အစစ်
(မောင်တောက်)
သောမတ်အက်ဒီဆင်ကို အားတုန့်အားနာ ဖြစ်နေတာမျိုးတော့ဖြင့် မဟုတ်နိုင်။ သို့ပေမင့် မီးရောင်တွေက ခပ်မှိန်မှိန် … ။
နည်းပညာခေတ်က စီဒီဓာတ်သားကို တို့ထိနမ်းရှိုက်နေသဖြင့် “စိမ်းမြဖန်သားပြင်” (ဒဂုန်တာရာ၏ စကားလုံး) ပေါ်၌ အရုပ်နှင့် အသံတို့သာ မဟုတ်။ စာလုံးတွေကိုပါ ဖတ်ရှုလာနိုင်ပြန်သည်။
သို့သော်လည်း … ထိုင်းဘာသာဖြင့် ရေးသားထားခြင်းဖြစ်၏။
မိုးမွန်နေသော ဆေးလိပ်မီးခိုးငွေ့များဟု သုံးနှုန်းရန် မသင့်သော်လည်း အခန်းမွန်နေသော ဆေးလိပ်မီးခိုးငွေ့များဟု ဆိုနိုင်ကောင်းပေသည်။ ထိုဆေးလိပ် မီးခိုးငွေ့များသည်လည်း တခါတရံ ပွက်ထ ခုန်တက်လာသော ရယ်သံများကြောင့် လေထဲမှာပင် ပြိုကွဲ ယိမ်းယိုင်နေကြပြန်၏။
မြန်မာသံ မကင်းစင်သော ထိုင်းလိုစကား ပြောသံက တခါတရံ သဲ့သဲ့။ ပြီးတော့ … နွဲ့နွဲ့ …။ တခါတရံကျတော့လည်း လျှပ်စစ် မီးရောင်တွေနှင့်အပြိုင် ခပ်လဲ့လဲ့ …။
------ ------ ------
ထိုကဲ့သို့ ညီအကို မသိတသိအချိန်မျိုးဖြစ်စေရန် လျှပ်စစ်မီးခပ်မှိန်မှိန်တို့ဖြင့် ဖန်တီးထားခြင်းဖြစ်ပြီး ခန်းမတခုလုံးသည် ထိုင်းလား … မြန်မာလား … မသိတသိဟု ပြောစရာမလိုသော မြင်ကွင်းကို အစီအစဉ်ရှိရှိ ဖန်းတီးထားသည့်နှယ်။
တဖက်နိုင်ငံ နယ်စပ်မြို့ကလေး၏ ခန်းမတခုက ထွန်းညှိပေးထားသော မီးရောင်သည် ကျနော်တို့ မြန်မာမကလေးများပါးပြင်နှင့် သူတို့ဝတ်ဆင်ထားသော အဝတ်အထည်များကို ပုံမှားရိုက်ပေးနေပေတော့၏။
ထိုင်းလား … မြန်မာလား …
ဘာကလို … တိုတို …။
----- ----- -----
“ချူး … အလိုင် …”
ထိုင်းဘာသာဖြင့် “နာမည် ဘယ်လိုခေါ်သလဲ”ဟု မေးလိုက်သော အသံထဲတွင် ငွေစက္ကူတွေ၏ တောင်ပံခတ်သံက ကျယ်လောင်နေသည်။
“အငယ် ပါ … … အကို …”
‘အငယ်’ နှင့် ‘ပါ’ ကြားတွင် တစက္ကန့်ခြားပြီး ‘ပါ’ နှင့် ‘အကို’ ကြားတွင် လေးစက္ကန့်လောက် ခြားသွားပြန်သည်။ ‘အကို’ ဆိုသော စကားလုံး နောက်၌ စက္ကန့်တို့ ဘယ်လောက် စီးမျှော စီးဆင်းသွားကြသည် မသိတော့။
“အငယ် ပါ … အကို … ”
မှိန်သော မီးရောင်အောက်နှင့် ရယ်သံများကြားမှ လူနေမှုဘဝနှင့် ထမင်းလုတ်များဖွဲ့စည်းထားသော မြန်မာသံစစ်စစ်ကလေး ရုန်းကြွပျံသန်းလာခြင်းဟု ကျနော် ခံစားနေရသည်။
----- ----- -----
အသံ … ။
ဒြပ်သားကြားခံနယ်ရှိသောကြောင့် အသံတွေကို ကျနော်တို့ကြားနေရခြင်းဟု ရူပဗေဒက မြွက်ပြသည်။
ဟုတ်ကဲ့ … အငြင်းအခုံတော့ဖြင့် ကျနော် မလုပ်ချင်ပါ။ ကျနော်က ဒြပ်သား ကြားခံနယ်ကြောင့် ကြားလိုက်ရသော အသံနှင့် စကားလုံးတို့၏ မူလဇာတိကို လှန်လှော ရှာဖွေနေမိခြင်း ဖြစ်သည်။
မီးရောင်မှိန်မှိန် … နည်းပညာခေတ် စိမ်းမြဖန်သားပြင်နှင့် ညောင်းညာနေသော ဘီယာခွက်များ။ အမြှုတ်ထနေသော ရယ်သံများကြားက “အငယ်”ဟု ပြန်ဖြေလိုက်သော … တဖန် ထိုကဲ့သို့ ပြန်ဖြေလိုက်သော စာလုံးတို့က ကျနော့် အတွေးစိတ်ကို အမှတ်မထင် စွန်းထင်းသွားစေခဲ့သော မြန်မာသံစစ်စစ်ကလေး။
တကယ်တော့ … သူမအမည်သည် ‘အငယ်’မဟုတ်။ လှီးလွှဲသုံးစွဲထားသော စာလုံး။ သို့ပေမင့် ယခုလို လှီးလွှဲသုံးစွဲရမည့်နေရာတွင် ဘာ့ကြောင့် ‘အငယ်’ဟူသည့် စာလုံးကိုမှ ရွေးချယ်ခဲ့မိရသနည်း။
ဘဝ … ဒါမှမဟုတ် … လောလောလတ်လတ် စားသောက်နေရသော ထမင်းလုတ်များကြောင့်လား … ။ သို့တည်းမဟုတ် … လိပ်ပြာလား … ။
----- ----- -----
ဆိုပါတော့ … ။
မီးရောင်မှိန်မှိန်နှင့် “အငယ် ပါ … အကို …”ဟူသော ခပ်တိမ်တိမ် အသံများကြား ကျနော်တယောက် တည်း မေးခွန်းတွေ တခုပြီးတခု စိတ်အတွေးဖြင့် လှည့်ထုတ်နေမိသည်။
ဟိုး … အဝေးမှာတော့ ကျနော့်ဇာတိနိုင်ငံ၏ နယ်ခြားမျဉ်းနှင့် ထိစပ်နေသော အစိတ်အပိုင်းများကို ပြူတင်းတံခါးမှ အတိုင်းသား လှမ်းမြင်နေရ၏။
အော် … လင်းထိန်နေသေးသည့် ပြည်တွင်းစစ်မီးရောင်အောက်မှ ရုန်းကန် လွတ်မြောက်လိုသူတချို့ အတွက် တပါးနိုင်ငံရှိ ခပ်မှိန်မှိန် မီးရောင်အောက်သို့ ပြေးဝင်ခိုလှုံနေခြင်းကရော အဘယ်မျှလောက် လုံခြုံလွတ်မြောက်မှုတို့ ရရှိနေပါသလဲ …။
မောင်တောက်
ရေစီးသံ ဂျာနယ်
အတွဲ ၄ အမှတ် ၁၅
နိုဝင်ဘာလ ၁ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment