Sunday, November 9, 2008

မောင်လှဝင်း (မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့ (၂)

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ … (၂)


မောင်လှဝင်း (မြင်းခြံ)


လူထုကို အလုပ်အကြွေးပြုဖို့ရောက်လာတဲ့ ကိုကျော်ဆိုင်ကို ကာဝိုင်းရွာကလေးက လူထုက ပွဲကျင်းပပြီး ကြိုဆို ခဲ့ပါတယ်။ သူတို့က ကိုကျော်ဆိုင်ကို နိုင်ဝင်းဆွေအဖြစ် မသိကြပါ။ နွေတညကိုလည်း သူတို့ မဖတ်ဘူးပါ။ မသိန်းရှင်ဆီ ပို့ပေးပါ တို့၊ မဟူရာမေတ္တာတို့ကိုလည်း မဖတ်ဖူးကြပါ။ သူတို့က ကိုကျော်ဆိုင်ကို ကိုကျော်ဆိုင် အဖြစ်သာ သိပါတယ်။


လူထုကပွဲဆိုတာ ဝ တောင် (တောင်ပိုင်း ဝ နယ်) ပန်ဆန်းမြို့နယ် နမ်ဖတ်ဒိုင်နယ်မှာ ကျင်းပတတ်တဲ့ ကပွဲမျိုးပါ။ နမ်ဖတ်ဒိုင်နယ်ရုံးက ကာဝိုင်းရွာကလေးမှာတည်ပြီး ကာဝိုင်းသား ပီဆန်မောင်က ဒိုင်နယ်မှူး တာဝန်ယူထားပါ တယ်။ ဒိုင်နယ်မှူးက အခါအားလျှော်စွာ စီစဉ်ကျင်းပပေးတဲ့ လူထုကပွဲတခုမှာ ကာဝိုင်းရွာနဲ့ နာရီဝက်ခရီးတောင် မဝေးတဲ့ ပန်မာလမ်းရွာ‘ပိန္နဲပင်ရွာ’က ‘မကျုံ’လည်း လာရောက်ပါဝင်ပါတယ်။


ညအခါ လသာသာမှာ တယောက်နဲ့တယောက် လက်ချင်းတွဲပြီး ဝ သီချင်းတွေဆိုကာ တွဲကကြပါတယ်။ မကတတ်စရာ မရှိပါ။ လူတိုင်း ဝင်ကလို့ ရပါတယ်။ ဝ သီချင်းဆိုတဲ့အခါ တယောက်နဲ့တယောက် လက်ချင်းတွဲ တွဲထားတဲ့လက်တွေကို အပေါ်မြှောက်လိုက် အောက်ပြန်ချလိုက် ကိုယ်ကလက်ချင်းတွဲဖို့ ကိုယ်လက်ကိုသာ ပေးလိုက် သူ့ အလိုအလျှောက် ကပွဲထဲမှာ ပါဝင်ပြီးသားဖြစ်သွားပါပြီ။ (လက်ချင်းတွဲပြီး ဝိုင်းကြီးပတ်လည်လို လူထုအဝိုင်းကြီး လှုပ်ရှားကကြရပါတယ်) သီချင်းတွေက လက်တန်းသီချင်းတွေပါ တချို့သီချင်းတွေက အဓိပ္ပာယ် သိပ်ကောင်းပါတယ်။ စာသား သိပ်လှပါတယ်။


“ကျော်ဆိုင်ရေး … ဝိုး ဝိုး …”


လူထုက ကိုကျော်ဆိုင်ကို လက်တန်းသီချင်းနဲ့ သီဆိုဂုဏ်ပြုပါတယ်။ ဒီပွဲမှာ ကိုကျော်ဆိုင်က ‘ဟီးရိုး’ပါ။ သူဟာ အဖိုးကြီးတွေနဲ့ လက်ချင်းတွဲတဲ့အခါ တွဲ၊ အဖွားကြီးတွေနဲ့ လက်ချင်းတွဲတဲ့အခါ တွဲ။ တခါတလေတော့လည်း ‘မကျုံ’ နဲ့ လက်ချင်းတွဲဆက်မိတာလည်း ရှိပါလိမ့်မယ်။ ဒါပေမယ့် သူဟာ မကျုံနဲ့ ရင်းရင်းနှီးနှီး မရှိကြသေးပါ။ မချစ်၊ မကြိုက်ကြသေးပါ။


အဲဒီအချိန်တုန်းက သူကြိုက်နေတာ တခြားတယောက်ဖြစ်ပါတယ်။ ပန်ဆန်းက ဗမာ အမျိုးသမီး ရဲဘော်မလေး တဦးကို သူကြိုက်ခဲ့ပါတယ်။ ကောင်မလေးက သူ့ကို ပြန်မကြိုက်ပါ။ ကာဝိုင်းမှာ ကျနော်နဲ့အတူနေပြီး ကြိတ်ဆုံ လုပ်နေကြစဉ်အတွင်း ပန်ဆန်းက သူကြိုက်တဲ့ ဗမာရဲဘော်မလေးနဲ့ အတော်တူတဲ့ ဝ မလေးတယောက်ကို သူမြင်မိပြီး သူ ရောဂါသည်းပါတော့တယ်။ တန်းတန်းစွဲ ဖြစ်နေပါတော့တယ်။


“မကြိုက်ပါနဲ့ ကိုကျော်ဆိုင်ရာ၊ ကောင်မလေးက အသက် အတော်ငယ်တယ်။ ၁၅ နှစ် ၁၆ နှစ်လောက်ပဲရှိဦး မယ်။ မသင့်တော်ပါဘူး”ဆိုပြီး ဖျက်တော့ သူက နဝဒေးတို့ ရှင်နှောင်းတို့ကို ကိုးကားပါတော့တယ်။ မေတ္တာဘွဲ့တွေ အမျိုးမျိုးရွတ်ပါတယ်။ ကျနော်ဖျက်ပေမယ့် သူက မဖျက်တော့ ဧည့်သည်အဖြစ်နဲ့ သူ့အလိုကို လိုက်ရပါတယ်။


ဒီ ‘ဝ’မကလေးနေတဲ့ရွာက ကာဝိုင်းရွာကနေ မိနစ်လေးဆယ်လောက် လမ်းလျှောက်သွားရတယ်။ ရွာက ချိုင့်ထဲမှာဆိုတော့ ရွာကိုသွားရင် ချိုင့်ထဲ ဆင်း၊ အပြန်ကျတော့ ချိုင့်ထဲက ပြန်တက်လာရ၊ ဝက်ဝံတွေ ကျားသစ်တွေရှိတဲ့ တောအုပ်ထဲကဖြတ်ပြီး နေဝင်မိုးချုပ်ပြန်လာကြရ။ သူကတော့ အချစ်အတွက် အသက်ပင်သေသေပေါ့။ ကျနော်ကတော့ ညနေတိုင်း ဒီလောက်ဝေးတဲ့ခရီး သူ့ကိုနေ့တိုင်းလောက်နီးနီး လိုက်ပို့ရတဲ့ ဒုက္ခက မသေးလှ။


“တခုတော့ရှိတယ် ခင်ဗျားကို ရိုးရိုးသားသား ပြန်ကြိုက်ရင်တော့ ခင်ဗျားသဘောပေါ့၊ ဒါပေမယ့် အာဏာတို့၊ သေနတ်တို့နဲ့ အရှိန်သြဇာသုံးပြီးတော့ ယူတာမျိုးတော့ မဖြစ်စေနဲ့ပေါ့ဗျာ” ကျနော် ဒါလောက်တော့ သတိပေးရတယ်။


အဲဒီတုန်းက ကျနော်နဲ့သူနဲ့ နှစ်ယောက်သား ဒိုင်နယ်ရုံးမှာနေကြတယ်။ ကိုယ့်ဖာသာ ချက်စားကြတယ်။ ဒိုင်နယ်မှူးက သူ့အိမ်မှာ လာစားဖို့ခေါ်ပေမယ့် ကိုကျော်ဆိုင်က မစားချင်။ ဒိုင်နယ်မှူးက အချက်အပြုတ်လည်း ကောင်း၊ သားစို ငါးစိုနဲ့ အရံရိက္ခာ အစုံအလင်လည်း ရှိ၊ စေတနာလည်းကောင်းပေမယ့် သူက ဒိုင်နယ်မှူးကို လူတန်းစား မမှန်သူ၊ သွေးစုပ်သူ မြေရှင်လို့ မြင်နေတယ်။


“မဟုတ်ပါဘူးဗျ၊ အဲသလိုသေချာရင် သူ့ကို ဒိုင်နယ်မှူးတာဝန်က ဖြုတ်ချလိုက်မှာပေါ့ဗျ” ဆိုပြီး ရှင်းပြပေမယ့် လည်း သူ နားမဝင်။ သူက တခါတလေ တင်းမာတယ်။ သူ မှန်တယ်ထင်တဲ့အယူအဆကို တင်းတင်းမာမာ ကာကွယ်တတ်တယ်။ လူတန်းစားခွဲခြားကြည့်ရေးကိုလည်း သူ အလွန်စိတ်အားထက်သန်တယ်။


သူဟာ ‘ထက်မြက်’ နဲ့အတူတွဲပြီး ‘အိုယန်းဟိုင်ရဲ့တေးသံ’ ရေးသားထုတ်ဝေခဲ့သူပေကိုး။ (မြို့ပေါ်မှာနေတုန်းက အဖြစ်အပျက်တခုကို ပြန်ပြီး သတိရမိသေးရဲ့။ တခါတုန်းက သူ ကျနော်တို့ မြို့ကိုလာပြီး ‘မိုးကြိုမုန်တိုင်း’ စာအုပ်အတွက် (ဒါမှမဟုတ်) အဲဒီလိုမျိုး စာပေအယူအဆအတွက် လာဆွေးနွေးတာပဲ။ စာပေနယ်ရဲ့ ညီညွတ်ရေးပြိုကွဲစေမယ့် သူ့အယူအဆဟာ မမှန်ဘူးလို့ ကျနော်တို့က ပြန်လည်ဆွေးနွေးတယ်။ သူကလည်း ခေါင်းမာ၊ ကျနော်တို့ကလည်း အဲဒီကိစ္စမှာ နည်းနည်းမှမလျော့ ဒီလိုနဲ့ သူလည်း တပ်ခေါက်ပြီး ရန်ကုန်ကိုပြန်သွား တယ်)။


ဒိုယ်နယ်ရုံးဆိုတဲ့ သက်ကယ်မိုး၊ ထရံကာ အိမ်ခန်းလေးထဲမှာ ကြွက်ကလည်း ပေါလိုက်တာများလိုက်တာ လွန်ရော။ ကြွက်သတ်ဆေးချပြီး ကြွက်တွေကိုနှိမ်နှင်းတာ နေ့တိုင်းနေ့တိုင်း ကြွက်သေ ၁ဝ ကောင် ပတ်ဝန်းကျင် ခန့် ရတတ်တယ်။ ဒါပေမယ့် ကြွက်တပ်မဟာရဲ့အင်အားက သိသိသာသာ လျော့သွားတယ်ရယ်လို့ မရှိ။ နောက်ဆုံး ကျနော်တို့နှစ်ယောက်က ကြွက်သေကို နိုင်နှင်းအောင်မရှင်းနိုင်လို့ အခန်းမှာ ကြွက်ပုပ်နံ့တွေ တထောင်းထောင်း လှိုင်နေတယ်။ ကြွက်ပုပ်နံ့မခံနိုင်တာနဲ့ ကြွက်နှိမ်နှင်းရေးတိုက်ပွဲကို လက်လျော့ အလျှော့ပေး လိုက်ရတော့တယ်။


ကိုကျော်ဆိုင် ကြိတ်ဆုံလုပ်တာက အချိန်လည်းကြာတယ်။ လက်လည်း ဝင်တယ်။ သူ့အဖေလုပ်တာ သူတွေ့ဖူး၊ မြင်ဖူးခဲ့ပေမယ့် သူကိုယ်တိုင် လက်တွေ့လုပ်ဖူးတာမဟုတ်တော့ စမ်းတဝါးဝါး။ မြေကြိတ်ဆုံးလုပ်မယ့်မြေကြီးက မြေဝါ။ ဒီမြေဝါမျိုးရအောင်ရှာပေးပါဆိုလို့ ရှာရတယ်။ နောက်ဆုံး မိနစ် ၄ဝ ခရီးဝေးတဲ့ ရွာတရွာက မြေဝါကို သူသဘောကျလို့ အဲဒီမြေကြီးကို လူထုတွေက တောင်းကြီး တောင်းငယ်နဲ့ ထမ်းလာပြီး ဒိုင်နယ်ရုံးထဲ လာပို့ကြတယ်။


မြေကြိတ်ဆုံလုပ်တဲ့အခါမှာ ကြိတ်ဆုံရဲ့ကြိတ်သွားအတွက် ဝါးငုတ်တွေကို အသားသေအောင် ပုံရိုက်ထားတဲ့ ကြိတ်ဆုံမြေသားထဲမှာ စီပြီးစိုက်ထည့်ရတယ်။ ဝါးငုတ်တွေဟာ ကြိတ်သွားအဖြစ် တခုနဲ့တခုပွတ်တိုက်ကာ စပါးကိုဝါးရမှာဆိုတော့ ဝါးငုတ်လုပ်မယ့် ဝါးအမျိုးအစားဟာ ရေရှည်ခံဖို့ လိုတယ်။ မာဖို့ လိုတယ်။ ဒါအတွက် ကိုကျော်ဆိုင် တောင်းဆိုထားတဲ့ သုံးနှစ် ကျပ်တင်ထားတဲ့ဝါး တဲ့။ သူ လိုအပ်သမျှရှာဖွေပေးနေရတဲ့ ကျနော်နဲ့ ဒိုယ်နယ်မှူးတို့ အကြပ်ရိုက်တော့တာပဲ။ သုံးနှစ် ကျပ်တင်ထားတဲ့ဝါးဆိုတော့ ရှာဖို့ဘယ်လွယ်ပါ့မလဲ ခုချက်ချင်း ကျပ်တင်လို့ရတာ မဟုတ်ဘူးလေ။


တရက်ခရီးသွားရတဲ့ ဗဟိုရုံးစိုက်ရာ ‘ပန်ဆန်း’ကိုလူလွတ်ပြီး ဆိုင်းကုန်းက ဆိုင်းဆရာကြီး ‘ဘသက်ရှည်’ထံ ပတ္တလားလုပ်ရာမှာသုံးတဲ့ ကျပ်တင်ဝါး ရှိ မရှိ လှမ်းမေးရတယ်။ ဘသက်ရှည်ထံကလည်း မရှိဆိုတဲ့ အဖြေရတယ်။ ဒိုင်နယ်အသီးသီးကိုလည်း သုံးနှစ် ကျပ်တင်ဝါးရှာပေးနိုင် မလားဆိုပြီး စာရေးမေးမြန်းတယ်။ ဘယ်မှာမှ မရ။


တနေ့ ကိုကျော်ဆိုင်၊ ဒိုင်နယ်မှူးပီဆန်မောင်နဲ့ ကျနော်တို့ ဒိုင်နယ်မှူးရဲ့အိမ်ပေါ်ကနေ မီးဖိုဘေးမှာထိုင်နေကြတုန်း (ဝ နယ်ကအိမ်တွေရဲ့ ကြမ်းပြင်ပေါ်မှာ လေးထောင့် ကွက်မီးဖိုခုံ အိမ်တိုင်းမှာ ရှိတယ်။ အဲဒီမီးဖိုဘေးမှာ ဧည့်သည်နဲ့အိမ်ရှင်ထိုင်စကားပြောရင် ဒီနေရာဟာ ဧည့်ခန်းပဲ။ အဲဒီမီးဖိုဘေးမှာ လူတွေထိုင်ပြီး အစည်းအဝေး လုပ်ရ၍ ဒါ အစည်းအဝေးခန်းပဲ) မီးဖိုရဲ့အထက်က ဆင့်ပေါ်မှာ အစီအရီတင်ထားတဲ့ ‘ဝါးပိုးဝါး’ အကြီးကြီးတွေကို လက်ညှိုးထိုးပြီး ဒိုင်နယ်မှူးကို မေးရတယ်။


“ဒါတွေက ဘာ လုပ်တဲ့ဝါးတွေလဲ”


“စပါးထည့်တဲ့ ဝါးကျည်တောက်တွေလေ”


စပါးကို ဝါးပိုးဝါးအကြီးကြီး ထဲထည့်ပြီး အမြဲခြောက် သွေ့နေအောင် မီးဖိုအထက်က ဆင့်မှာတင်ထားတာလေ။


“ဒီဝါးကျဉ်တောင့်တွေ မီးဖိုပေါ်မှာဒီလိုတင်ထားတာ ဘယ်နှစ်နှစ်ရှိပြီလဲ”


“ငါးနှစ်” တဲ့။


ရပြီပေါ့၊ သုံးနှစ် ကျပ်တင်ထားတဲ့ဝါး။ ဒိုင်နယ်မှူးကလည်း ဒါမျိုးဆိုရင် သုံးနှစ် ငါးနှစ်တောင် မကဘူး အနှစ်နှစ် ဆယ် မီးဖိုပေါ်မှာတင် ထားတဲ့ဝါးတွေရှိသတဲ့။ ကိုကျော်ဆိုင်ဟာ အိမ်တိုင်းအိမ် တိုင်းမှာရှိတဲ့ ဝါးကျည်တောက်ကြီးတွေထဲက သူ အကြိုက်ဆုံး၊ အကောင်းဆုံး ဝါးတွေကို ရွေးယူခဲ့ပါတယ်။ လူထုကလည်း နှမျောတွန့်တိုခြင်းမရှိဘဲ ပေးလှူကြပါတယ်။


လူထုအကူအညီနဲ့ ကိုကျော်ဆိုင်ဟာ သူကြိုက်တဲ့ အဝါရောင်မြေသားနဲ့ နှစ်ရှည်ကျပ်တင်ဝါးတွေကို ရခဲ့ပါတယ်။ ဒါပေမယ့် သူကြိုက်တဲ့ ဝ မကလေးကိုတော့ မရပါ။ ယောက်ျားယူသွားလို့ မင်္ဂလာဆောင်ကို ကျနော်တို့အား ဖိတ်ပါသေးတယ်။ “ဝ မင်္ဂလာဆောင်လေ့လာရတာပေါ့၊ သွားရအောင်”ဆိုပြီး ကျနော်ကခေါ်ပေမယ့် သူ မလိုက် ပါ။ “ခင်ဗျားပြောတော့ ငယ်သေးတယ်ဆို” လို့ ကျနော့်ကိုသာ အပြစ်တင်ပါတယ်။


ကိုကျော်ဆိုင်အတွက်သာ ငယ်တယ်လို့ပြောတာပါ။ တောင်ပေါ်နေ လူမျိုးစုများဟာ သူတို့အချင်းချင်းကတော့ အသက် ၁၄ နှစ်၊ ၁၅ နှစ် စသဖြင့် ငယ်ငယ်ရွယ်ရွယ်အချိန်မှာ အိမ်ထောင်ပြုသူ အများအပြား ရှိတတ်ပါတယ်။ သည်အသက်အရွယ်နဲ့ အတွေ့အကြုံ အတော်များများရှိခဲ့ပြီးသားမို့ ကိုကျော်ဆိုင် ထူးထူးခြားခြား အသည်း မကွဲပါ။ ကြိတ်ဆုံလုပ်ခြင်း ကိုသာ သူ အာရုံစိုက် အလုပ်လုပ်ခဲ့ပါတယ်။


ကျနော်တို့နှစ်ယောက် အမြဲလိုလိုစားလေ့ရှိတဲ့ဟင်းကတော့ ပဲပုပ်ရည်ဖျော်ဟင်း။ ဒိုင်နယ်ရုံးမှာ ကျနော်တို့ အတွက် တလစာပဲပုပ်ချပ်တွေ ပုံပေးထားပါတယ်။ ကိုကျော်ဆိုင်ချက်တဲ့ ပဲပုပ်ရည်ဖျော်ဟင်းကို ကိုကျော်ဆိုင် ခူးလာတဲ့ ပိန္နဲရွက်နုနု၊ ပိန္နဲသီးနုနု ကလေးနဲ့တို့စားရတဲ့ အရသာကို ကျနော် မကြာခဏ တမ်းတမိတတ်ပါတယ်။


ဒိုင်နယ်ရုံးမှာ ကျနော်တို့အတူနေစဉ်ကာလအတွင်း ကိုကျော်ဆိုင်တလှည့် ကျနော်တလှည့် ငှက်ဖျားထပါတယ်။ ကျနော်တို့အတွက် ငှက်ဖျားဟာ အဆန်းမဟုတ်တော့ပါ။ ဒါကြောင့် ကျနော်တို့ရဲ့အဖျားကို ‘ငှက်ဖျားအို’လို့ ခေါ်ပါတယ်။ ဒိုင်နယ်မှူးက ဆေးဝါးအကြောင်း နည်းနည်းပါးပါး နားလည်တော့၊ သူပဲ ဆေးလာထိုး၊ စားဆေးတွေပေးနဲ့ ဂရုတစိုက်ပြုစုပါတယ်။


နမ်ဖတ် ဒိုင်နယ်ရုံးဟာ ကာဝိုင်းရဲ့ နတ်ညောင်ပင်ကြီးနဲ့ ကပ်နေတာပါ။ အဲဒီနားတဝိုက် သစ်ပင်ကြီးတွေ အတော် များများရှိပြီး တောအုပ်ကလေးတခုလို ဖြစ်နေပါတယ်။ ဒီသစ်ပင်တွေ အောက်ရောက်ရင် အေးစိမ့်သွားပါတယ်။ တည ငှက်ဖျားကြောင့် အိပ်ပျော်သွားရာကနေ ချွေးစေးတွေထွက်ပြီး ကျနော် လန့်နိုးလာတယ်။ ဒိုင်နယ်ရုံးတံခါးကိုဖွင့်ပြီး အပြင်ကိုလှမ်းကြည့်လိုက်တော့ သစ်တောအုက်ကလေးတဝိုက် နှင်းခါးတွေ မိုးရွာသလို ရွာချနေတယ်။ လေကလည်း တဝှီးဝှီးတိုက်နေတယ်။ ပိန်းပိန်းပိတ်နေတဲ့ အမဲရောင်ညထဲမှာ အဝေးဆီက အော်သံလိုလို ရှိုက်ကြီးတငင် ငိုနေသံလိုလို အသံတခုကို ခပ်သဲ့သဲ့ လေးကြားရတယ်။


ကုတင်ပေါ်ပြန်ရောက်ပေမယ့် အိပ်မပျော်တော့ပါ။ ဘာကြောင့် ဝမ်းပန်းတနည်း ရှိုက်ကြီးတငင် ငိုနေရတာလဲ။ ဘယ်သူ ငိုနေတာလဲ။ ဒီအသံ ဘယ်ကလာတာလဲ။ အော်ခေါ်သံ ဘယ်ကလာ သလဲ။ စဉ်းစားရင်း ငှက်ဖျားကြောင့် မူးဝေဝေဖြစ်နေရာက အောက်ဗမာပြည်အကြောင်း သတိရလာတယ်။ စဉ်းစားလာမိတယ်။ ခေါ်သံ … ခေါ်သံ ငိုညည်းသံတွေ၊ ဒီအသံတွေ ဘယ်ကလာသလဲ။ ဗမာပြည်က များလား။ ခေါ်သံ၊ သားတို့ရဲ့ ခေါ်သံများလား၊ ဗဟိန်းဝင်း၊ ဗထူးဝင်းတို့ရဲ့ ခေါ်သံလား။


ကျနော် ပြတင်းပေါက်ဖွင့်လိုက်တယ်။ နှင်းခါးမိုးတွေ သဲသဲမဲမဲရွာနေတုန်းပဲ။ ကျနော့် ရင်ထဲအလွမ်းတွေ ပြည့်လာ တယ်။ ‘သားတို့ရေ’လို့ စူးစူးတစ်တစ် ကျနော်အော်ဟစ်ပြီး နှင်းတောထဲမှာ သားတို့ကို လိုက်ရှာချင်တယ်။ ကျနော်ဟာ အလုပ် တာဝန်တွေဆက်တိုက် လေ့လာရေးဆက်တိုက်၊ လူထုကြားထဲသွားလာနေတာ ဆက်တိုက်ဖြစ်တော့ အောက်ရပ်အောက်ရွာက ဇနီးသည်နဲ့ သားတို့အကြောင်း စဉ်းစားချိန် မရပါ။ စဉ်းလည်းမစဉ်းစားမိပါ။ လွမ်းဆွတ်တမ်းတတဲ့ စကားမျိုးလည်း တခွန်းမှ မဟဖူးပါ။ တော်လှန်ရေးအတွင်းမှာ လူထုအတွင်းမှာ ကိုယ့်ဘဝ ကိုရော ကိုယ့်အတ္တကိုပါ နှစ်မြှုပ်ထားတာပါ။


အခု ငှက်ဖျားတရေးနိုးကာလမှာမှ အားနည်းချက် အမြှေးပါးလေးတွေပေါက်ထွက်ပြီး အလွမ်းစိတ်တွေ ပွင့်အံကျလာတာဖြစ်ပါလိမ့်မယ်။ ဒါနဲ့ ဒီခံစားချက်နဲ့ ကျနော် ကဗျာ ထရေးပါတယ်။ ရေးရင်း ရေးရင်း လက်တွေ့လာလို့ ကဗျာဟာ မဆုံးနိုင်တော့ပါ။ ဘယ်နှစ်ရက် ဆက်ရေးရသလဲ မမှတ်မိတော့ပါ။ မဆုံးနိုင်တဲ့ ကဗျာရှည်ကြီးဖြစ်လာပါတယ်။


ဒီကဗျာကို ကိုကျော်ဆိုင်ဖတ်ကြည့်ပြီး သူ့ရင်ထဲ ထိသွားပါတယ်။ ပြောချင်တာက ဒီလိုပါ။ ဒီကဗျာအကြောင်း သူ့ရဲ့ အနုပညာအကြောင်း တဖွဖွပြောပါတယ်။ အရှည်ကြီးရေးထားတဲ့ အဲဒီကဗျာစာအုပ်ကလေးကို သူခဏခဏ တောင်းဖတ်ပါတယ်။ အရင်တုန်းက သူ ကဗျာရေးတယ်လို့ ကျနော်မသိဖူးပါ။ အခုတော့ “ကဗျာအနုပညာရဲ့ စူးရှမှုရှိပုံကို သူခံစားရပြီ” တဲ့။ အဲဒီကစလို့ သူ ကဗျာတွေ တောက်လျှောက်ရေးလာတော့တာပါပဲ။


ကိုကျော်ဆိုင်နဲ့ပတ်သက်လို့ ဒီအဖြစ်အပျက်ကလေးဟာလည်း အမှတ်တရရှိနေလို့ တင်ပြလိုက်တာပါ။

ကိုကျော်ဆိုင် မြေကြိတ်ဆုံးလုပ်တာ နောက်ဆုံးမှာ နမူနာအဖြစ် မြေကြိတ်ဆုံ လေးငါးလုံး ပြီးသွားပါတယ်။ စပါးကို စမ်းသပ်ကြိတ် ကြည့်တယ်။ ဒါပေမယ့် ဆန်ဖြူထွက်နှုန်း သိပ်မကောင်းပါ။ ကြိတ်ဆုံက တခါတလေ ထစ်နေပါတယ်။ အတင်းဖိကြိတ်ရင်လည်း ဆန်တွေ ကျိုးကျေကုန်ပါတယ်။ လူထုက သူတို့ရဲ့ လက်ထောင်းဆုံလောက် မကြိုက်ကြပါ။


ဒါနဲ့နောက်ဆုံးမှာ ကျနော် တရုတ်ပြည်ဘက်သွားပြီး ဆန်ကြိတ်စက်၊ စပါးလှေ့စက်တွေ သွားဝယ်ပါတယ်။ ဒီလိုနဲ့ အရင်ထမင်းငတ်ခဲ့တဲ့တောင်ပေါ်မှာ စပါးကြိတ်စက်တွေ၊ လျှပ်စစ်မီးတွေ ရောက်ရှိလာခြင်းဖြစ်ပါတယ်။


ဆက်လက်ဖော်ပြပါမယ်။


No comments: