Saturday, November 15, 2008

ဆက်သွယ်မေးမြန်းခန်း (ဘီဘီစီ)


“သူ့အမေ ၆၅ နှစ် ကျတယ်ဆိုတော့ ငိုတယ်။ ဖျားတောင် ဖျားတယ်”


နိုဝင်ဘာ ၁၅ ရက် ၂၀၀၈ ခုနှစ်

ဘီဘီစီ မြန်မာပိုင်း

(ညပိုင်းအစီအစဉ် မေးမြန်းခန်းမှ ကောက်နုတ်ချက်)


မိမိတို့ရဲ့ ခံယူချက် ဦးတည်ချက်တွေအရ ရဟန်းပြည်သူ ကျောင်းသားခေါင်းဆောင်တွေဟာ နှစ်ရှည်ထောင်ဒဏ် အသီးသီး ခါးစည်းခံနေရချိန်မှာ ကျန်ရစ်တဲ့မိသားစုဝင်တွေအတွက်လည်း လူမှုပြဿနာအထွေထွေကို ရင်ဆိုင် ဖြေရှင်းနေကြရပါတယ်။


ဒါ့အပြင် လူမမယ် ကလေးငယ်တွေဟာ အရွယ်နဲ့မမျှအောင် မျှဝေခံစားနေရတဲ့အထဲ ပါဝင်နေပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဝင် ကိုဂျင်မီနဲ့ မနီလာသိန်းတို့ရဲ့ ၁ နှစ်အရွယ် သမီးငယ် ဖြူနေခြည်မင်းယုရဲ့ ပုံရိပ် သွင်ကို အနီးကပ် ရင်းနှီးသူ မိတ်ဆွေတဦးရဲ့အမြင်အရလည်း အခုလို သိရပါတယ်။


“ စိတ်အားငယ်နေတဲ့ ပုံပဲဗျ၊ ကလေးလေးက။ ဒါပေမယ့် သူက စကားတော့ မပြောတတ်သေးဘူးပေါ့။ ကြည့်လို့တော့ တအားသိသာတယ်ဗျ၊ ကျနော့်ကလေးနဲ့ကလည်း သိပ်မကွာဘူးလေ၊ မတူဘူးပေါ့နော်၊ တခြား ကလေးတွေနဲ့ယှဉ်လိုက်ရင်ကို ကလေးရဲ့မျက်နှာလေးက မိဘမေတ္တာတခုခုကို သူလိုအပ်နေတယ်ဆိုတဲ့ ပုံစံမျိုး။ အရမ်း ကြည့်လို့သိသာတယ်ဗျ၊ တအားသနားဖို့ကောင်းတယ်”


- အဲတော့ အဖေနဲ့အမေကို အဘိုးအဘွားက ထောင်ဝင်စာသွားတွေ့တဲ့အခါမှာရော ကလေးကို ခေါ်သွားလားရှင့်။


“အဲ တခါတလေတော့ ခေါ်သွားတယ်ခင်ဗျ”


- ခေါ်သွားတဲ့အခါမှာ ကလေးကို မနီလာသိန်းနဲ့ ကိုဂျင်မီတို့ကရော ချီပိုးခွင့်ရလားရှင်။


“ချီပိုးခွင့်တော့ မရလောက်ဘူးနဲ့ထင်တယ်၊ သူတို့က ထောင်ဝင်စာလို ပုံစံမျိုးနဲ့ပဲ တွေ့ခွင့်ရတယ်ဆိုတော့ ဘယ်လိုမှ ချီပိုးလို့တော့ ရမှာမဟုတ်ဘူးလေ”


- အဲတော့ နီလာသိန်းတို့ ကိုဂျင်မီတို့ရဲ့ ကလေးလေးက သူ့အဖေ အမေကို သူ မှတ်မိနိုင်စွမ်းရော ရှိပါ့မလားရှင့်။


“အင်း မမှတ်မိနိုင်လောက်ဘူး ခင်ဗျ၊ နို့စို့အရွယ်လောက်မှာကတည်းကိုက တကွဲတပြားစီ ဖြစ်သွားကြတာလေ၊ ထောင်ဒဏ် ၆၅ နှစ်ဆိုတဲ့ အတိုင်းအတာက လူ့ဘဝတဝက် ချထားပစ်လိုက်တော့တာလေ”


၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲကပဲ ကိုချစ်ကိုလေးနဲ့ မသက်သက်အောင်တို့ရဲ့ ၉ နှစ်၊ ၇ နှစ် နဲ့ ၂ နှစ်အရွယ် သားလေး ၃ ယောက်အကြောင်းကိုလည်း အဒေါ်ဖြစ်သူ မစုစုကြည်က အခုလိုပြောပြပါတယ်။


“အကြီးလေးတွေက သိတတ်နေပြီဆိုတော့ သူ့အမေ ၆၅ နှစ် ကျတယ်ဆိုတော့ ငိုတယ်။ ဖျားတောင် ဖျားတယ် အကြီးဆုံးလေးဆို။ အငယ်ဆုံးလေးကတော့လေ မအေ ဖအေတောင် မသိတော့ဘူးဖြစ်သွားတယ်။ ၁ နှစ်ထဲက ပါသွားတာကိုး အဖေနဲ့ အမေက။ နို့မပြတ်သေးဘူးလေ၊ အဲဒီအချိန်မှာ အဖမ်းခံလိုက်ရတော့ အမေ အဖေကို ကောင်းကောင်း မမှတ်မိတော့ဘူး ဖြစ်သွားတယ်”


- အခုလို ဆွေမျိုးတွေကပဲ ဒီကလေးတွေကို ဝိုင်းကြည့်ထားရတယ်ဆိုတော့ ဒီကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုရော ဆွေမျိုးတွေအနေနဲ့ ဘယ်လောက်အတိုင်းအတာအထိ စိုးရိမ်ပူပန်မှုတွေ ရှိပါသလဲရှင်။


“ကျမတော့ အရမ်းစိုးရိမ်တာပေါ့နော်၊ ကလေးတွေတခုခုပေါ့နော် စိတ်ဓာတ်ကျသွားတာ စိတ်ကျရောဂါတွေ ဘာတွေဖြစ်သွားမှာ အရမ်းကြောက်တယ်၊ ကလေးတွေက ဖအေ မအေတွေမရှိဘူးဆိုတော့ အကြီးလေးတွေက အရမ်းသိတတ်နေပြီလေ၊ ကလေးတွေက မှိုင်မှိုင်သွားတာပေါ့နော်၊ ကလေးတွေ အရမ်းခံစားရမှာစိုးလို့ သူငယ်ချင်းတွေက မခေါ်တာ မပြောတာတွေ ဖြစ်လာမှာစိုးတော့လေ ကလေးတွေကို ကျောင်းမှာ ဘာမှ မပြောခိုင်းဘူး”


၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုချစ်ကိုလေးနဲ့ မသက်သက်အောင်တို့ရဲ့ ကလေးတွေအကြောင်းကို အဒေါ်ဖြစ်သူက ပြောပြသွားတာဖြစ်ပါတယ်။


No comments: