အင်္ဂလိပ်စာ
အချစ် နှင့် သီတင်းကျွတ်
မောင်တောက်
ခေါင်းစဉ်ကိုသာကြည့်ပြီး အဖြေထုတ်ကြမည်ဆိုက ဘာမျှမဆိုင်ဟူသောအချက်လောက်နှင့်ပင် မိတ်ဆွေတို့အတွက် ပြည့်စုံနိုင်သည်။ သို့သော် ကျနော့်အတွက်မူကား အင်္ဂလိပ်စာ အချစ်နှင့် သီတင်းကျွတ်သည် ဘဝထဲမှဖျက်မရသော ကိစ္စရပ်များ ဖြစ်နေသည်။ ရှေ့ဆက်၍လည်း မည်သို့ရှိဦးမည် မသိ။
ကြွားစရာတော့ မဟုတ်။ သို့သော် မြန်မာ့ပညာရေးခရီးတလျှောက် ၅ တန်းရောက်မှ အင်္ဂလိပ်စာကို စတင်သင်ကြားရသူများထဲတွင် ကျနော်လည်းပါသည်။ အက္ခရာစာလုံးတွေကို လူကြီးမိဘတို့အသံ ထွက်ပြကတည်းက အေ ဘီ စီ ဒီ ဟု သိနေသော်လည်း မည်သည့်သြဇာနှင့် ခြိမ်းခြောက်မှုက ကျနော်တို့ခေတ်ကို ပြစ်ဒဏ်ခတ်ထားသည် မသိ။ အင်္ဂလိပ်စာဆိုတာ ၅ တန်းရောက်မှ သင်ရတာဟု အရိုးစွဲနေမိသည်။
သို့သော် ကျနော် မခေပါ။ ၅ တန်းရောက်မှ အင်္ဂလိပ်စာ စတင်သင်ကြားရသော်လည်း ကျနော်၏ အင်္ဂလိပ်စာအဆင့်က သက်တမ်း ၁ဝဝ ကျွန်ဖြစ်ခဲ့သောနိုင်ငံသားပီပီ အရည်အချင်းမီခဲ့သည်ဟု ဆိုရမည်။ ခက်သည်က … စာလုံးပေါင်းအလွတ်ရပြီး အရေးအသားညံ့ခြင်းပင်။ သည်တော့ တလုံးချင်း အဓိပ္ပာယ်များကိုသာသိ၍ ဝါကျတကြောင်းကိုဘာသာပြန်သည့်အခါ လူကိုသိပြီး နာမည်မေ့နေသူ လိုဖြစ်နေ တော့သည်။
ဆရာကတော့ အင်္ဂလိပ်စာအသုံးအနှုန်း၊ ဝါကျတည်ဆောက်မှုတို့ကို အခြေခံ ကြေညက်နေအောင် အထပ်ထပ် လေ့ကျင့်ပါဟု ပြောသည်။ စာလုံးပေါင်း အဓိပ္ပာယ်သိရုံမျှနှင့် အင်္ဂလိပ်စာ မတတ်။ သဒ္ဒါအရေးအသား နိုင်နင်းကျွမ်းကျင်မှဖြစ်မည်ဟု အကြံပေးသည်။
သို့သော် ကျနော် ကံမကောင်းပါ။ အထက်တန်းကျောင်းသားကြီးဘဝဖြင့် ကျောင်းထုတ်ခံလိုက်ရသည်။ ထို့ကြောင့် ကျောင်းစာအဖြစ် အမြဲတစေထိတွေ့နေရသော အင်္ဂလိပ်စာနှင့်ကျနော် အလှမ်းဝေးသွားတော့သည်။ ထိုစဉ်က နယ်ကျေးလက် မြို့ကလေးတွင် နေထိုင်ရချိန်ဖြစ်၍ ပြင်ပ၌ အင်္ဂလိပ်စာသင်တန်းတက်ရန်လည်း မဖြစ်။
စုဆောင်းထားသည့် စာအုပ်ကလေးနှင့် ကိုယ်တိုင်ဆည်းပူးသော်လည်း လက်တွေ့၌ မလွယ်။ တတ်ကျွမ်းသူများထံ သွားရောက်မေးမြန်းသော်လည်း ပုံမှန် မလေ့လာဖြစ်ခဲ့။ ဤသည်မှာ ကျနော်နှင့် အင်္ဂလိပ် ဘာသာစကားတို့အကြားက ဆက်ဆံရေးဟု ဆိုရမည်။
သို့သော် အင်္ဂလိပ်စာကို ကျနော် မမေ့။ ထိတွေ့မှု မလွတ်ကင်း။ မပစ်ပယ်။ အသံထွက်ဖြစ်ဖြစ် အဓိပ္ပာယ်ဖြစ်ဖြစ် မည်သည့်နေရာမှ ရရှိသည်ဖြစ်စေ၊ မှတ်သားလိုက်မိသည်သာ။ ထို့ပြင် တလုံးစ နှစ်လုံးစ ရွှတ်ရှက် ဒွတ်ဒက် ကလေးကလည်း လုပ်ချင်စိတ်ရှိသည်။ သို့ပေမင့် နေကောင်းလား၊ ဘယ်လဲ၊ ဘယ်မှာနေလဲဟူသည့်အဆင့်က မပို။ သို့သော် … ။
ကျောင်းနေဘက် ကျနော့်ကြိတ်ပိုးမလေးကို သူမ တက္ကသိုလ် ဒုတိယနှစ်ရောက်မှ ပိုပြီးစွဲလမ်းမိသည်။ မြို့ကျောင်းတက်ပြီး မြို့သမီးများဖြစ်သွားချေက မလွယ်။ ခုပင် ဝတ်တာ စားတာတွေက ထူးခြားလာသည်။ ပြောတာ ဆိုတာတွေကလည်း ယခင်ကနှင့် မတူ။ သည်လိုတွေ တွေးရင်း ကျနော် အချစ်ဆိပ်တက်တော့သည်။
“အချစ်ဆိုတာ သမဝါယမဆိုင်က လူကြီးတွေလိုပဲ လက်ဦးမှုယူရတယ်ကွ”
အရေးထဲ ကျနော့်လမ်းထဲမှ အကိုကြီးတယောက်က ဝင်နောက်နေသေးသည်။ ဟုတ်တော့လည်း ဟုတ်သည်။ ကျနော့် ကြိတ်ပိုးမလေးနှင့်တော့ မဝေးချင်။ သည်လို စဉ်းစားရင်းမှ စာတစောင် ချက်ချင်းကောက် ရေးသည်။ သိကြသည့်အတိုင်း မည်သူမဆို ပထမဦးဆုံးရေးသည့် ရည်းစားစာအတွက် အခက်အခဲတွေ့ရသည်ချည်းပင်။
ရေးသည်။ မကြိုက်။ ဖျက်သည်။ ပြန်ရေး။ မဟုတ်။ ဆွဲဆုတ်သည်။ စဉ်းစားသည် တွေးသည် ဘာရေးမည်နည်း။ မသိ။ ချရေးသမျှလည်း ကိုယ်တိုင် မကြိုက်။ သည်မှာပင် သတိရလိုက်မိသည်က အင်္ဂလိပ်စာ … ။
ဟုတ်ပေသပေါ့။ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူကြီးကို အင်္ဂလိပ်လိုရေး၍ ရည်းစားစာ ပေးလိုက်မည်။ ကောင်းလိုက်သည့် အကြံ ဆိုပါတော့ … ။
Nay Chi,
I love you. You love I.
Maung Tauk
ကျနော့်ရည်းစားစာက ဤမျှပင်။ သည့်ထက်လည်း ကျနော် မရေးတတ်။ ရေးတတ်လျှင်လည်း ရေးမည်မဟုတ်။ မေတ္တာကို အကွန့်အညွန့်တွေ မလုပ်ချင်။ သို့နှင့် ထိုအတိုင်းပင် ပေးလိုက်သည်။
ကျနော့်ကြိတ်ပိုးမလေးထံမှ ပြန်စာကို တက္ကသိုလ် တတိယနှစ်ဆက်တက်ရန် ရွာမှထွက်သွားပြီး နောက်တနေ့ သူမ သူငယ်ချင်းက လာပေးသည်။ ထိုကောင်မလေးပြန်သွားသည်အထိ ကျနော် မဖွင့်ရဲသေး။ နှလုံးခုန်သံက တကိုယ်လုံးရှိသွေးကြောတွေကို ကိုင်လှုပ်နေသည်လား မသိ။ လက်တွေပင် တုန်နေသည်။ သို့နှင့် အထဲမှစာကို ဆွဲထုတ်လိုက်တော့ ကျနော်ရေးပေးလိုက်သည့် စာရွက်။ ဘယ်လိုပါလိမ့်။ ငါ့စာကိုပဲ ငါ့ကိုပြန်ပေးတာလား။ တွေးရင်းနှင့် စာရွက်ကိုလှန်လိုက်ရာ ကျနော်ထင်ထားသလိုတော့ မဟုတ်။ ကျနော့်စာကြောင်းအောက်၌ သူမ လက်ရေးဖြင့် စာကြောင်းလေးတကြောင်း ပါလာသည်။ ရေးထားသည်က …
Very poor … တဲ့။
ကျနော် နားမလည်။ ဘာကိုဆင်းရဲသည်ဟု ပြောသလဲ။ ကျနော့်မိဘများသည် အတော်အသင့် ချမ်းသာရုံမျှမက ကျေးလက်၌ ရုပ်ရှင်ရုံ ၁ဝ ရုံမျှပိုင်သည်။ ဆင်းရဲသည်ဟု သတ်မှတ်၍ မရ။ သို့ဆိုလျှင် သူမ အပေါ်ထားရှိသော ကျနော့်မေတ္တာတရားလား။ လုံးဝ မဆင်းရဲပါ။ ကျောင်းထုတ်မခံရမီကတည်းက မေတ္တာသန္ဓေတည်၍ သံယောဇဉ်ကို ရင်ထဲရစ်ချည်ကာ ကြိတ်ပိုးပိုးရင်း သူမ အရိပ်ကလေးကိုပင် ခိုးခိုးနမ်းခဲ့ဖူးသည်။ ယခု Very poor တဲ့။ မဖြစ်တော့။ ကျနော့်လမ်းထဲမှ အကိုကြီးဆီ ပြေးရတော့ သည်။
“ဟား ဟား ဟား ဟား ဟား … ”
ထို အကိုကြီး၏ရယ်သံက အတောမသတ်။ ကျနော့်မှာတော့ သူ့ကိုပြမိသော ကျနော့်ရည်းစားစာရွက်ကလေးကို တလှည့်၊ အားပါးတရရယ်မောနေသော သူ့ကိုတလှည့်ကြည့်ရင်း နားမလည်နိုင်ဖြစ်နေမိသည်။
“ ဟ … အင်္ဂလိပ်စာက ဒီလိုမရေးရဘူးကွ … ဟား ဟား ဟား …”
ထိုအကိုကြီးက ပြောရင်း ရယ်ပြန်သည်။
“ အကိုကြီး စဉ်းစားကြည့်လေ။ မေတ္တာဆိုတာ အသွားအပြန်ရှိတယ် မဟုတ်လား။ ဒီတော့ I love you. You love I ပေါ့ဗျာ။ နော …
ကျနော့်စကားဆုံးတော့ အကိုကြီးက ကျနော့်ကို စိုက်ကြည့်သည်။ သနားသော အကြည့်နှင့်။ ထို့နောက် …
“ ဟကောင်ရ မင်းဟာမင်း မေတ္တာမှာ အသွားအပြန်တွေ အလျားအနံတွေရှိရှိ အင်္ဂလိပ်စာမှာ မရှိဘူး။ စကားလုံး အထားအသို ဝါကျသုံးစွဲပုံ၊ သဒ္ဒါအရေးအသား ဒါတွေပဲရှိတယ်။ ဒါ့ကြောင့် Very poor ဆိုတာ မင်းအင်္ဂလိပ်စာအဆင့်က သိပ်ဆင်းရဲတာပဲလို့ ပြောလိုက်တာကွ ”
ဆက်လက်ဖော်ပြပါမယ်။
ရေစီးသံဂျာနယ်
အတွဲ ၇ အမှတ် ၈
အောက်တိုဘာလ ၁၆ ရက် ၂၀၀၃ ခုနှစ်
No comments:
Post a Comment