Tuesday, November 4, 2008

အုပ်စိုးနိုင် (အကြမ်းမဲ့ ဆန္ဒပြသမား)


အကြမ်းမဲ့ ဆန္ဒပြသမား

(အုပ်စိုးနိုင်)


ငါ ချီတက်ခဲ့ဖူးပြီ

မရေမတွက်နိုင်တဲ့ လမ်းတွေပေါ်မှာ

မီးတုတ်ကိုယ်စီ ကိုင်ကြလို့ပေါ့။


လူစုလူဝေးကြီးရဲ့ ရှေ့မှောက်မှာ

စူးရှတဲ့ ကြွေးကြော်သံတွေကို အော်ဟစ်ရင်း

ရင်တွင်းက ကဗျာတွေကိုလည်း ဆိုခဲ့ဖူးပြီ။


လမ်းကြားလေးပေါင်းများစွာပေါ်မှာ

ဝါဒဖြန့်စာရွက်စာတမ်းတွေလည်း

ငါဝေငှခဲ့ဖူးပြီ။


အသနားခံ စာပေါင်းများစွာအတွက်

လက်မှတ်ပေါင်းမြောက်များစွာ

ငါရေးထိုးခဲ့ဖူးခဲ့ပြီ။


သံရုံးတွေရဲ့ ရှေ့ဆီ

ငါတို့တနေ့ အောင်ရမည်

သံပြိုင်ညီညီနဲ့

လက်ရုံးကိုယ်စီလည်း ဆန့်တန်းခဲ့ဖူးပါရဲ့။


ဟုတ်တယ်လေ

ရင်ထဲက အသံတွေနဲ့

ထောင်ပေါင်းများစွာသော နေရာတွေမှာ

ငါတို့တွေ ဆန္ဒပြခဲ့ကြပြီပဲ။


မနေ့ကတော့

ရပ်ဝေးက မိတ်ဆွေတယောက်ဆီက

စာတစောင်ရခဲ့တယ်။


စာထဲမှာ

သူငယ်ချင်း …

ဒီနှစ်မိုးခေါင်တာ အရမ်းဆိုးတယ်။

ငါ့ မိသားစုအားလုံးမှာ

စားစရာ ဘာမှ မရှိတော့ဘူး

ငါ့ကလေး ငါးယောက်လည်း

ဆံပင်ရှည်တွေက ညှင်းသိုးသိုးနဲ့

မျက်နှာတွေကလည်း ဖောယောင်လို့


ငါ့မိန်းမလေ

သူမရဲ့ ဆာရီကို တင်းတင်းစည်းလို့

သူမရဲ့မျက်နှာမှာ ရဲရင့်ခြင်းကို တပ်ဆင်လို့

ငါ့ကလေးတွေ အားမငယ်ရအောင်

ကြိုးစားပြသရင်းနဲ့

ငတ်မွတ်ခြင်းကို ရင်ဆိုင်နေရှာတယ်။


ညနေတုန်းကလည်း

ငါ့ရဲ့ဦးလေးဆီမှာ

ဆန် နည်းနည်းပဲရရ

ရူပီငွေ နည်းနည်းပဲရရ

ချေးရငှားရအောင်သွားခဲ့ပါရဲ့။

ဒါပေမယ့်

သူက ကိုယ့်ထက်ပိုလို့ ဆိုးနေချည်ရဲ့။


ဗလာလက်ချည်းသက်သက်

ငါ အိမ်ကိုဘယ်ပြန်ရက်ပါ့မလဲ

ညှိုးငယ်ရီဝေနေတဲ့

ငါ့သမီးရဲ့ မျက်လုံးအစုံ

ဘယ်လိုပုံနဲ့ ငါရင်ဆိုင်ရပါ့မလဲ။


ရွေးစရာ မရှိတော့တဲ့ ငါ့ဘဝမှာ

ဘုရားသခင်ကတော့ ငါ့ကို ခွင့်လွှတ်မှာပါလေ။


ဒီစာကို မင်းတဲ့အချိန်မှာ

မင်းရဲ့သူငယ်ချင်း ငါဟာ

ချစ်စွာသော ကလေးငါးယောက်နဲ့အတူ

ဘဝကို အဆုံးသတ်ပြီးလောက်ရောပေါ့။


နှုတ်ဆက်ခဲ့တယ် သူငယ်ချင်းရေ

မင်းရော အကြမ်းမဖက်ခြင်းတွေကို

ခုထိ ယုံကြည်နေတုန်းပဲလား ဟင် … ။


အုပ်စိုးနိုင်


မလေးရှားကဗျာဆရာ စီဆယ်ရာဂျင်ဒရာ ၏ Pacifist Protest ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။


လူ့ဘောင်သစ် ဂျာနယ်

အတွဲ ၈ အမှတ် ၁

နိုဝင်ဘာလ ၂၀၀၃ ခုနှစ်


No comments: