Friday, November 7, 2008

(မောင်လှဝင်း-မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့ ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ …..


မောင်လှဝင်း (မြင်းခြံ)


‘ဝ’တောင်တန်းတွေကို လွမ်းတယ်။

လွမ်းရလွန်းလို့ အိပ်မက်တောင် မက်တတ်တယ်။

‘ဝ’တောင်တန်းတွေက တောင်စဉ်ခုနှစ်ထပ်လို့ တင်စားခေါ်လို့ရနိုင်လောက်တဲ့ တောင်တန်းတွေလေ။ တောင်ထိပ်တခုကိုအရောက် ဟိုဘက်မှာ နောက်ထပ်တောင်တန်းတခုကို လှမ်းမြင်ပြန်ရော။ အိပ်မက်ထဲမှာ ပြာပြာမှိုင်းမှိုင်း ‘ဝ’တောင်တန်းတွေက ကျနော့်ကို လက်ယပ်ခေါ်လို့ပေါ့။ ‘ဝ’ တောင်တန်းတွေပေါ် ကျနော် တောင်ဝှေးနဲ့ မတက်၊ မြင်းလည်း မစီး။ ကောင်းကင်ထဲပျံဝဲပြီး ‘ဝ’ တောင်တန်းတွေကို လင်းယုန်မြင်ကွင်း ကနေကြည့်ရှုရတာ ထူးခြားတဲ့အရသာတမျိုး။


တခါတလေ ကျနော်ချစ်တဲ့‘ဝ’ပြည်သူ အဖိုးကြီး အဖွားကြီးတွေကို ဆင်းပြီးနှုတ်ဆက်တယ်။ သူတို့မျက်နှာတွေက ပြုံးချိုမြ။ သူတို့က လှိုက်လှိုက်လှဲလှဲနဲ့ ဆီးကြိုကြ။ နွေးထွေးကြ။ တခါတလေကျတော့လည်း အိပ်မက်ထဲက ‘ဝ’ပြည် တောင်တန်းတွေက ကြောက်စရာ။ မုန်တိုင်းထန်နေချိန်မှာ တောင်တွက လှိုင်းတွေလို ခုန်လို့။ မိုးခြိမ်းသံတွေ၊ လျှပ်စီးတွေ၊ မိုးကြိုးတွေ။ နှင်းခါးတွေထူပိန်းနေတဲ့ စိမ်းပြာပြာချောက်ထဲကနေ သေဆုံးသူကို တမ်းတတဲ့ ဝမ်းပမ်းတနည်း ငိုညည်းသံကို ကြားရတယ်။ ခေါင်းတလားထဲက ထမင်းငတ်လို့ သေရသူ ရုပ်အလောင်းရဲ့မျက်နှာကို ငုံ့အကြည့်မှာ ချွေးစေးတွေပြန်ပြီး အိပ်မက်ကနေ လန့်နိုးလာတယ်။


တခါတလေကျတော့ အိပ်မက်ထဲက ‘ဝ’ တောင်တန်းတွေပေါ်မှာ ကိုကျော်ဆိုင်နဲ့ ပြန်ဆုံမိတတ်တယ်။

ကိုကျော်ဆိုင် ‘ဝ’တောင်တန်းတွေပေါ် စတင်ရောက်ရှိတာတဲ့အချိန်တုန်းက အလွန်ချောတဲ့ မြင်းကြီးတကောင်ကို စီးပြီး ခန့်ခန့်ငြားငြားနဲ့ပေါ့။ ပါတီက သူ့ကို အနွေးထွေးဆုံးကြိုဆိုခဲ့တာပါ။ ကျနော် သိရှိရသလောက်ဆိုရင် သူဟာ လွတ်မြောက်ဒေသအရောက် ပြည်သူ့အသံ သတင်းထောက်တာဝန်ကို စတင်တာဝန်ယူ ထမ်းဆောင်ခဲ့တယ်။ ပြည်သူ့အသံမှာ သူ ဆောင်းပါတွေ အများအပြား ရေးခဲ့တယ်။ ပြည်သူ့အသံက သူ့ဆောင်းပါးတွေကို အသံလွှင့်ပေးခဲ့တယ်။ ( ရန်သူစစ်အစိုးရရဲ့ဘေးရန်ကြောင့် လွတ်မြောက်ဒေသသို့ သူတို့ ထွက်လာရပုံအကြောင်း ‘ရာဇတောဝါ’ ဆိုတဲ့ ဆောင်းပါးကလေးကို မှတ်မှတ်ရရ သတိရမိပါတယ်)။


သတင်းထောက်ဘဝနဲ့ လွတ်မြောက်ဒေသထဲက ၈၁၅ ဒေသကို သူသွားရောက်ပြီး သတင်းယူတာ၊ ပြည်သူ့ဘဝ ကွင်းဆင်းလေ့လာခဲ့တာတွေကို မှတ်မိတယ်။ အလုပ်တာဝန်မရှိချိန်မှာတော့ ‘စပယ်တော’ စခန်းမှာ စာတွေဖတ်၊ စာတွေရေးပေါ့။ ပါတီဟာ ရှိတဲ့အခြေအနေထဲက သူ့ကို အလွတ်လပ်ဆုံး အခွင့်အရေးပေးထားတယ်လို့ ကျနော် နားလည်ခဲ့တယ်။ ဝတ္တုရေးပါ။ ထုတ်ဝေပေးနိုင်တဲ့တနေ့ ထုတ်ကြတာပေါ့ဆိုတဲ့ သဘောထားမျိုးရှိခဲ့ပါတယ်။ ဒီလို အခွင့်အရေးရပေမယ့် ကိုကျော်ဆိုင်ဟာ ကာယအလုပ်ကို တက်တက် ကြွကြွလုပ်ပါတယ်။ တိုက်ပွဲကြီး ၃ ရပ်ထဲ က ကုန်ထုတ်လုပ်ရေးတိုက်ပွဲတခုအနေနဲ့ သီးနှံထုတ်လုပ်ရေးလုပ်တာကို ဆိုလိုတာပါ။ (သူဟာ အလုပ်ကြမ်း လည်း အတော်ကလေး လုပ်နိုင်ပါတယ်။ အရင်ကလဲ ဘဝနာခဲ့သူ၊ အလုပ်မျိုးစုံ လုပ်လာခဲ့သူပေကိုး။


သူ့တို့ ညီအစ်ကိုတတွေ ပင်ပန်းကြီးစွာနဲ့ ထင်းခုတ်ခဲ့ရတဲ့အကြောင်း ‘ဘဝစာမျက်နှာ’အဖြစ် ရေးထားတဲ့ သူ့ဝတ္တုလေးတွေကို သွားသတိရမိတယ်)။ စိုက်ပျိုးရေးအတွက် မြေပေါက်ရင်း ဆီးမီးတောက်ဥ သူကောက်ဝါး လိုက်တော့ အဆိပ်မိသွားလို့ ဆေးကုယူရတဲ့ အဖြစ်ကိုလည်း အမှတ်ရမိပါတယ်။ သူက အသီးအရွက် ရှာဖွေစားသောက်တတ်တဲ့ အလေ့လည်းရှိတယ်။ ဟိုအရွက် ဒီအရွက် တွေ့ကရာ အရွက်တွေ ကောက်ဝါးနေတတ်တယ်။ အရွက်အတော်များများကိုလည်း ဘယ်ဟာက စားရတယ်၊ ဘယ်ဟာက စားမရဘူးဆိုတာ သူ သိတယ်။ ဆီမီးတောက်ဥကိုတော့ သူ မသိလို့ အဆိပ်မိသွားတာပါ။


ပါတီက အခါအားလျော်စွာ ထုတ်ဝေတဲ့ ‘တော်လှန်ခေတ်’ ဂျာနယ်ထဲမှာ သူ ဝတ္တုတွေ ရေးတယ်။ သူ စာအုပ်တွေ ဖတ်ရာမှာ ‘ဟယ်မင်းဝေး’ကို သူအရူးအမူးစွဲလန်းတာကို သတိပြုမိတယ်။ ဟယ်မင်းဝေးရဲ့ဝတ္ထုထဲမှာ ဘယ်နေရာကို ဘယ်လိုရေးထားတာ အနုပညာအရ ဘယ်လောက်လှပကြောင်း သူ တဖွဖွပြောနေတတ်တယ်။ စာရေးဆရာတွေထဲက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့စာရေးဆရာတွေကိုလည်း အံ့သြအားကျစိတ်နဲ့ သူ မကြာခဏပြောနေတတ်တော့ ‘ဒီလူတနေ့နေ့ ကိုယ့်ကိုယ်ကိုများ သတ်သေလေမလား’ ဆိုတဲ့ သံသယ စိတ်တောင် ဝင်မိပါတယ်။


အဲဒီကာလက သူ ဝတ္တုရှည်ကြီးတပုဒ် ရေးတယ်။ ဘယ်နေရာကို သူဘယ်လို သရုပ်ဖော်ရေးသားတယ်ဆို တာပြောပြီး သူ့ဝတ္ထု တပိုင်းတစကိုပေးဖတ်ပြီး ဝေဖန်ခိုင်းတယ်။ ကိုယ်က ကိုယ်မြင် သလိုဝေဖန်လိုက်ရင်လည်း သူက မခံနိုင်ဘူး။ ရှူးရှူးရှားရှား သူ့အနုပညာဘက်က အကျောက်အကန် ခုခံကာကွယ်လေ့ရှိတယ်။


ကျနော်က ဒေသလုပ်ငန်း၊ လူထုလုပ်ငန်း၊ တာဝန်ထမ်းဆောင်ရသူဆိုတော့ ကျနော့် လုပ်ငန်း အတွေ့အကြုံတွေကို တနေ့မှာ သူ့ကိုပြောပြမိတယ်။ ဝ’နယ်ဒေသမှ ကြွက်ကပ်ဘေးကျရောက်လို့ လူတွေထမင်းငတ်ပြီး သေဆုံးကြရပုံ၊ လမ်းဘေးမှာတင် ငတ်လို့လဲသေနေတဲ့ အလောင်းတွေကို တွေ့ရတတ်ပုံ၊ ‘အီမျိုး’ကလေးလမ်းဘေးမှာ လဲသေမလိုဖြစ်နေတုန်း ရဲဘော် နိုင်ဦး ကကောက်ယူကယ်တင်ကာ သမီးအဖြစ် မွေးမြူခဲ့ပုံ၊ ပါတီက ကယ်ဆယ်ရေးလုပ်ငန်းအဖြစ် ရိက္ခာမျိုးစေ့၊ ပေါက်တူး၊ ပေါက်ပြား၊ စောင်၊ အိုးခွက် ပုဂံတို့ ကအစ လိုလေးသေးမရှိ ပြည်သူတွေကို ခွဲဝေပေးခဲ့ပုံ။


ပါတီရဲ့လမ်းညွှန်ချက်အရ လူထုဘဝမြှင့်တင်ရေးအတွက် ကျနော်တို့ လုံးပမ်းတိုက်ခိုက်ခဲ့တဲ့အတွက် အရင်က လူ ၇ဝ - ၈ဝ လောက်ငတ်သေခဲ့ရတဲ့ နမ်ဖတ်ဒိုင်နယ် ကာဝိုင်းရွာကလေးမှာ အခုအိမ်တိုင်အိမ်တိုင် စပါးတွေ ပိုလျှံပြီး စပါးကျီကလေးတွေ ဆောက်လာကြပုံတွေကို ပြောပြလိုက်တယ်။ အရင်ကဆိုရင် စပါးကျီရှိဖို့ဝေလားဝေး စပါးမရှိလို့လူတွေဟာ မျောက်ဥတူးစားခဲ့ရတယ်။ မျောက်ဥတူးရင်း ထမင်းငတ်လို့အားပြတ်ပြီး လဲသေတာတွေရှိခဲ့တယ်။


အခုပြဿနာကတော့ စပါးကြိတ်ဖို့ပြဿနာပဲ၊ ဒီကလူထုက စပါးကို လက်ဆုံနဲ့ထောင်းစားကြရတာ၊ ပင်လည်းပင်ပမ်း အချိန်လည်းကုန် အချိန်ကုန်လို့ သူတို့ရဲ့စိုက်ပျိုးထုတ်လုပ်ရေးကို ထိခိုက်တယ်။ စပါးကြိတ်ဖို့ပြဿနာဖြေရှင်းနိုင်ရင် လူထုဘဝမြှင့်တင်ရေးအတွက် အများကြီးအထောက်အကူဖြစ်မှာပဲ။ အနည်းဆုံး လက်ကြိတ်ဆုံလောက် လုပ်ပေး နိုင်ရင်ကိုပဲ သူတို့ရဲ့ငရုပ်ဆုံထောင်းသလိုမျိုး လက်ဆုံမောင်းထောင်းတာထက်တော့ ပိုပြီးခရီးတွင်မှာပဲ။


ကျနော့် စကားကြောင့် သူတက်တက်ကြွကြွ လှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။ သူက လူထုအတွက် မြေကြိတ်ဆုံလုပ်ပေး မယ် တဲ့၊ “ခင်ဗျား လုပ်တတ်သလား” လို့ မေးတော့ သူ့အဖေက မြေကြိတ်ဆုံလုပ်သူတဲ့ သူက သူအဖေလုပ်တာ ကို ကလေးဘဝသက်တမ်းတလျှောက်လုံး ကြည့်လာမြင်လာခဲ့တာမို့ ဖြစ်ရမှာပေါ့ တဲ့။ လူထုအတွက် မြေကြိတ် ဆုံလုပ်ပေးဖို့ သူနဲ့ကျနော် သဘောတူညီလိုက်ကြပါတယ်။ သူနဲ့သက်ဆိုင်တဲ့ အထက်အဖွဲ့အစည်းကို ခွင့်တောင်းပြီး ခွင့်ပြုချက်ရရှိတဲ့အခါမှာ ကျနော်နဲ့ ကာဝိုင်းရွာသို့ အတူတက်ခဲ့ကြပါတယ်။ ကာဝိုင်းရွာကလေး တည်ရှိရာ ဒီ ဝ တောင်ပေါ်မှာ သူနဲ့ ‘မကျုံ’ တို့ စတင်တွေ့ခဲ့ကြတာပါ။


ဆက်လက်ဖော်ပြပါမယ်။


No comments: