ပြတင်းဝက အလင်းရလျက်
တင်မိုး
ငါ့ ပြတင်းက
အလင်းသန့်သန့်၊ လေညင်းသန့်သန့်
သင်းရနံ့။
လွတ်လွတ်လပ်လပ်၊ တိုက်ခတ်ညင်သာ
သန့်စင်ပါ၏။
ငါ့ ပြတင်းကို
အလင်းမမြင်၊ လေမဝင်အောင်
ချွင်ချွင်လက်ထိတ်၊ လာ၍ပိတ်၏။
အလင်းရောင်မရ၊ သတင်းမှောင်ချ
အဆင်းအရောင်မလှ
ည ပြီးတော့ ည။
အိပ်လို့မရ ၊ ပိတ်ဆို့ကြလည်း
စိတ်တို့ကတော့ လွတ်မြောက်လျက်
ပြတင်းပေါက်ကထွက်။
တင်မိုး
၈ ၊ ၁၂ ၊ ၁၉၉၉
ရေစီးသံဂျာနယ်
အတွဲ ၄ အမှတ် ၁၀
သြဂုတ်လ ၁၆ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment