Sunday, November 9, 2008

မောင်တောက် (အင်္ဂလိပ်စာ၊ အချစ် နှင့် သီတင်းကျွတ်-၂)

အင်္ဂလိပ်စာ

အချစ် နှင့် သီတင်းကျွတ် (၂)


မောင်တောက်


ထိုအကိုကြီး စကားတွေဆက်ပြောနေသေးသည်လား ကျနော် မသိတော့။ စာရွက်ကို ကောက်ယူပြီး တချိုးတည်း အိမ်ပြန်လာခဲ့မိသည်။ သွားပြီ။ အင်္ဂလိပ်စာဆင်းရဲ၍ အချစ်ပါမွဲခဲ့ရသော ကျနော်။ သို့နှင့် အချစ်နှင့်အင်္ဂလိပ်စာ သည် ကာလအတော် ကြာ ကျနော်နှင့် အဆက်ပြတ်သွားခဲ့ရသည်။


သို့သော် ကျနော် မခေပါ။ နောက် (၃)နှစ်ခန့်အကြာ၌ မရဲတရဲနှင့်ပင် ချစ်သူလေးတဦး ကျနော့်ဘဝထဲ ဝင်ရောက် လာသည်။ ထိုစဉ်က ကျေးလက်နေ့ရက်များသည် နွေလေပူပူတို့ ဖုတ်ဖက်ခါ၍ တလင်း ပြင်မှထသွားသည်ကိုပင် ကြည်နူးစရာဟု ထင်နေခဲ့ရသည့် နေ့ရက်များပင်။ သို့သော် ကြာရှည်မခံလိုက်ပါ။ အချစ်ရက်စွဲတို့ ပြက္ခဒိန် တခုပြည့်အောင်ပင် မခိုင်မြဲခဲ့ကြပါ။ ထို့ထက်ဆိုးသည်က သူမ အိမ်ထောင်ပြုသွားခြင်းပင်။


“မင်း ရည်းစားထားတာ ဘာကြောင့်လဲ”


“ဘာကြောင့်ရမလဲဗျ၊ အိမ်ထောင်ပြုဖို့ပေါ့။ အချိန်တန်ရင် သားမှတ်မှတ် မယား မှတ် …


“ဟေ့ကောင် တော်တော့၊ မင်းက ကောင်မလေးတယောက်ကို စရံပေးပြီး အပိုင်စီးထားသလိုပဲ။ သမီးရည်းစား ဘဝဆိုတာ ချိန်းတွေ့ကြတာ ပွဲလမ်းသဘင် အတူတူသွားကြရတာတွေ လုပ်ရတယ်ကွ၊ မင်း ဘယ်နှစ်ခါ ချိန်းတွေ့ဖူးလဲ”


“ ဟာ … ကျနော့်မှာ အဲဒီ စိတ်တွေ မရှိဘူး၊ မပြောနဲ့”


“ ငပေါ … ငပေါ … မင်းကိုငါပြောတာ တမျိုး၊ ဒီမှာ သမီးရည်းစားဆိုတာ ချိန်းချက်တွေ့ကြရင်း၊ ပွဲလမ်းသဘင် သွားကြရင်း၊ စကားပြောဆိုမှုတွေများလာရင်းကနေ တယောက်အတွင်းစိတ်၊ အမူအကျင့် သဘောသဘာဝတွေ ကို နားလည်ရတာမျိုး ကွ၊ သံယောဇဉ်လည်းပိုပြီး ခိုင်လာတာကွ၊ နားလည်လား၊ အချစ်ဆိုတာ ချစ်ပြီးရင် ပစ် ထားလို့ မရဘူး။ သံယောဇဉ်ဆိုတာ …”


ဘာတွေဆက်ပြောပြီး ကျန်ရစ်ခဲ့သည် မသိ။ ကျနော်လည်း ဘာမျှ မသိချင်တော့။ အိမ်သို့ရောက်အောင်သာ သုတ်ခြေတင်လာမိတော့သည်။ ဘာလဲ အချစ်။ ဘာလဲ … ။


မေတ္တာသက်ဝင်သည်။ ထို့နောက် မေတ္တာမျှကြမည်။ ပြီးတော့ မေတ္တာကို သစ္စာမဖောက်စတမ်း ကျနော် ထိန်းသိမ်းမည်။ နောက်ဆုံး အိမ်ထောင်ရေးဘဝကို ဆွေးနွေး၍ နှစ်ယောက်ဘဝလေး တည်ဆောက်မည်။ သည်လိုနှင့် မရဘူးလား။ ဘာတွေလိုနေသေးလို့လဲ။ အချစ်သည် အတွက်ရခက်သော သင်္ချာတပုဒ်လား။ အိမ်ထောင်ရေးသည်လည်း အရည်အချင်း စစ်စာမေးပွဲတွေအဆင့်ဆင့်နှင့် လူတယောက်ကို ဈေးဆစ်နေတော့ မည်လား။ မသိ။ မတွေးတတ်။ တွေးခြင်း သိခြင်းတွေလည်း မလုပ်ချင်တော့။


သည်လိုနှင့် ပိတောက်တွေလည်း အ ကြိမ်ကြိမ်ပွင့်ခဲ့သည်။


ကျောင်းနေဘက်သူငယ်ချင်းတယောက်က ပထမအိမ်ထောင်ပျက်၍ ဒုတိယအိမ် ထောင်ပြုသောအခါ ဘာညာ ဘာညာ သွားပြောပေးရသေးသည်။ သူငယ်ချင်းတယောက်၏သားကို ညီလေးဟုခေါ်မိသဖြင့် “အဖေကပြောတော့ ဦးလေးက အဖေ့သူငယ်ချင်းဆို”ဟု မေးခွန်းထုတ်သွားသည်။


သည်လိုနှင့် သင်္ကြန်မိုးတွေလည်း အလီလီရွာခဲ့ကြပြန်သည်။ ကျနော်ကတော့ ကျနော်မှလွဲ၍ ဘာမှ မပြောင်းလဲ သေး။ သို့သော် ဝါလကင်းလွတ် သီတင်းကျွတ်များရောက်လျှင်ဖြင့် တစုံတရာ ဆုံးရှုံးနေသူလို ရင်ထဲမှာ ကပိုကရိုဖြစ်တတ်သည်ကိုတော့ ဝန်ခံရပေမည်။ သီတင်းကျွတ်ဆို သည်ကလည်း ကျနော်တို့လို လူပျိုကြီးများ ဆိုလျှင် ပြက္ခဒိန်ထဲမှနေ၍ စာမေးပွဲစစ်နေသောအရာ။


ခက်သည်က သီတင်းကျွတ်တိုင်း ပြက္ခဒိန်ကြည့်မိတတ်သော ကျနော်အကျင့်ပင်။ သည်လိုကြည့်မိသဖြင့် ပြက္ခဒိန်ပေါ်မှ အင်္ဂလိပ်စာလုံးတွေကိုမြင်ပြီး အင်္ဂလိပ် ဘာသာစကားညံ့ဖျင်းနေရခြင်းကို စိတ်မ သက်မသာဖြစ် ရသလို သီတင်းသာကျွတ်သွားသော်လည်း လူကမကျွတ်သေးသည့် ကျနော့်အဖြစ်ကိုတွေးမိကာ အချစ်နှင့် အိမ် ထောင်ရေးကို အခဲမကျေ ဖြစ်ရပြန်သည်။


“အင်္ဂလိပ်စာဆိုတာ လိုတော့မှ ထပြီးသင်၊ ထပြီးလေ့လာရမယ့်အရာ မဟုတ် ဘူးကွ၊ အမြဲတစေထိတွေ့ပြီး မှတ်သားနေရမယ့်ဘာသာစကား၊ ခုခေတ်လို အင်္ဂလိပ်စာအသုံးအနှုန်းတွေ အဆင့်မြင့်လာတဲ့ အချိန်ဆို မီအောင်လိုက်ဖို့ အမြဲကြိုးစားနေရတယ်။ ကိုယ့်မိခင်ဘာသာစကားလည်း မဟုတ်တော့ ပိုဆိုးတာပေါ့ကွာ”


ကျနော့်သူငယ်ချင်းတယောက်၏ ညည်းညူသံ။


“ဟာ မင်းကို ငါက အင်္ဂလိပ်စာသင် ပေးရမယ်ဟုတ်လား၊ မင်းက စာအုပ်ပေါင်းစုံက အင်္ဂလိပ်စာတွေကို အလွတ်ရနေတဲ့ ကောင်၊ မင်းမသိတဲ့အဓိပ္ပာယ်မရှိသလောက်ပဲ၊ ဒါပေမယ့် အင်္ဂလိပ်လိုကျတော့ မင်း မရေး တတ်ဘူး၊ အင်္ဂလိပ်လိုလည်း ဖြစ်ဖြစ်မြောက်မြောက်တောင် မပြောတတ်ဘူး။ အင်္ဂလိပ်စာအကြောင်း မင်း မသိဘူးလားဆိုတော့ သိတယ်၊ တကယ်သိသလားဆို တော့ မင်းမသိဘူး၊ ဒီမှာ မွေးကင်းစ ကလေး ကလေးတွေပဲ ငါသင်လိုက်ချင်တယ်၊ မင်းကိုတော့ မသင်နိုင်ဘူးကွာ”


အင်္ဂလိပ်စာနှင့် ကျနော့်အကြောင်း နောကျေအောင်သိနေသော ကျနော့် သူငယ်ချင်းကျူရှင်ဆရာက သည်လိုပြောခဲ့သလို။


“မင်းနဲ့ ကောင်မလေး ကောင်မလတ် နောက်ဆုံး ကောင်မကြီးတွေလည်း ခင်တာပဲ၊ အော် … ငါ့ကောင်တော့ စွံတော့မယ်ဆိုပြီး ထင်တာ၊ ဘယ် မင်းဟာက အချစ်နဲ့ပတ်သက်ရင် ပညာရှိကြီးလိုလို သူများတွေကို လိုက်ပြောနေပြီး ကိုယ့်ကိစ္စကျတော့ ဘာမှမဖြစ်မြောက်ဘူး၊ နေပါဦး … မင်းနဲ့ နီးစပ်တဲ့သူတွေထဲ မင်း သဘောကျတဲ့လူ မတွေ့လို့လား”


“တွေ့တာပေါ့ဗျ၊ ဒါပေမယ့် မင်းပဲစဉ်းစားကြည့် ငါ့အသက်ကလည်း မငယ်တော့ဘူးလေ၊ ပါးစပ်ကပြောဖို့ကျတော့ လည်း မဝံ့မရဲဖြစ်ရ၊ စာပေးဖို့ကျတော့လည်း အသက်ကြီးမှ ကကြီး ခကွေး သင်သလို ဖြစ်ရသေးတယ်”


“သြ … မင်းပြောပုံက ကောင်မလေးကပဲ မင်းကိုဖွင့်ပြောရမယ့်ပုံ၊ တော်ကွာ၊ မင်းက အချစ်နဲ့ပတ်သက်ပြီး အသိခေါက်ခက် အဝင်နက်နေတဲ့ကောင်၊ ဒီတော့ အိမ်ထောင်ရေးကို တံစက်မြိတ်နားတောင် ကပ်လို့မရ ဖြစ်နေတာပဲ”


ကျနော့်သူငယ်ချင်းမှတ်ချက်က မလွန်ပါ။ ပြည့်ပြည့်စုံစုံပြောရလျှင် ကျနော့်ဘဝ၌ အင်္ဂလိပ်စာနှင့်အချစ်သည် ကျနော်ပိုင်ဆိုင်ထားသလိုလိုနှင့် မပြည့်စုံသေးသော အရာများဖြစ်ပြီး၊ ကျနော်တတ်သလိုလိုနှင့် ခုထိ ငတ်မွတ်နေ ရသော အရာများလည်းဖြစ်သည်။ အစစအရာရာပြောင်းလဲပြီး နည်းပညာခေတ်ဟုကင်ပွန်းတတ်ထားသော ယနေ့ခေတ်ကြီးထဲတွင် အင်္ဂလိပ်စာမတတ်၍ မဖြစ်တော့။ ကမ္ဘာသုံးဘာသာစကား ဖြစ်လာသော အင်္ဂလိပ်စာ သည် နိုင်ငံအားလုံး၏ နယ်နိမိတ်စည်းရိုးများကိုဖြတ်ကျော်ကာ ပညာရပ်အသီးသီးတို့၏ ပေါင်းကူး ဘာသာ စကားဖြစ်လာပြီ။ အင်္ဂလိပ်ဘာသာစကားနှင့် သီးခြားနေ၍ မရတော့။


သည်လိုပင် အချစ်နှင့် အိမ်ထောင်ရေး သည်လည်း ပြီးပြည့်စုံသောလူသားတဦး၏ ဘဝထဲတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပြန်၏။ ခက်သည်က အသက်အရွယ်ရလာလေလေ ဖခင်ဟူသောဘဝကို ကျနော် ပိုင်ဆိုင်လိုစိတ် ကြီးမားလာလေလေ ဖြစ်ရခြင်းပင်။ စိမ်းလန်းအေးမြသည့် ငြိမ်းချမ်းရေးဘဝကို မိသားစုသိုက်မြုံ ကလေးထဲတွင် လှလှပပဖွဲ့စည်းနေချင်သည်။ သို့သော် … ။


“ဖောင်း … ဒိုင်း … ဖောင်း … ဒိုင်း …”


ရော … အတွေးပင် မဆုံးသေး။ ဗျောက်အိုးသံက သီတင်းကျွတ်ပြီဟု အဓမ္မကြီး ဝင်ရောက်သတိပေးပြန်သည်။ ခက်သည်က … သီတင်းတွေဘယ်လောက်ကျွတ် ကျွတ် အင်္ဂလိပ်စာနှင့် အချစ်ကို အမြဲတမ်း တစ်ကနေစပြီး ပြန်သင်နေရသော ကျနော့်ဘဝ။ ။


ရေစီးသံဂျာနယ်

အတွဲ ၇ အမှတ် ၉

နိုဝင်ဘာလ ၁ ရက် ၂၀၀၃ ခုနှစ်



No comments: