Wednesday, November 12, 2008

အောင်စည် (ကြာပေါ်စိန်ကို လွမ်းမိသည်) ၂


ထိုနှစ်အတွင်းမှာပင် အရှေ့တောသို့ သစ်ခုတ်သွားရာမှအပြန် ကြာပေါ်စိန် ငှက်ဖျား အကြီးအကျယ်မိသည်။

ပိန်သွားလိုက်သည်မှာလည်း တကိုယ်လုံးမှ အသားတွေ အရည်ပျော်ကာ ပေါက်ကျသွားသလို အရိုးပေါ်အရေတင်သာ ကျန်တော့သည်။


ဆင်းရဲသားဖျားတော့ ဘုရားတရုံသာ၊ ဆေးမရှိ၊ ဝါးမရှိ ကွမ်းရွက်ပြုတ်ရေနှင့် ငန်းဆေးကိုသာ အကြိမ်ကြိမ် မှီဝဲ

ရင်း ကံသာ အမိ၊ ကံသာ အဖဟု အောက်မေ့ရတော့သည်။ ဆံပင်တွေ ကျွတ်ကုန်သည်မှာလည်း အဆုပ်လိုက်၊ အထွေးလိုက်။ တသက်လုံး ဆင်းရဲပင်ပမ်းခဲ့သမျှဒဏ်ကို အခုလိုဖျားနာသည့်အခါမှ စုခံရခြင်းဖြစ်သည် ထင်၏။ နဂိုရုပ်ပင် မပေါ်ချင်တော့။ ကြာပေါ်စိန်တယောက် သည်တောင်ကမှ ကျော်နိုင်ပါတော့မလားဟု စိုးရိမ်ပူပန်မိ သည်။


နှစ်လလောက် ခံလိုက်ရပြီးမှ ကြာပေါ်စိန် နာလံပြန်ထသည်။ ထမင်းကလေး အနည်းအပါး စားဝင်သည်။ တနေ့တွင် ကျနော်လည်း တတ်နိုင်သမျှ လူမမာဓာတ်စာကလေးများယူကာ ကြာပေါ်စိန့်အိမ်သို့ ရောက် သွားသည်။ ဝါးကွပ်ပျစ်ကလေးပေါ်တွင် စင်တိုင်ကိုမှီကာ ခပ်ငေးငေးထိုင်နေသော ကြာပေါ်စိန်ကို အသင့်တွေ့ရသည်။ ပါလာသည့် ဓာတ်စာထုပ်ကလေးကိုပေးပြီး ရေနွေးခွက်ကို ငှဲ့လိုက်သည်နှင့် ကြာပေါ်စိန်က စကားစလေသည်။


“လူအဖြစ်ဟာ ရခဲတယ်ဆိုပေမယ့် ကျုပ်တော့ ငှက်ကလေးတကောင်သာ ဖြစ်လိုက်ချင်တော့တာပဲ ဆရာလေးရာ” ဟု လေသံနွမ်းနွမ်းဖြင့် ပြောသည်။ နာလံထကာစမို့ ထင်ပါရဲ့။ သူ့စကားများသည် ခါတိုင်းလို အားနှင့်မာန်နှင့် မဟုတ်။ ပြုံးစရာလည်း မပါ။ လူ့လောကကြီးကိုပင် ငြီးငွေ့နေသလိုလို။ သံဝေဂ တေးချင်းလိုလို။ သုန်သုန်မှုန်မှုန်ကြီး။ ကဗျာတော့ဆန်သလိုလို အရှိသား။ သို့နှင့် သူဘာပြောချင်သည်ကို သိလိုသောကြောင့် …


“တမျိုးပါလားဗျာ။ ခုဘဝရောနောင်သံသရာမှာပါ ကောင်းစားချင်ကြလွန်းလို့ မင်္ဂလာအခါတော်ရွေး၊ နေ့စဉ်

အလှူကြီးအတန်းကြီးတွေပေး။ ရေစက်ခွက်ကို လက်ကတောင် မချချင်ကြဘူး။ ဆုတောင်းလိုက်ကြရတာကလဲ နည်းမှတ်လို့။ ဘယ့်နှယ့် ခင်ဗျားကျမှ ငှက်ဖြစ်ချင်ရတယ်လို့ဗျာ” ဟု ကျနော်က ရယ်ရယ်မောမော စောကြောလိုက်မိသည်။


“ဒီလို ဆရာလေးရဲ့ ကျုပ် နေမကောင်းဖြစ်နေတုန်းမှာ တောတွေးတောင်တွေးနဲ့ အဲဒါကိုသွားစဉ်းစားမိတာ

ဆရာလေးရ။ ကျုပ်တို့က ဆင်းရဲသား မဟုတ်လား။ ဆင်းရဲသားဆိုတော့ ဒါနပါရမီကလည်း သူများတွေလို ဖြစ်ဖြစ်မြောက်မြောက် ပြုနိုင်တာမဟုတ်ဘူး။ သီလပါရမီ ဆိုတာကလည်း အူမ မတောင့်တော့ တခုမဟုတ်တခု နေ့တိုင်းကျိုးနေတာပဲ။ ဒီတော့ ကိုယ်နဲ့တန်ရာတန်ရာ ငှက်ဘဝလောက်ပဲ တောင့်တမိတာပေါ့လေ။ ပြီးတော့ ကျုပ်တို့လူတွေထက် ငှက်ကလေးတွေက ပူပင်သောကပိုနည်းတယ်၊ ပိုလွတ်လပ်တယ်လို့ ထင်တာပဲဗျာ”


“ဟုတ်ပါ့မလားဗျာ … သူတို့လည်း သူတို့ဘဝနဲ့သူတို့ဆိုတော့ ဒုက္ခသုခဆိုတာ ရှိမှာပါ” ဟု ကျနော်က ကြားဖြတ်ဝင်ပြောလိုက်သည်။


“ ရှိတော့ရှိမှာပေါ့ ဆရာလေးရယ်။ ဒါပေမယ့် ကျနော်တို့ လူတွေလောက်တော့ မဆိုးလှဘူးထင်ပါတယ်။ ကျနော်

ထင်တယ် ပိုပြီးလွတ်လပ်မယ်လို့။ ဆရာလေး စဉ်းစားကြည့်လေ။ သူတို့ ဘယ်ကိုပျံပျံ ဘယ်ကိုသွားသွား နိုင်ငံသား စိစစ်ရေးကဒ် မလိုဘူး။ ဘယ်မှာအိပ်အိပ် ဧည့်စာရင်း တိုင်စရာမလိုဘူး။ ဟိုနိုင်ငံ ဒီနိုင်ငံကူးချင်၊ ပျံချင်ရင်တောင် လက်မှတ်မလိုဘူး မဟုတ်လား။ သူတို့လောကမှာ အလုပ်မရှိဆိုတာလည်း မရှိဘူး။ ကုန်ဈေးနှုန်းကြီးတယ်ဆိုတာလည်း မရှိဘူး။ ပေါ်တာကြေးလည်း မပေးရဘူး။ ကင်းကြေးလည်း မပေးရ၊ လုပ်အားပေးလည်း မလိုက်ရဘူးဗျာ။ ကုန်ကုန်ပြောရရင်ဗျာ အဝတ်အစားဖိုးလည်း မပူရဘူးလေ။ ဥက ပေါက်လာကတည်းက ပါလာတဲ့ ငယ်မွှေးငယ်တောင်၊ အရောင်အသွေးလေးတွေနဲ့ တဘဝ ပြီးသွားတာပဲ။ ဒါကြောင့် ကျုပ်က လူတွေလောက် ဇာတ်မရှုပ်တဲ့ ငှက်ဘဝကို တွေးမိ၊ တောင့်တမိတာ ဆရာလေးရဲ့”


ကြာပေါ်စိန့်စကားကြောင့် ကျနော့်မှာ အသက်ရှူပင် ခပ်ကြပ်ကြပ်ဖြစ်သွားသည်။ နှုတ်ခမ်းတွင် တေ့ထားသော ရေနွေးခွက်ကိုလည်း ဆက်မသောက်နိုင်သေးဘဲ တွေးငေးနေမိသည်။ ရခဲလှစွာသော လူ့ဘဝကို ကြာပေါ်စိန် တယောက် ဘာ့ကြောင့်များ ငြီးငွေ့သွားရတာပါလိမ့်။ လူ့ဘဝထက် နိမ့်ကျပါသည်ဟုဆိုသည့်တိရစ္ဆာန်လောကမှ ငှက်ဘဝသို့ ထွက်ပြေးချင်လောက်အောင် မည်သည့်အရာကများ ကြာပေါ်စိန်ကို တွန်းပို့နေပါလိမ့်။


တကယ်တော့ ကျနော်လည်း ကြာပေါ်စိန်လို ထွက်ပြေးချင်စိတ်တွေ ပေါ်နေခဲ့သည်မှာ အကြိမ်ကြိမ်ရှိခဲ့ဖူးပါသည်။ အကယ်၍ ကျနော်ရော သစ်သစ်ပါ ငှက်ကလေးနှစ်ကောင်သာ ဖြစ်ခဲ့ပါလျှင် အခုလို တကွဲတပြားစီမနေရဘဲ တကိုင်းတည်းတွင် အတူနားခွင့်များ ရလေမလား။


ယခုအခါ ရောင်းရင်းကြီး ကြာပေါ်စိန် ကွယ်လွန်ခဲ့သည်မှာ တနှစ်တင်းတင်းပြည့်ခဲ့ပါပေါ့။ ဒီတနှစ်အကြာမှာ ကျနော့်ချစ်ဇနီး သစ်သစ်လည်း ယနေ့ထက်တိုင် ကျောင်းဆရာမအလုပ်မှ မထွက်နိုင်သေး။ ကျနော်လည်း ကျွဲအင်းချောင်းရွာက မခွာနိုင်သေး။ အိမ်ရဲ့ဆည်းလည်း သားသမီးလည်း မထွန်းကား၊ မရယူနိုင်သေး။ ထို့ကြောင့်ပင် ကြာပေါ်စိန် ကွယ်လွန်ခြင်း တနှစ်မြောက်နေ့အတွက် ဆုမွန်ကောင်းတောင်းရမည်ဆိုလျှင် သူဆန္ဒရှိခဲ့သည့်အတိုင်း ငှက်ကလေးတကောင်သာ ဖြစ်ပါစေတော့ရယ်လို့ … … ။ ။


ရေစီးသံဂျာနယ်

အတွဲ ၄ အမှတ် ၃

မေလ ၁ ရက် ၂၀၀၁ ခုနှစ်


No comments: