Wednesday, November 12, 2008

(သိန်းဖေမြင့်) အာဠာဝက သခင်ဘိုးလှကြီး


၁၃ဝဝ ပြည့်အရေးတော်ပုံ (၁၉၃၈-၃၉)သည် မြန်မာ့လူ့ဘောင်၏သမိုင်းတွင် ထင်ရှားသောမှတ်တိုင်တခု အဖြစ်ဖြင့် တည်ရစ်ပေသည်။


၁၃ဝဝ ပြည့်အရေးတော်ပုံ၏ ထူးခြားသော အခြင်းအရာများအနက် အထူးအခြားဆုံးသော အခြင်းအရာမှာ မြန်မာ့ လူ့ဘောင်သမိုင်းတွင် ပထမဆုံးအကြိမ် မာ့က်စ်ဝါဒနှင့် အလုပ်သမားလူတန်းစားတိုက်ပွဲ ပေါင်းစပ်မိခြင်းဖြစ်သည်။ မာ့က်စ်ဝါဒ၏ လက်တွေ့နှင့် သဘောတရားညီညွတ်ခြင်းကို သက်သေထူလိုက်သော အခြင်းအရာဖြစ်ပေသည်။


ထို့ကြောင့် ၁၃ဝဝ ပြည့် အရေးတော်ပုံသည် မာ့က်စ်ဝါဒကို သက်ဝင်ယုံကြည်၍ လက်တွေ့ကျင့်သုံးသော ခေါင်းဆောင်အများကို မွေးထုတ်ပေးခဲ့ပေသည်။ ၄င်းတို့အနက် ယခုအခါ ကွယ်လွန်ပြီဖြစ်၍ ထိုစဉ်က ထင်ရှားသော အာဠာဝကသခင်ဘိုးလှကြီးအကြောင်းကို ရေးသားလိုပေသည်။


သခင်ဘိုးလှကြီးသည် အလုပ်သမားလူတန်းစားကြီးမှ ပေါက်ဖွားလာသော မာ့က်စ်ဝါဒီခေါင်းဆောင် တဦးဖြစ် သည်ဟု ဆိုအပ်ပေသည်။ သူသည် ရေနံမြေ ဘီအိုစီလုပ်ငန်း၌ အနောက်နိုင်ငံအခေါ်အားဖြင့် ကော်လာဖြူ အလုပ်သမား၊ မြန်မာအခေါ်အားဖြင့် စာရေးကလေး၊ အလုပ်သမားသမဂ္ဂအသုံးအနှုံးဖြင့် ရုံးအလုပ် သမားတယောက်ဖြစ်ပေသည်။


ရုံးအလုပ်သမားဖြစ်ရုံသာမကသေး စက်ရုံအလုပ်သမားများ သပိတ်မှောက်သောအခါ တသွေးတသားတည်း ပါဝင်ခဲ့ပေသည်။ သပိတ်မှောက် အလုပ်သမားများက ရေနံမြေမှ ရန်ကုန်သို့ ဆန္ဒပြချီတက်လာသောအခါ ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်ခဲ့ပေသည်။ အလုပ်သမားသည် တိုင်းပြည်၏ လွတ်လပ်ရေးကို အများဆုံးလိုလားသူဖြစ်ရာ သူသည် ရေနံမြေ ဒို့ဗမာအစည်းအရုံး၌ စောစွာပါဝင်ခဲ့ပြီး သခင်ခေါင်းဆောင်တဦး ဖြစ်ခဲ့လေသည်။


သူ့အား ရေနံမြေသပိတ်တပ်ကြီးကို ခေါင်းဆောင်လာသူတဦးအဖြစ်ဖြင့်လည်းကောင်း၊ အဟောအပြော၊ အဆူအပူတွင် သူမတူကောင်းသူအဖြစ်ဖြင့် လည်းကောင်း၊ တတိုင်းပြည်လုံးက သိခဲ့ကြလေသည်။ သူ၏ သဘောတရား နိုင်ငံရေးအယူအဆများကိုကား ပြည်သူလူထုက နှံ့နှံ့စပ်စပ်သိခဲ့ကြခြင်း ရှိအံ့မထင်။


သူသည် ၁၃ဝဝ ပြည့် အရေးတော်ပုံများအတွင်းက ‘သပိတ်စစ်ပွဲ’ဟူသော စာအုပ်ကိုရေးသား ထုတ်ဝေခဲ့သည်။ ထိုစာအုပ်တွင် သူ၏သဘောတရား၊ နိုင်ငံရေးအယူအဆများကို တွေ့မြင်နိုင်လေသည်။ ယင်း သဘောတရား၊ နိုင်ငံရေးအယူအဆများကို ထောက်သော် မာ့က်စ်ဝါဒီတယောက်ဟု မှတ်ယူနိုင်လေသည်။


ထိုစာအုပ် စာမျက်နှာ ၄ တွင် သူတို့မျက်မှောက်ရှိ ဘီအိုစီဓနရှင်ကို ‘ဘီအိုစီဓနရှင်ကုမ္ပဏီ၏ မိုက်ကြေး’ ဟူသော ခေါင်းစဉ်ဖြင့် ဝေဖန်ပိုင်းခြားပြရင်း ဓနရှင်စနစ်၏ သဘောသကန်သဘာဝ ဥပဒေကို ဖော်ထုတ်ပြသခဲ့သည်။


ဘီအိုစီကုမ္ပဏီသည် ၁၉၃၇ခုနှစ်တွင် ငွေပေါင်း ၇ ကုဋေမြတ်၍ အလုပ်သမားအတွက်ပေးရသော အခငွေမှာ ၅ သန်းသာဖြစ်ကြောင်း ဖော်ပြခဲ့ပေသည်။ ယင်းသို့ဖော်ပြရင်း မာ့က်စ်ဝါဒ အစွန်းထွက်တန်ဖိုး သဘောတရားကို အောက်ပါအတိုင်းရှင်းပြခဲ့သည်။


‘ငွေပေါင်း ၈ ကုဋေရရန်အတွက် လုပ်ကိုင်ရသော အလုပ်ချိန်အနက် အလုပ်သမားတို့သည် မိမိတို့၏ လုပ်ခ အတွက် အချိန်တာဝန် မည်၍မည်မျှ လုပ်ကြရသည်ကိုတွက်ကြည့်သော် အလုပ်သမားတို့၏ ဝေပုံစုသည် ၁၆ ပုံမှ ၁ ပုံသာဖြစ်၏။ အချိန်နာရီအရ ခွဲစိတ်လိုက်လျှင် အလုပ်သမားတို့သည် တနေ့လျှင် ၈ နာရီ လုပ်ရသည့် အနက် ၇ နာရီခွဲသည်ကား ဓနရှင်တို့၏ အနိုင်အထက်မိုက်ကြေးခွဲ၍ အမြတ်ရရန်ခိုင်းသော အချိန်ဖြစ်သည်။ မိမိတို့အတွက် ကား နာရီဝက်သာ လုပ်ရ၏’


ယင်းကဲ့သို့ ဘီအိုစီက အမြတ်ထုတ်ယူသလို အခြားသော နယ်ချဲ့ဓနရှင်ကုမ္ပဏီများက အမြတ်ထုတ် ယူနေကြသောကြောင့် မြန်မာပြည်သူလူထု ဒုက္ခဆင်းရဲခံရပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလေသည်။


‘ဗမာပြည်သို့ ပြန်လမ်းမရှိသော ထွက်ကုန်များ’ ဆိုသော ခေါင်းစဉ်ဖြင့် နယ်ချဲ့စနစ်သည် အမြတ်အဖြစ်ဖြင့် မြန်မာ့ ထွက်ကုန်တွေယူသွားပုံကို ဖော်ပြ၏။ နယ်ချဲ့စနစ်ကြောင့် မြန်မာပြည် ရေလွှမ်းဘေးဆိုက်ပုံ၊ ငှက်ဖျားထူထပ်လာ ပုံ၊ ဆင်းရဲသားတို့ လုံးပါးပါးပုံ၊ မိန်းမတယောက်ကို ဆန်တတင်းဖြင့် ဝယ်နိုင်ပုံ၊ ပန်းဦးဆက်ခေတ်ကြီး ပြန်ဆိုက် လာပုံ၊ ပါးစပ်တွင် ခြင်း အစွပ်ခံရသော ကျွဲနွားများနှင့် တူလာပုံကို ကွက်ကွက်ကွင်းကွင်း ဖော်ပြသည်။


‘ဓနရှင်စနစ် တည်တံ့နေသမျှကာလပတ်လုံး အဆွေတို့ ငါတို့ ပါဏုပေတံ မွဲဇာတာမလှန်နိုင်အောင် ကျွန်ဘဝအောက် သဘောက်ဘဝ၌ ရောက်ရှိနေကြပေတော့၏’ (စာမျက်နှာ -၁၇)

၎င်းနောက် ဆန်စပါးကို စတီးဘူလိမ်ဂျာပူးလ် စသော ဓနရှင်များက လက်ဝါးကြီးအုပ်ပုံ၊ ချစ်တီးများအား ၄င်းတို့ကခေါ်ခဲ့ပြီး ငွေချေးပုံ၊ မြန်မာတောင်သူလယ်သမားတွေ မြေမဲ့ယာမဲ့ဖြစ်ပုံ၊ မြန်မာပြည်ရှိ ဘဏ် တိုက်ကြီး များကို နယ်ချဲ့ဓနရှင်တို့က အုပ်ထားပုံ စသည်များဖော်ပြပြီး ‘မြေရှင်နှင့် ဓနရှင်တို့ပင်း၍ ညှဉ်းပုံ’ ကိုရေးသား လေသည်။


နယ်ချဲ့ဓနရှင်နှင့် မြေရှင်တို့၏ ပယောဂကြောင့် လူ့ဘောင်လူတန်းစားများ အခြေအနေမညီမျှပုံကို အောက်ပါ အတိုင်း ဖော်ပြလေသည်။


‘နိုင်ငံချဲ့သမားတို့၏ လက်ပါးစေကျွန်ယုံအပေါင်းတို့တွင် သင်းကျစ်ဦးခိုင် မဏ္ဍိုင်ဥက္ကဋ္ဌဖြစ်သော ဘုရင်ခံကြီးသည် မိမိတကိုယ်ရေတကာယတည်း နေထိုင်ရန်အတွက် စတုရန်းပေပေါင်းတသိန်းခန့် ကျယ်သည့် ဝင်းခြံကြီးအတွင်း … မန်နေဂျာ၊ ဒါရိုက်တာများ ပေပေါင်းငါးသောင်းခန့်ကျယ်ဝန်းသော ခြံဝန်းကြီးများဖြင့် သိုက်မြိုက်တင့်တယ်စွာ နေထိုင်ခွင့်ရှိကြ၏။


ဆင်းရဲသားတို့မှာကား ခြေသလုံးအိမ်တိုင်ကိုယ်ပိုင် ပစ္စည်းဟူ၍ ရွေးစေ့ခန့်မျှမရှိကြသဖြင့် လမ်းကြိုလမ်းကြား တိုက်ကြိုတိုက်ကြားတို့တွင် ပုလိပ်ပတ်တရောင်တို့ကို တိမ်းရှောင်၍နေရသူက နေရ၏။ လခဖြင့် ငှား နေပြန်ပါကလည်း စတုရန်းပေပေါင်း ၃ဝဝ ခန့် ကျယ်ဝန်းသော အခန်းကျဉ်းကလေးများတွင် ၅ဝ ခန့်သော အလုပ်သမားတို့ ပြွတ်သိပ်တင်းကြမ်း။ ညအခါတွင် တပိုတပါး သွားချင်ပါသော်လည်း သွားလမ်းမရှိ။ အိပ် နေသူကို တက်နင်းမိမည်စိုးရသဖြင့် မလွယ်အပ်သော အန္တရာယ်ကိုပင် အနိုင်နိုင်အောင့်ကာ လွယ်၍ထား ရသူကားထားရ၏”(စာမျက်နှာ-၂၃)


ဆက်လက်ဖော်ပြပါမယ်

သခင်ဖိုးလှကြီးဂျာနယ်

ဇွန်လ ၂၀၀၁ ခုနှစ်


ပန်းချီသရုပ်ဖော် - နေမျိုးဆေး



No comments: