Sunday, November 9, 2008

ဇော်ခိုင်ဦး (ချစ်လို့ခေါ်တဲ့အသံ)


ချစ်လို့ ခေါ်တဲ့အသံ


ဇော်ခိုင်ဦး


တခွင်လုံးမိုးသားတွေ

လေးလေးကန်ကန်ရွှေ့ရှားနေချိန်

စစ်သားလူထွက်ကြီး

အိမ်ပြန်လာခဲ့ပါပြီ …


ကျနော့် မိန်းမက

သူ့ နို့ပိန်ပိန်ကိုလှန်ပြီး

အနှီးမဲ့နေတဲ့ ကလေးကို တိုက်လို့ …


သမီးအကြီးမက

ကျနော့် စွပ်ကျယ်ပွပွကြီးကို

ဝတ်ထားလို့ …


ကျနော့်လက်တဖက်ကတော့

ကျနော့်မိန်းမ ပုခုံးပေါ်

အားပြုထားရပေါ့ …


မင်း ခြေထောက်တဖက်

ဘယ်ရောက်သွားလဲ၊

မင်း လက်တဖက်

ဘယ်သူယူသွားလဲ …


ရွာအဝင် မေးခွန်းတွေက

ကျနော့်ခန္ဓွာကိုယ်ပေါ်

အညစ်အကြေးတွေလို

စွန်းထင်းသွားတယ် …


စစ်မှုထမ်းသက် ၁၅ နှစ်မှာ

မွေးရာပါ

ခြေတဖက် … လက်တဖက်

ဘယ်သူ့အတွက် ပေးလိုက်ရတာလဲ

ဘယ်သူ့အတွက် ပေးပစ်ရတာလဲ …


ဒီမေးခွန်းကြီးထဲမွန်းကြပ်

ခုတော့ …

ရွာကို ပြန်လာခဲ့ပါပြီ…


အာဏာရှင်စစ်မီးဟာ

အချစ်ကြီးချစ်သူတွေကို သွေးခွဲ

လူထုဘဝကို

ခွေးဆွဲသလို ဝိုင်းဆွဲခဲ့ကြ

(ဒင်းတို့ဘဝ ချောက်ထဲမကျအောင်)

တိုင်းပြည်ကို

အကျဉ်းထောင်လုပ်ပစ်တာကွ …


နာနာကျည်းကျည်း ပွင့်အန်နေတဲ့

ကျနော့်ဦးလေးစကားသံတွေ

မြားလို လာလာမှန်နေပေါ့ …


မင့် … ညီမလေး

ရှစ်လေးလုံးမှာ ကျဆုံးသွားပြီ


မင့် … ညီအငယ်ကောင်

စစ်အကျဉ်းထောင်ထဲမှာ …


အဲ့ဒီစိတ်တွေနဲ့

မင်းအမေ

အိပ်ရာထဲ ဘုန်းဘုန်းလဲတော့တာ

မနေ့ကပဲ …

မနေ့ကပဲ ဆုံးသွားပြီ


အမေ …

အမေ့အလောင်းစင်ကို

ခေါင်းဝင်ပြီး ပြေးဖက်ဖို့တောင်

လက်တဖက်မရှိတော့တဲ့ ကျနော်


အမေ့ဈာပနကို

အမေမွေးထားတဲ့အတိုင်း

လိုက်ပို့ဖို့

ခြေတဖက်မရှိတော့တဲ့

ကျနော် …


အာဏာရှင်အရိုင်းအစိုင်းဟာ

လူတိုင်းမုန်း

တပ်မတော်ကြီးတဲ့လား၊

ငါသားကို

နှမြောလိုက်တာကွယ် …


အဲ့ဒါ …

အမေ့ နောက်ဆုံးစကား တဲ့

ကျနော့်ကို

ခွင့်မလွတ်နိုင်တော့ဘူးလား အမေ …


ဟေ့ကောင် …

မင့် ခြေတဖက် လက်တဖက်အတွက်

ဘာမှ စိတ်မပျက်နဲ့ဦး

တို့တရွာလုံးရှိပါတယ် ကွာ …


ဟင် …

ရွာလူကြီးတယောက်ဆီက

ထွက်ကျလာတဲ့ စကားသံဟာ

ကျနော့်နားတွေကို မယုံနိုင်အောင် ဖြစ်ရပေါ့ …


သမီးအကြီးမက

ကျနော့် စွပ်ကျယ်ပွပွကြီးကို

ဝတ်ထားလို့ …


အနှီးမဲ့နေတဲ့ အငယ်ကောင်က

သူ့အမေ နို့ပိန်ပိန်ကို

အရှိန်မပျက်စို့လို့ …


ရွာလူကြီးတယောက်က

ကျနော့် တဖက်တည်းလက်ကို

သူ့ပုခုံးပေါ်တင်

လာကွာ

ရွာထဲ ဝင်ကြရအောင် … တဲ့။ ။



ဇော်ခိုင်ဦး

ကပ-၆၂၇၅၂၉

(ယခင်) အမှတ်-၂ ချင်းသေနတ်ကိုင်တပ်ရင်း

ရှစ်လေးလုံးပြည်သူ့တပ်မတော်သား



အောင်ဆန်းဂျာနယ်

အတွဲ ၆ အမှတ် ၂

ဇွန်လ ၂၀၀၁ ခုနှစ်


No comments: