Saturday, November 15, 2008

သတင်း (ဘီဘီစီ)


သူတို့လည်း ၆၅ နှစ်စီပါပဲ တဲ့ …

ကိုဇာဂနာကိုလည်း စီရင်ချက်ချတော့မယ်ဆိုလားပဲ


နိုဝင်ဘာ ၁၅ ရက် ၂၀၀၈ ခုနှစ်

ဘီဘီစီ မြန်မာပိုင်း

(ညပိုင်းအစီအစဉ်မှ ကောက်နုတ်ချက်)


မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံနေကြရတဲ့ ၈၈ မျိုးဆက်ကျောင်းသားများ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအောင်သူ၊ ကိုဌေးကြွယ်၊ ကိုဉာဏ်လင်း၊ ကိုမျိုးအောင်နိုင် ခေါ် ကိုအောင်နိုင်နဲ့ ကိုလှမျိုးနောင်တို့ ၉ ဦးကို နအဖ အာဏာပိုင်တွေက ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့ပြီဖြစ်ပါတယ်။


နိုဝင်ဘာလ ၁၁ ရက်နေ့က အင်းစိန်ထောင်တွင်းအထူးတရားရုံးက နိုင်ငံရေးလှုပ်ရှားသူ ၁၄ ဦးကို ထောင်ဒဏ်နှစ်ရှည် ချမှတ်ခဲ့ တဲ့နေ့ကပဲ ဒီ ၈၈ မျိုးဆက်ကျောင်းသား ၉ ဦးကို မအူပင်ထောင်မှာ စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီး အခုလို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ်ကပဲ တရားရုံးကို မထေမဲ့မြင်လုပ်တယ် ဆိုပြီး သူတို့ ၉ ဦးကို မအူပင်ထောင်ကို ပို့ခဲ့တာဖြစ်ပါတယ်။ ဒီကနေ့မှာတော့ သူတို့ကို အင်းစိန်ထောင်ကို ပြန်ခေါ်လာပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့မိသားစုဝင်တွေရဲ့ပြောပြချက်အရ သူတို့ကို အင်းစိန်ထောင်မှာ ထားမှာမဟုတ်ဘဲ ဝေးလံတဲ့ထောင်တွေကို ပို့မှာဖြစ်တယ်ဆိုတဲ့အကြောင်း သိရှိရပါတယ်။



နိုင်ငံကျော် စွယ်စုံအနုပညာရှင် ကိုဇာဂနာ ခေါ် ကိုသူရကိုတော့ အင်းစိန်ထောင်မှာ နေစဉ်ရုံးထုတ်နေပြီး စီရင်ချက်ကိုတော့ မချသေးတဲ့အကြောင်းကို မိခင်ဖြစ်သူ ဒေါ်ကြည်ဦးက ထောင်ဝင်စာက အပြန်မှာ ဘီဘီစီကို အခုလို ပြောပြပါတယ်။


“ကိုသူရတို့ကလေ နေ့တိုင်းနေ့တိုင်း ရုံးထုတ်နေတယ်၊ အခု ဟုတ်မဟုတ်တော့ မသိဘူးပေါ့၊ သောကြာနေ့ကို စီရင်ချက်ချမလိုလို ကြားတယ်။ အဲဒါ သူတို့အတွက်ကလည်းပဲ သက်သေရှာရ၊ လုပ်ပေးရ အဲတော့ ဟို … ပင်ပန်းနေတာပဲ လူတွေက။ အဲလိုတွေဖြစ်နေတာ၊ မနက်ဖြန် တနင်္ဂနွေတော့ ပိတ်ပေးတယ်။ ဒီကတော့ နားရတယ်၊ ကျန်းမာရေးတော့ နည်းနည်းကောင်းလာပါပြီ။ ဒီနေ့တောင်တွေ့လိုက်လို့ သူဖတ်ချင်တဲ့ စာအုပ်တွေကိုလည်း မှာတယ်။ သူ့အတွက်ကို သူ မစဉ်းစားဘူး။ ဘယ်ဘုန်းကြီးကို ဘာပို့၊ ဘယ်လူကို ဘာပို့၊ အဲဒါတွေချည်း သူက ပို့ခိုင်းနေတာပဲ။ လှူသင့် လှူထိုက်တဲ့ ပုဂ္ဂိုလ်တွေကိုလည်း သူက ညွှန်တယ်။ အများဆုံးကတော့ ဘုန်းကြီးတွေပေါ့။ ဘယ်ဘုန်းကြီး ဘယ်ဘုန်းကြီးပေါ့၊ ငွေလှူပါ တဲ့။ ဘာဖြစ်လို့လည်းဆိုတော့ ဘုန်းကြီးတွေက ထောင်ချလိုက်တော့ နယ်ရောက်မယ်လေ၊ နယ်ထောင်တွေကို ရောက်မယ်ဆိုတော့ ငွေလိုတာပေါ့။ အဲဒါတွေကို သူက နာမယ်နဲ့တကွ ပြောပြတာပေါ့။ ပြောပြတော့ ကိုယ်က အဲဒါ ဒီနေ့ အခုတင်လေး တာဝန်ခွဲဝေပေးတဲ့ ကလေးမလေး တွေကို လွှတ်ရတယ်။ ကိုယ်ကိုတိုင်လည်း ဘယ်မှမသွားရဲဘူး။ ပါးစပ်ပဲပြောတတ်တော့တယ်။ လူလည်းမောနေပြီ သိလား။ ကျန်းမာရေးတော့ မကောင်းတော့ဘူး”


ကိုဇာဂနာ ခေါ် ကိုသူရရဲ့ မိခင် ဒေါ်ကြည်ဦးပါ။


No comments: