ကိုမင်းကိုနိုင် အပါအဝင် ၉ ဦးအား မအူပင်ထောင်တွင်း တရားရုံးတွင်
စီရင်ချက်ချပြီး အင်းစိန်ထောင်သို့ ပြန်ပို့
သတင်း - ရိုးမ (၃)
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တရားရုံးတော်ကို မထီမဲ့မြင်ပြုလုပ်မှုဖြင့် ထောင် ၆ လချမှတ်၍ မအူပင်ထောင် သို့ ပို့ဆောင်ခံရသည့် ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ၉ ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြန်လည်ပို့ဆောင်လိုက်သည်။
ယနေ့နံနက် ၈ နာရီခွဲခန့်က ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းတို့အား မအူပင်ထောင်တွင်း၌ပင် အီလက် ထရောနစ် ပုဒ်မ ၄ ခု၊ အသင်းအဖွဲ့ ၆ ပုဒ်မတို့ဖြင့် ၁၁ ရက်နေ့၊ နေ့လည် ၁၁ နာရီခန့်က ထောင်ဒဏ် ၆၅ နှစ် ချမှတ်လိုက်ပြီး ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်သည်။
“မနက်က သူ့တို့မိသားစုတွေ ထောင်ဝင်စာ ပါဆယ်ပို့ဖို့ မအူပင်လိုက်သွားတယ်၊ အဲဒါ ညောင်တုန်းလောက်မှာ သူတို့မိသားစု ကားဖြတ်အသွားမှာကြုံတော့ လှမ်းအော်သွားကြတာ၊ အချုပ်ကားက အလယ်မှာ၊ ရှေ့နောက် မှာက ရဲကားတစီးစီလိုက်တယ်၊ မိသားစုတွေကတော့ ဆက်ပြီးတော့ မအူပင်ထောင်ကို ကျိန်းသေအောင် သွား စုံစမ်းတယ်၊ ပထမတုန်းက ထောင်အာဏာပိုင်တွေက ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ ပို့သလိုလို မပို့သလို လိုလုပ်တာ၊ နောက်တော့မှ အင်းစိန်ပို့လိုက်တယ်လို့ ပြောတာ”ဟု မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြော သည်။
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များ၏ မိသားစုဝင်များမှာ အင်းစိန်ထောင်သို့ နေ့လည် ၂ နာရီခွဲခန့်တွင် ပြန်ရောက်လာပြီးနောက် ထောင်ဝင်စာတွေ့ခွင့်ရသည့်အတွက် ယခုကဲ့သို့ ထောင်ဒဏ်များ ချ မှတ်လိုက်ခြင်းကို သိရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
“ထောင်ဝင်စာသွားတွေ့တာ ကိုမင်းကိုနိုင်အစ်မ ပါတယ်၊ ကိုဌေးကြွယ်အစ်ကိုနဲ့ အစ်မ လိုက်လာတယ်၊ ကိုမြ အေးဇနီး ပါတယ်၊ ကိုပြုံးချိုဇနီး ပါတယ်၊ ကိုဉာဏ်လင်းအစ်ကိုနဲ့ အမေ ပါတယ်၊ ကိုလှမျိုးနောင်ရဲ့အမျိုးသမီး၊ ကိုအောင်သူရဲ့အမျိုးသမီး သူတို့တွေ ပါလာတယ်၊ ကိုကိုကြီးရဲ့ညီ ကိုအောင်ထွန်းလည်း ပါတယ်” ဟု ဆက် ပြောသည်။
ကိုမင်းကိုနိုင်အပါအဝင် ကျောင်းသားခေါင်းဆောင်များကို အင်းစိန်ထောင် အထူးတိုက်တွင် အခန်း ၉ ခန်းခွဲ ၍ထားရှိကာ ပြန်ရောက်ရောက်ချင်း ကိုအောင်သူကို ဆေးရုံတင်ထားရပြီး ကိုလှမျိုးနောင်လည်း ကျန်းမာရေး အခြေအနေ မကောင်းကြောင်း ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဉာဏ်လင်း၏ အစ်ကိုက ပြောသည်။
ကျောင်းသားခေါင်းဆောင် ၉ ဦးအား မအူပင်ထောင်တွင် အမိန့်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ “သူတို့ကို အမိန့်ချတာ ဒီမှာချတဲ့ ၁၄ ယောက်ပုံစံအတိုင်းပဲ ချလိုက်တာ၊ ကျနော်တို့အမြင်ကတော့ သူတို့ကို အခုလို ချ မှတ်လောက်တဲ့အထိ ဘာအမှုမှ ကျူးလွန်ခဲ့တာမဟုတ်ဘူးလို့ ခံယူတယ်၊ အီလက်ထရောနစ်ပုဒ်မကို လေးမှုခွဲ ပြီး ၁၅ နှစ်ချတယ်ဆိုတာ ဥပဒေအရ ဘာမှအဓိပ္ပါယ်မရှိဘူးလို့ပဲထင်တယ်၊ သူတို့လုပ်ချင်တာလုပ်တယ်လို့ပဲ ထင်တယ်” ဟု ပြောသည်။
ကျောင်းသားခေါင်းဆောင်များအား အာဏာပိုင်များဘက်မှ ထောင်ပြောင်းခြင်းများ ပြုလုပ်ခြင်းသည် အကျဉ်း ကျနေသူကိုသာမက ကျန်ရှိနေသည့် မိသားစုဝင်များကိုပါ ဒုက္ခရောက်အောင် လုပ်နေခြင်းဖြစ်ပြီး ကိုမင်းကို နိုင်တို့အား မနက်ဖြန်တွင် ထောင်ပြောင်းရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
“မနက်ဖြန် သူတို့ကို ပြန်ရွှေ့မယ်လို့ ပြောနေတယ်၊ လေယာဉ်ပျံနဲ့ သွားရတဲ့ခရီး မဟုတ်ရင် မီးရထားနဲ့သွားရ တဲ့ နေရာလောက်ထိ အဝေးဆုံးကို ပို့မယ်လို့ ကြားနေရတယ်၊ ကျနော်တို့ကို မနက်ဖြန်လာခိုင်းထားတယ်၊ အဲ တော့မှပဲသိမှာပါ၊ သူတို့အပါအဝင် အခြားသူတွေလဲ ပါနိုင်တယ်၊ တနေရာထဲကိုပို့မှာတော့ မဟုတ်ဘူး၊ နေရာခွဲ ပို့မယ်လို့တော့ ပြောတယ်” ဟု ပြောသည်။
ကိုမင်းကိုနိုင် အပါအဝင် ကျောင်းသားခေါင်းဆောင်များနှင့် အခြား နိုင်ငံရေးလှုရှားသူများကို ယခုကဲ့သို့ ထောင် ဒဏ်များချမှတ်မှုအား “ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေက တရားမျှတမှု မရှိဘူး၊ ကျနော် မကျေနပ်ဘူး လို့ ပြောချင်ပါတယ်” ဟု မိသားစုဝင်တဦးက ပြောဆိုသည်။
No comments:
Post a Comment