပုဒ်လောက် ကိုကျော်ဆိုင် ကြိုးစားတင်ပြခဲ့ဖူးပါသေးတယ်။
အသံလွှင့်ပြဇာတ်အတွက် ကြိုးပမ်းရင်း၊ စင်တင်ပြဇာတ်တွေ လုံးပမ်းရင်း၊ သီချင်းဂီတတွေ ဖန်တီးရင်း သူနဲ့ ကိုရန်လင်းတို့ ငယ်ပေါင်းကြီးဖက် သူငယ်ချင်းတွေလို ရင်းနှီးသွားခဲ့ကြပါတယ်။ အနုပညာလုပ်ရင်း၊ အတူသောက်ရင်း၊ အတူခံစားချက်ဖလှယ်ကြရင်းနဲ့ ပိုမိုရင်းနှီးသွားတာလို့ ပြောလို့ရပါလိမ့်မယ်။
အစပိုင်း ကျနော်နဲ့ ကာဝိုင်းမှာ ကြိတ်ဆုံလုပ်စဉ်က ကိုကျော်ဆိုင် အရက် ဒါလောက်မသောက်သေးပါ။ ပါတီစည်းကမ်းကို လေးစားလို့ဖြစ်ပါလိမ့်မယ်။ ကိုကျော်ဆိုင်နဲ့ ကိုရန်လင်းတို့ အရက်မူးပြီး မိုးရွာထဲ ကိုရန်လင်းက တယောထိုး၊ ကိုကျော်ဆိုင်က ချစ်ပြုံးနှင်းဆီ သီချင်းအော်ဆိုနေတဲ့သတင်းကို ကျနော် အဝေးကနေ ကြားသိခဲ့ရ ပါတယ်။
ကိုကျော်ဆိုင်ဟာ ချစ်ပြုံးနှင်းဆီ သီချင်း၊ ချစ်မိုးကြီးသီချင်းနဲ့ မိုးသက်လေနှင်သီချင်းတို့ကို အသဲစွဲကြိုက်နှစ်သက် တတ်တာ ကျနော် သိပါတယ်။ ကျနော်နဲ့ ကိုကျော်ဆိုင်တို့ ကိုရန်လင်းတို့ အမြဲတစေ ရင်းနှီးချစ်ခင်မှုရှိကြပါတယ်။ အနုပညာကို ချစ်ခင်မြတ်နိုးမှုလည်း တူညီကြပါတယ်။ ဒါပေမယ့် သဘောထားချင်းတော့ မတူညီပါ။ နိုင်ငံရေးသဘောထားချင်းလည်း မတူညီသလို အနုပညာသဘောထားချင်းလည်း မတူညီပါ။ ကျနော်တို့ အပြင်းအထန် ငြင်းခုံခဲ့ဖူးပါတယ်။ ဒါပေမယ့် အခင်မင်ပျက်မသွားကြပါ။
ကိုကျော်ဆိုင်ဟာ သူ့စာမူ သူ့အနုပညာကို မသုံးရင် မသုံးနဲ့၊ ပြင်တာကိုတော့ လက်မခံနိုင်ဘူးဆိုတဲ့ သဘောထား ရှိပါတယ်။ သူတို့စီစဉ်တဲ့ စင်တင်ပြဇာတ်တပုဒ်တလေဟာ ပါတီအကျိုးစီးပွားထိခိုက်တာမျိုး ရှိတတ်ပါတယ်။ ဒါကို သက်ဆိုင်ရာ အဖွဲ့အစည်းက ဝေဖန်ထောက်ပြတာမျိုးရှိရင် သူရော ကိုရန်လင်းတို့ကပါ သိပ်လက်မခံကြပါ။ သက်ဆိုင်ရာအဖွဲ့အစည်းက ဒီပြဇာတ်ရဲ့ ဒီအခန်းကို ဖြုတ်ပေးပါလို့ ပိတ်ပင်တားမြစ်ရင် သူတို့က စိတ်ဆိုးပြီး ပြဇာတ်တခုလုံးကို မကတော့ဘဲ ရပ်ပစ်လိုက်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် ယုံကြည်ချက်နဲ့ တော်လှန်ရေး လာလုပ်တဲ့ စာရေးဆရာတဦးအဖြစ် ကျနော် သူ့အပေါ် နားလည်ခွင့်လွတ်ခဲ့ပါတယ်။ ပါတီကလည်း သူ့အပေါ် တတ်နိုင်သမျှ အပျော့ပျောင်းဆုံး သဘောထားခဲ့ပါတယ်။
သူနဲ့ မကျုံတို့နေထိုင်ရာ အိမ်ကလေးကို ကျနော် မကြာခဏ ဝင်ထွက်စားသောက်ခဲ့ပါတယ်။ အသားဟင်းလျာ ရှားပါးချိန်မှာ ကိုကျော်ဆိုင်ဟာ လားသား၊ မြင်းသားတွေကို လားသေတဲ့အခါ သွားရောက်ဖျက်ယူပြီး ရေရှည်ခံအောင် ငပိသိပ်ပါတယ်။ ‘လားသားငပိ’ ဟင်းနဲ့ သူဧည့်ခံတာကို ကျနော် ဟားခဲ့ဖူးပါတယ်။
ကိုကျော်ဆိုင်ကို ပါတီကထောက်ပံ့ထားတဲ့ငွေဟာ ကိုကျော်ဆိုင်တဦးတည်းအတွက် နေထိုင်စားသောက် လို့ရပေမယ့် မကျုံပါတိုးလာတဲ့အခါ သူတို့နေထိုင်ရေးစားသောက်ရေး အနည်းငယ် အခက်အခဲတွေ့ပါတယ်။ ဒါပေမယ့် မကျုံဟာဘဝကို ဒေါင်ကျကျ၊ ပြားကျကျ ရင်ဆိုင်နိုင်သူပါ။ မှုန့်ပဲသားရေစာ တိုလီမိုလီပစ္စည်းတွေ ရောင်းတာ၊ အရက်ရောင်းတာ စသဖြင့် သူ တတ်နိုင်တာလေးတွေရောင်းပြီး အိမ်ရဲ့စားသောက်စရိတ်ကို ဖာထေးပါတယ်။
သူတို့ဇနီးမောင်နှံဟာလည်း ချစ်ချစ်ခင်ခင်ရှိကြပါတယ်။ ဒါပေမယ့် ပြဿနာက ကလေးမရခြင်းပါ။
“မကျုံက ကလေးသိပ်လိုချင်နေတာ၊ ခု ကလေး ရှိမလာတော့ သူ့ကိုယ်သူ ကလေးမရနိုင်တော့ဘူး ထင်နေတယ်။ ဒါကြောင့် ဟိုကလေး ဒီကလေးတွေ့ရင် သူက မွေးစားချင်နေတယ်။ ပြဿနာက သူ မဟုတ်ပါဘူး၊ ကိုယ်ပါ၊ ကိုယ်ဟာ မြို့ပေါ်မှာတုန်းကလည်း ဘယ်တုန်းကမှ ကလေးရှိခဲ့ဖူးတာ မဟုတ်ဘူး”
“ဒါဘာဖြစ်သလဲဗျ၊ ခင်ဗျား ဒီကိစ္စအကျိုးအကြောင်း မကျုံကို ဖွင့်ပြောလိုက်ပေါ့”
“သူ့ဘဝတလျှောက်လုံး စိတ်ထိခိုက်သွားမှာစိုးလို့ ကိုယ် မပြောရက်ဘူးကွာ”
လို့ ကိုကျော်ဆိုင် ဖွင့်ပြောခဲ့ပါတယ်။ ကလေးမရှိတာကလွဲလို့ သူတို့အိမ်ထောင်ရေး သာသာယာယာ၊ တယောက်နဲ့တယောက် အပြန်အလှန် ချစ်ခင်စုံမက်ကြတာမို့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ပါတီနဲ့ တော်လှန်ရေး ဘဝအတွင်းမှာပဲ ကိုကျော်ဆိုင်ဟာ ဘာပြဿနာမှ ကြီးကြီးမားမားမရှိခဲ့။ ပျော်ပျော်ရွှင်ရွှင်နေထိုင်လာခဲ့ပါတယ်။ သည့်နောက်ပိုင်း ဆက်ရေးရမယ့်အကြောင်းတွေကတော့ သိပ်ပျော်စရာမကောင်းလှပါ။ ကိုကျော်ဆိုင်ဟာ သူ့စာ၊ သူ့ပြဇာတ်၊ သူ့အနုပညာတို့အပေါ် တည်းဖြတ်တာမခံနိုင်ကြောင်းကို ပြောပြီးပါပြီ။
နောက်ပိုင်းမှာတော့ သူဟာ ဒီမိုကရေစီမူကြီး ငါးရပ်ဆိုတာကို တင်လာပါတယ်။ ပါတီက ဒီမိုကရေစီ ၄ ရပ်ကို လက်ခံထားတဲ့အချိန်မှာ သူက စင်ပြိုင်တင်လာတာပါ။ အပြင်မှာလည်း သူ့အယူအဆကို ဝါဒဖြန့်တာ ပြောတာ ဆိုတာ လုပ်ပါတယ်။ တကယ်တော့ သူ့လုပ်ရပ်တွေ ဟာ ပါတီစည်းမျဉ်းနဲ့ မကိုက်ညီပါ။ တချို့ကိစ္စတွေမှာ သက်ဆိုင်ရာက ဝေဖန်ဆွေးနွေးလုပ်တာမှအပ သူ့အပေါ်ဘာမှ ကြီးကြီးမားမား ဖိအားပေးခဲ့တာမျိုး မရှိပါ။
အဲဒီအချိန်က ပါတီအပေါ်မကျေနပ်တဲ့ ပညာတတ် (ဗမာစာပေပညာတတ်နဲ့ တရုတ်စာပေပညာတတ်) တချို့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေရဲ့ဂယက်နဲ့ အနုပညာအယူအဆ ဂယက်တွေလည်း သူ့ကို ရိုက်ခတ်ခဲ့ပါတယ်။ သူ့ရဲ့ ဝတ္ထုတပုဒ်ကို ဂျပန်လိုဘာသာပြန်ဆို ထုတ်လိုက်တယ်ဆိုတဲ့ သတင်းလည်း သူ ကြားသိပါတယ်။ တော်လှန်ရေးအတွင်းဆိုတော့ သူ့ရဲ့ဘာဝတ္ထုကိုမှ ထုတ်ဝေပေးနိုင်ခြင်းမရှိတဲ့ ဘဝအခြေအနေနဲ့ပတ်သက်ပြီး သူ ဆက်နွယ်စဉ်းစားတာတွေလည်း ရှိပါလိမ့်မယ်။ နောက်ပိုင်းကာလတခုမှာတုန်းက လူထုဘဝနဲ့ ကျေးလက်အခြေ အနေ၊ လူတန်းစားတိုက်ပွဲအကြောင်းတို့ကို သူလေ့လာချင်တယ်ဆိုလို့ ကျနော် အကူအညီပေးခဲ့ရပါတယ်။
ကျေးလက်သွားနေဖို့ သူ့အတွက် ရိက္ခာ၊ ထောက်ပံ့ကြေးငွေ၊ ဘာသာပြန် ရဲဘော်စသဖြင့် အကူအညီပေးရပါ တယ်။ ကျေးရွာဒိုင်နယ် ကေဒါတွေလိုလည်း သူ့ကို ကောင်းကောင်းမွန်မွန် စောင့်လျှောက်ဖို့မှာထား ရပါတယ်။ ဒါ ကျနော်တဦးချင်းအနေနဲ့ လုပ်တာမဟုတ်ပါ။ သက်ဆိုင်ရာအထက်အဖွဲ့အစည်းသို့ တင်ပြပြီးခွင့်ပြုချက်အရ စီစဉ်ပေးရတာပါ။
ဒီမိုကရေစီ ငါးရပ်အတွေးအခေါ်ကိုကိုင်ပြီး ပါတီရဲ့လူတန်းစားပေါ်လစီနဲ့ မကိုက်ညီတာ တွေဖော်ထုတ်ဖို့ သူကြိုးပမ်းနေ မှန်း မသိမဟုတ်ပါဘူး။ သိပါတယ်။ ဒါပေမယ့် သူ့ရဲ့ယုံကြည်မှုဆိုင်ရာပြဿနာလည်း ဖြစ်နေပြန် သူ့ကိစ္စကလည်း ပါတီနဲ့တော်လှန်ရေးအကျိုး ထိခိုက်လာစေမယ့် အန္တရာယ်လည်း မရှိသေးပါ။ ချုပ်လိုက်ရင်တော့ သူ့ကိုခွင့်လွတ်ပြီး စောင့်ရှောက်ထားတာပါ။ ပန်ဆန်းမှာ နောက်ဆုံးအချိန် ရောက်တဲ့အထိ အဲဒီသဘောအတိုင်း သာ ရှိခဲ့ပါတယ်။
သူ ကျေးလက်ဆင်းရာကပြန်အလာ ကျနော်နဲ့တခါတွေ့တော့ သူ ပျော်ရွှင်နေတယ်။ လားဟူစကားလည်း မတောက်တခေါက် တတ်လာတယ်။ ရွာလူထုနဲ့လည်း ကိုကျော်ဆိုင်ဟာ ချစ်ကျွမ်းတဝင် ရင်းရင်းနှီးနှီး ရှိကြောင်း ကြားရတယ်။ ကိုကျော်ဆိုင်ဟာ လူထုနဲ့တသားတည်းကျအောင် ကျေးရွာနေထိုင်တတ်တာကိုတော့ ကျွန်တော် ယုံတယ်။
ပန်ဆန်းမှာ ပါတီအနေနဲ့ ‘၈၉ ဆုံးရှုံးနစ်နာမှု အရေးအခင်း’ နဲ့ကြုံတော့ သူ အတော်တုန်လှုပ်ခြောက်ခြားသွား တယ်လို့ ကြားသိရပါတယ်။ ကျနော်က အကျဉ်းခန်းထဲမှာဆိုတော့ အသေးစိတ်တော့ မသိပါ။ သူ့ဇနီးက ‘ဝ’ အမျိုးသားပေမယ့် သူက‘ဗမာ’ ဆိုတော့ သူ့အပေါ် အာဏာသိမ်းတပ်ဖွဲ့တချို့ရဲ့ ဆက်ဆံပြုမူပုံကြောင့် ခြောက်ခြောက်ခြားခြား ဖြစ်သွားပုံရပါတယ်။
ကျနော် ပန်ဆန်းကို ကျောခိုင်းထွက်ခွါချိန် လမ်းမှာ သူနဲ့တွေ့ပါတယ်။ ဟင်းရွက်ရှာက ပြန်လာတာပါ။ ကျနော် ထွက်သွားပြီဆိုတာ သူ သိပါတယ်။ သူကများ အာဏာသိမ်းတပ်ဖွဲ့ကိုသွားပြီး လက်တို့လေမလားဆိုပြီး ကျနော် စိုးရိမ်စိတ်ဝင်တာ အမှန်ပါ။ ဒါပေမယ့် သူ မလုပ်ပါဘူး။ တကယ်က သူလည်း ပန်ဆန်းကို စွန့်ခွာခဲ့ပြီးသားပါ။ မကျုံက ပါတီနောက်ကို လိုက်ချင်တယ်။ သူက မလိုက်လိုတော့ပါ။ သူနဲ့ တခြားသူ ၂ ဦးပေါင်းပြီး သုံးဦးသား ပါတီသစ်တခု တခဏလောက် ဖွဲ့လိုက်ပါသေးတယ်။ ခဏဆိုမှ တခဏလောက်ပါပဲ။ ဒီနောက် ပန်ဆန်းကို သူ ပြန်ဝင်သွားတယ်။
သူ စာတစောင်ရေးပြီး ပါတီကိုနှုတ်ဆက်သွားသေးတယ်လို့ ကြားသိရပါတယ်။ စာထဲမှာ သူ့အမြင် သူ့ခံစားချက် တွေကို ဖော်ပြထားတယ်လို့ ကြားသိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ ပင်ကိုယ်ရိုးသားသူ၊ စစ်အစိုးရကို ဆန့်ကျင်တော်လှန်တဲ့ စာရေးဆရာတယောက်ပါ။ တော်တော်စောတဲ့ကာလကတည်းက မာ့က်စ်ဝါဒကို သက်ဝင် ယုံကြည်စွာနဲ့ လွတ်မြောက်ဒေသကို ထွက်လာခဲ့သူပါ။ အယူအဆတွေပြောင်းလဲခဲ့ပေမယ့် ရန်သူအပေါ် လက်နက်ချ အညံ့မခံဘဲ တော်လှန်ရေးအတွင်းမှာပဲ သူ့ဘဝကို နိဂုံးချုပ် အဆုံးသတ်ခဲ့ရသူပါ။
ရှစ်လေးလုံးကာလတုန်းကလည်း မြို့တွေမှာ သူ့စာအုပ်တွေကို ဈေးကြီးပေးပြီး လိုက်လံရှာဖွေ ဝယ်ယူကြ၊ လေ့လာဖတ်ရှုကြတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။ ဒါလည်း သူ့တန်ဖိုးဖော်ပြချက်တခုပါပဲ။
နောက်ပိုင်းကာလ သူ့သတင်းကိုတော့ ကျနော်တို့အဝေးကပဲ ကြားရပါတယ်။ အသေးစိတ် အပြည့်အစုံ မသိပါ။ ဘယ်သတင်းက အမှန်ဆိုတာကိုလည်း မသိတော့ပါ။
တချိန်မှာ သူ့အကြောင်းအမှတ်တရ စာအုပ်တအုပ်ထုတ်ဖြစ်တဲ့အခါ ရေးကြသားကြရင်တော့ သိကြရမှာပါ။ ကျနော်တို့အထဲကလည်း သူ့အကြောင်းပြောပြနိုင်၊ ရေးသားနိုင်တဲ့ ပုဂ္ဂိုလ်များရှိပါသေးတယ်။ အခွင့်သင့်ရင် ရေးကြပါလိမ့်မယ်။ ကျနော်အနေနဲ့ကတော့ သူ့အကြောင်းစဉ်းစားတိုင်း ကာဝိုင်းမှာ လတချို့ သူနဲ့အတူနေခဲ့ရတာ ကို သတိမရဘဲ မနေနိုင်ပါ။
ခုချိန်ဆို ကာဝိုင်းဟာ နှင်းခါး သင်တိုင်းပြာမှိုင်းနေရော့မယ် ‘နိုင်ဝင်းဆွေ’ရေ့ …။
ရေစီးသံဂျာနယ်
၂၀၀၃ ခုနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်လ
No comments:
Post a Comment