ဓာတ်ဆီဆိုင် ၅ ဆိုင်
(ယောဟန်အောင်)
ကမ္ဘာကြီးပေါ်တွင် ဓာတ်ဆီဆိုင် ၅ ဆိုင်ရှိသည်ဟူသော သီအိုရီ အဆိုတခုရှိပါသည်။ ကမ္ဘာကြီးပေါ်တွင် ကျင့်သုံးနေကြသော စီးပွားရေးပုံစံအမျိုးမျိုးကို ညွှန်းဆို၍ ပြောခြင်းဖြစ်ပါသည်။
ပထမဆိုင်က ဂျပန် ဓာတ်ဆီဆိုင်ဖြစ်ပါသည်။ ဓာတ်ဆီတဂါလံကို ၅ ဒေါ်လာ ပေးရပါသည်။ ထိုဆိုင်တွင် ယူနီဖောင်း အကျအနဝတ်ထားသော၊ လက်အိပ်ဖြူများ ဝတ်ဆင်ထားသော လူလေးဦးက သင့်ကို ဆီးကြိုလိမ့် မည်။ ထိုဝန်ထမ်းလေးဦးသည် တသက်လုံး အလုပ်အာမခံသည်ဟူသော စာချုပ်ဖြင့် အလုပ်လုပ်နေကြသူများ လည်း ဖြစ်သည်။ သူတို့က သင့်ကားကို ဓာတ်ဆီဖြည့်ပေးလိမ့်မည်။ အင်ဂျင်ဝိုင် လဲပေးလိမ့်မည်။ ကားမှန်များကို ဆေးကြော သုတ်သင်ပေးလိမ့်ဦးမည်။ သင် ဆိုင်မှထွက်ခွာသွားသောအခါ သင့်ကို ပြုံးး၍လက်ပြ နှုတ်ဆက် အရိုအသေပေးကြပါလိမ့်ဦးမည်။
ဒုတိယဆိုင်က အမေရိကန် ဓာတ်ဆီဆိုင်ဖြစ်ပါသည်။ ဓာတ်ဆီကတော့ တဂါလံကို ၁ ဒေါ်လာသာ ပေးရပါသည်။ ဝန်ထမ်းများက ထိုဓာတ်ဆီဆိုင်တွင် သင့်ကို ဆီးကြိုမနေပါ။ သင်ကိုယ်တိုင် ဓာတ်ဆီဖြည့်ရပါ လိမ့်မည်။ သင်ကိုယ်တိုင် အင်ဂျင်ဝိုင်လဲရပါမည်။ ကိုယ်တိုင် ကားမှန်သုတ်ရမည်။ ကားဘီးတွေ လေဖြည့်ရမည်။ သင့်ကား ထွက်ခွာသွားသော ဆိုင်အနီးအနားတွင် သင့်ကားကို အလစ်သုတ်ရန်စောင့်နေသော အိုးအိမ်မဲ့သူ လူ ၄ ဦးကို တွေ့ရလိမ့်ဦးမည်။ ဤသည်က အမေရိကန် ဓာတ်ဆီဆိုင်အကြောင်းဖြစ်သည်။
တတိယဆိုင်က အနောက်ဥရောပ ဓာတ်ဆီဆိုင်ဖြစ်သည်။ ဓာတ်ဆီကတော့ ဈေးမချို။ တဂါလံ ၅ ဒေါ်လာပေးရသည်။ ဆိုင်တွင် တာဝန်ကျဝန်ထမ်းတဦးသာ တွေ့ရသည်။ သူက မပြုံးမချိုဘဲ သင့် ဓာတ်ဆီ ဖြည့်ပေးလိမ့်မည်။ အင်ဂျင်ဝိုင်လဲပေးလိမ့်မည်။ သင့်ကိုလည်း ထိုဓါတ်ဆီဆိုင်ဝန်ထမ်းက အချိန်တိုင်း သတိပေးပြောကြားနေလိမ့်ဦးမည်။ သူ့တာဝန်မှာ ဓာတ်ဆီဖြည့်ပေးရုံ၊ အင်ဂျင်ဝိုင်လဲပေးရုံမျှသာဖြစ်ကြောင်း၊ ကားမှန်သုတ်ပေးရန် အလုပ်မပါကြောင်း၊ သူ၏ အလုပ်သမားသမဂ္ဂနှင့်စာချုပ်တွင် ဤသည်ကို အတိအကျဖော်ပြ ထားကြောင်း၊ ထို့အပြင် တပတ်ကို ၃၅ နာရီသာ အလုပ်လုပ်ရန်၊ နေ့လည်စာ စားချိန် မိနစ် ၉ဝ အနားယူရန် ခွင့်ပြုထားကြောင်း၊ ထိုအချိန်တွင် ဓာတ်ဆီဆိုင် ခေတ္တ ပိတ်မည်ဖြစ်ကြောင်း၊ ထို့အပြင် နွေရာသီ အားလပ်ရက် အဖြစ် ရက်သတ္တ ၆ ပတ် သူအနားယူသေးကြောင်း ပြောပြမည်ဖြစ်သည်။ ထိုဓာတ်ဆီဆိုင်နှင့် မျက်နှာချင်းဆိုင်ရှိ လမ်းတွင် သူ၏ ဦးလေးနှင့် အစ်ကိုတို့ အလုပ်မလုပ်ဘဲ နားနေကြသည်မှာ ၁ဝ နှစ်ကျော်ရှိပြီ ဖြစ်သည်။ အကြောင်းမှာ အလုပ်မလုပ်ဘဲနေ၍ ထောက်ပံ့ထားသော အစိုးရ၏ထောက်ပံ့ကြေးမှာ သူတို့အလုပ် လုပ်လျှင် ရမည့်ဝင်ငွေထက် ပို၍တွက်ချေကိုက်သောကြောင့်ဖြစ်သည်။
နောက်တဆိုင်က ဖွံ့ဖြိုးးဆဲနိုင်ငံများတွင်ရှိသော ဓာတ်ဆီဆိုင်ဖြစ်သည်။ ဆိုင်တွင် ဝန်ထမ်း ၁၅ ဦးရှိ သည်။ သူတို့ အားလုံးကလည်း မောင်နှစ်မများ၊ ဆွေမျိုးသားချင်းတော်စပ်သူများဖြစ်ကြသည်။ သင်၏ကား မောင်းဝင်သွားသောအခါ သင့်ကို မည်သူမျှဂရုမစိုက်နိုင်။ အကြောင်းမှာ အချင်းချင်းစကားပြောရင်း အနားမရ နိုင်အောင် အလုပ်များနေသောကြောင့် ဖြစ်သည်။ ဓာတ်ဆီကတော့ ဈေးချိုသည်။ တဂါလံ ၃၅ ဆင့်သာပေးရ သည်။ အကြောင်းမှာ အစိုးရက ဓာတ်ဆီဈေးချိုသာအောင် ဖြည့်စွက်ထောက်ပံ့ပေးထားသောကြောင့် ဖြစ်သည်။ သို့သော်လည်း သင် ဝင်သွားသောအခါ ဓာတ်ဆီဆိုင် ၆ ဆိုင်အနက်၊ တဆိုင်သာ တကယ်ဆီရှိသည်။ တကယ် အလုပ်လုပ်သည်။ ကျန်ဆိုင်အများစုမှာ ပျက်နေသည်လည်းရှိသည်။ ပြန်လည်ပြင်ဆင်ရန် စက်အစိတ်အပိုင်းကို ဥရောပမှအလာကို စောင့်နေရ၍ ဓာတ်ဆီ တကယ်ပြန်ရောင်းနိုင်ရန်ကြာလိမ့်ဦးမည်။ ဓာတ်ဆီ ဆိုင်ပိုင်ရှင် ကတော့ ဒီအဖြစ်အပျက်တွေ သိမည်မဟုတ်။ ဥရောပ၊ ဇူးရစ်တွင်နေရင်း တိုင်းပြည်မှအမြတ်များကို ထုတ်ယူ သွားဖို့ နည်းလမ်းကို စဉ်းစားနေသည်။ သူ၏ ဆိုင်ဝန်ထမ်းများက ကားဝပ်ရှော့ရုံတွင် ညအိပ်ညနေ နေကြသည် ကို သူ မသိ။ ကားရေဆေးရန်စက်များဖြင့် ရေချိုးကြသည်ကို သူ မသိ။ ဤဓာတ်ဆီဆိုင်တွင် လာသောကားများ က ၂ မျိုးသာရှိသည်။ အကောင်းစား နောက်ဆုံးမိုဒယ် မာစီးဒီးစ်ကားများနှင့် အပေါစား စကူတာဆိုင်ကယ်များ သာဖြစ်သည်။ သည်ကြားထဲတွင် အခြားအမျိုးအစား ကားမရှိ။ သို့သော် ဓာတ်ဆီဆိုင်ကတော့ အမြဲတစေ စည်ကားနေသည်။ အကြောင်းမှာ စက်ဘီးတာယာ လေလာဖြည့်သူများနှင့် စည်ကား အလုပ်ရှုပ်နေသောကြောင့် ဖြစ်သည်။
နောက်ဆုံးဆိုင်ကတော့ ကွန်မြူနစ် ဓာတ်ဆီဆိုင်ဖြစ်သည်။ ဓာတ်ဆီတဂါလံကို ၅ဝ ဆင့်ဟု ကြော်ငြာ ဆိုင်းဘုတ်တွင် ရေးထားသော်လည်း ဆိုင်မှာ တကယ်ဓာတ်ဆီ မရှိ။ အကြောင်းမှာ ဆိုင်တွင်အလုပ်လုပ်သော ဝန်ထမ်း ၄ ဦးက ခိုးကာ ပြင်ပတွင် ရောင်းစားလိုက်ပြီဖြစ်သောကြောင့် ဖြစ်သည်။ ပြင်ပမှောင်ခိုဈေးကွက် တွင်တော့ ဓာတ်ဆီတဂါလံကို ၅ ဒေါ်လာရှိသည်။ ဤဆိုင်တွင် အမှန်တကယ်ခန့်ထားသော ဝန်ထမ်းအစစ်မှာ ၁ ဦး သာရှိသည်။ သို့သော် ကျန် ၃ ဦးမှာ ဆိုင်၏နောက်ဖေးဈေးကွက်ကို လာရောက်လုပ်ကိုင်ရင်း ရှယ်ယာခွဲဝေ ယူရန်ရောက်လာကြသူများသာဖြစ်သည်။
ဤဓာတ်ဆီဆိုင် ၅ ဆိုင်အနက် မည်သည့်ဆိုင်ကို သင်ကြိုက်ပါသနည်း။
ဤသည်မှာ ကမ္ဘာကြီးပေါ်တွင် အမှန်အတိုင်းဖြစ်ပျက်နေသော အဖြစ်အပျက်ဖြစ်သည်။ ဤဓာတ်ဆီ ဆိုင်များသည် စီးပွားရေးစနစ်များကို ဥပမာပေးထားခြင်းသာဖြစ်သည်။ မည်သည့်ဆိုင်ကို ကြိုက်သနည်းမေးလျှင် အမေရိကန်ပုံစံ ဓာတ်ဆီဆိုင်ကို လူကြိုက်နည်းလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အကြောင်းရှိပါသည်။ ဂျပန်၊ ဥရောပ၊ ကွန်မြူနစ်နိုင်ငံများရှိ ဓာတ်ဆီဆိုင်များသည် အလုပ်သမားများအတွက် လူမှုရေးဖူလုံမှု အာမခံအချက်၊ အလုပ်အာမခံချက် စာချုပ်ရှိကြသည်။ အမေရိကန်နှင့် များစွာကွာခြားသည်။ ထို့အပြင် ဈေးကွက်အပေါ် အမြင် နှင့် ထိန်းချုပ်ကျင့်သုံးပုံတွင်လည်း များစွာကွာခြားကြသည်။ ထိုနိုင်ငံများက နိုင်ငံတော်၏ အခန်းကဏ္ဍက ဈေးကွက်အပေါ်၊ လူထုအပေါ်လွှမ်းမိုးထိန်းချုပ်ထားသည်ကို သဘောကျသည်။ အမေရိကန်ကတော့ ဈေးကွက် ကို လွတ်လွတ်လပ်လပ် ဖြစ်နိုင်သမျှ လွှတ်ထားပေးရေးနှင့် လူတဦးချင်း၏ စွမ်းရည်မြှင့်တင်ပေးရေးကို အလေး ထားသည်။ ဈေးကွက်က လွတ်လွတ်လပ်လပ် ဖန်တီးလာနိုင်သည်နှင့်အမျှ ထိုပြိုင်ပွဲတွင် ရှုံးသူလည်း ရှိလိမ့်မည်၊ နိုင်သူလည်းရှိလိမ့်မည်။ ဤသို့ခံယူသည်။ ဈေးကွက်အတွင်း ထိထိရောက်ရောက် ထက်မြက်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးသည်။ ဤအခြေအနေတွင် နေ့တွင်းချင်း ကျောက်တွင်း၊ ရွှေတွင်းအောင်သလို သန်းကြွယ်သူဌေးများလည်း ရှိလာသကဲ့သို့၊ အိမ်ခြေယာမဲ့လည်း အများအပြားရှိနေသည်။
ကျနော်တို့မြန်မာနိုင်ငံကို မည်ကဲ့သို့ ဓာတ်ဆီဆိုင်မျိုး ဖြစ်စေချင်သနည်း။
ဤသည်လည်း စဉ်းစားဖို့ ရှိလာသည်။ ယနေ့စစ်အုပ်စုက ဆိုင်အမိုးခွာရောင်းနေသော ဓာတ်ဆီဆိုင်မျိုး မလိုလားဘူးဆိုလျှင် ကျနော်တို့ဖြစ်စေချင်သော ဓာတ်ဆီဆိုင်ပုံစံတော့ရှိရလိမ့်မည်။ ကျနော်တို့ ဒီမိုကရက်များ ကရော မည်ကဲ့သို့ ဓာတ်ဆီဆိုင်မျိုး ဖြစ်စေချင်ပါသနည်း။ ပုံစံအသစ်တမျိုးဖြစ်သော ဓာတ်ဆီဆိုင်လည်း ဖြစ်နိုင်ပါ သည်။ ဖြစ်စေချင်သည်နှင့်အညီ အသွင်ပြောင်းကြဖို့လိုသည်။
သို့သော် သတိချပ်ရန်မှာ ယနေ့ အခြေအနေတွင်မူ ဓာတ်ဆီဆိုင်အားလုံးကို အမေရိကန်ပုံစံဖြစ်လာစေရန် အတင်းတွန်းပို့ခံလာရသော အခြေအနေဖြစ်လာပြီဖြစ်သည်။ ထိုသို့တွန်းပို့နေသူမှာ “ဂလိုဘယ်လိုက်ဇေး ရှင်း” ဖြစ်သည်။ မည်သည့် ရည်ရွယ်ချက်ဖြင့် တွန်းပို့နေသည်ဖြစ်စေ၊ မည်သူက ဦးဆောင် ကမကထပြု၍ တွန်းပို့ နေသည်ဖြစ်စေ၊ နိုင်ငံအတော်များများက အမေရိကန်ဓာတ်ဆီဆိုင်ပုံစံဖြစ်ရန် အပြင်းအထန် ကြိုးးစားနေကြရ သည်။ ဂလိုဘယ်လိုက်ဇေးရှင်းမှ ဘေးထွက်ကာ မဖွံ့ဖြိုးသောနိုင်ငံမှ ဓာတ်ဆီဆိုင်တွေလို နေမည်လား။ ဤသည်လည်း ဖြစ်နိုင်သည်။ ဒါက ကျနော်တို့ ရွေးချယ်မှုဖြစ်သည်။
ဂလိုဘယ်လိုက်ဇေးရှင်းထဲ ဝင်မည်ဆိုလျှင်တော့ အမေရိကန်ပုံစံ ဓာတ်ဆီဆိုင်မျိုးဖြစ်အောင် အတင်းပြင် ရတော့မည်။ ပြင်ခိုင်းတော့မည်။ လူမှုပြဿနာ အများအပြား ကြုံရမည်။ ကြွယ်ဝသူတွေလည်း ရှိလာမည်။ မမျှတမှုတွေလည်း ရှိလိမ့်မည်။ အနာခံ၍ဖြတ်ကြရမည်။ ဒီ နာကျဉ်မှုကို ဘယ်လောက်ကြာကြာဖြတ်ပြီး ချမ်းသာ သုခရမှာလဲ။ အဖြေလည်း မရှိ။ မစဉ်းစားဘဲ နေ၍မရ။ ဆက်၍ စဉ်းစားရတော့မည်။
ယောဟန်အောင်
ကိုးကား - "The Lexus and the Olive Tree", Thomas L. Friedman, April 2000, Anchor Books.
ရေစီးသံ ဂျာနယ်
အတွဲ ၄ အမှတ် ၁၃
အောက်တိုဘာလ ၁ ရက် ၂၀၀၁ ခုနှစ်
No comments:
Post a Comment