Tuesday, November 4, 2008

နိုင်ဝင်းဆွေ (လေညင်းကလေး လာနေပြီ)

လေညင်းကလေး လာနေပြီ

(နိုင်ဝင်းဆွေ)


(၁)


တောင်ကြားထဲ

မှောင်မည်းစွတ်စို

အကျဉ်းခန်းလို လျှိုထဲမှာ

အိပ်ပျော်ရာက

လန့်နိုးလာတဲ့ကျနော် … ။

ဖြူစင်ချစ်ခင်စရာ့အရွယ်

လူ သူငယ်ကလေးများ

ပွေ့နမ်းကစားဖို့၊

ပန်းအလှလေးများ

မွှေ့ယမ်းမလားလို့၊

လမ်းမ ခြံဝ မြောင်းစပ်နဲ့

မြက်ခင်းတွေပေါ်

ကျနော်နဲ့ခွေးသူငယ်လေးများ

ပျော်မြူးပြေးလွှား ဆော့ကစားဖို့။

ရိုးပြတ်လယ်ကွင်း ကန်သင်းတွေပေါ်

ကျော်နင်းတိုးဝှေ့၊

ကျနော့်ကိုမျှော်ရှာသူ

စမ်းချောင်းကလေး တေးသီနေတဲ့

ရွာကလေးဆီ … ။


(၂)


ကျနော်လာပြီ

‘ရွာရဲ့မိတ်ဆွေ လေညင်းကလေး’ ပါ

သတိရလျက်

တမ်းတလျက်။

ခါတိုင်းကဆို

ရွာကိုအဝင် ကျောင်းရင်ပြင်မှာ

ခွန်းဆက်ခင်မင်

ကိုရင်ကလေးတွေ

ပန်းအလှကလေးတွေ။

အခုတော့

ပန်းယမင်းတို့ရဲ့

သင်းရနံ့ကလေးရယ်

ဘယ်မှာလဲကွယ်။


(၃)


အို …

ဒီမှာသွေး

မနုဿသွေးနံ့

ညှီစို့ပြန့်လျက်

ဇရပ်ပေါ်က သွေးကွက်တွေ။

ဟိုမှာ …

ကျောင်းကြီးအို

ပြိုမလိုယိုင်လဲလု

စေတီအိုဟာ ဗုံးဒဏ်ရာထန်သည်း

ထီးမြတ်ငိုက်ကျ

အက်ကြောင်းဟလို့

ပြိုကျလု တဲတဲ

ကြေကွဲစရာ့ စိတ္တဇပန်းချီ။

ဟော … သေနတ်သံတွေ

ကျည်ဆံတွေက

ငါ့ ကိုယ်ထဲများ ဖောက်သွားလေမလား

ကျနော် ကြောက်သွားမိတယ်လေ။

စစ်ကိုမွေးဖွား

စစ်ကြေးစားများရဲ့

စစ်ဖိနပ်သံ ကန်ကြောက်သံ ဆဲသံ ဆိုသံ

အော်သံ ငေါက်သံ ညည်းသံ ညူသံ

ညှဉ်းပန်းသံ

‘လူ တစ္ဆေသူရဲ၊ ငရဲသားတွေ

သေနတ်တကားကား ကိုင်ထားပေမယ့်

ကြောက်စိတ်တဖွားဖွားနဲ့

စစ်ကြေးစားတွေ’။

ငါ … သင်တို့အနားကပ် ခဏရပ်ခိုက်

စကားတပုဒ် အော်ပြောလိုက်မိတယ် ။

“ ခင်ဗျားတို့ဟာ

ဟို အဝေးကြီးရွာတွေက

လယ်သမားတွေ၊

ဒီရွာသားတွေဟာလည်း

လယ်သမားတွေပဲ မဟုတ်လား

စဉ်းစားစမ်းဟေ့ …”။

ကျောင်းလှေကား အုတ်တိုင်နံဘေး

ထိုင်ငေးလေသူ

ကြေးစားကလေးတဦးရဲ့အတွေးတွေ …

‘‘အို ယေရှုသခင်မြတ်

လူကိုသတ်နေရတဲ့

ဒီစစ်ဇာတ်ပွဲ

ရပ်စဲပါတော့

ကောင်းကင်ဘုံအောက် ဒီမြေပြင်မှာ

ကြည်လင်အေးမြ

နေ့သမယများ

တွေ့ပါရစေ ဘုရားသခင်”

ကြေးစားကလေးရဲ့

တောင်းဆုရေအလျဉ်တွေလည်း

ကျောင်းပရဝဏ်ထဲ

ဝဲကတော့ လည်ဆဲပါ။


(၄)


ရွာထဲအဝင်

ကျနော့်ရင်တွေ ဆတ်ဆတ်ခါလျက်

မီးပြာကျ အိုးအိမ်တွေ

မီးကျည်ခဲတို့၊ ရွာလုံးဖုံးပေါ့။

စကားတသံ

ကြားဖူးနေကြ၊ ရင်းနှီးလှတဲ့အသံ

“ မိတ်ဆွေလေးရေ

ငါတော့ အိမ်ကြီးရခိုင်၊ ခေါင်တိုင်ကနေ

မီးသွေးတုံးဘဝ၊ ကူးခဲ့ရပြီ

ငါ့ရင်ထဲဆူ၊ ပူလောင်ရပြီ။”

ကျနော့်ရင်ထဲလည်း

အပူမီးငရဲ၊ စွဲရပေါ့။

“ကျနော်ချစ်တဲ့

လူသူငယ်လေးတွေ

ခွေးသူငယ်လေးတွေကော

မိတ်ဆွေ … ”

“ ရှာသာကြည့်တော့ကွာ

သူတို့ဘယ်မှာ

ငါမသိတော့ဘူး

အို ခုဆိုရင်

သင့်ရဲ့ကလေးတွေလည်း

မီးကျည်ခဲ တဖြစ်လဲရှာတော့မယ်”။


(၅)


ကွေ့ကောက်ကောက်

လမ်းတလျှောက်

ကဆုန်ပေါက်ကျနော်၊ စိုင်းလာတယ်။

ပြာပုံ …

ကျည်ဆံခွံ …

ဒုက္ခ၊ သောက

ချောင်းချောင်းပွက်ထ သောက … ။

(ဟေ့ စစ်တရားခံတွေ

ငါ မုန်တိုင်းဖြစ်လို့ ခြိမ်ခြိမ့်အသဲမှာ

မင်းတို့ရှိရာ လာခဲ့မယ်ဟေ့။)

လမ်းတကွေ့ ချိုးအချ

ခြံတဝ တံခါးပေါက်မှာ

ဆင်းရဲသား လယ်သမားနှစ်ယောက်အလောင်း၊

ရွံမုန်းစရာ့

ယင်ကောင်တွေ၊

မီးလောင်နံ့ ညှီနံ့ သွေးနံ့ ယမ်းနံ့ မီးခိုးနံ့

အသားစညှောာ်နံ့ ပြာမှုန့်နံ့ ။

ဒီနေရာလေ

လွန်ခဲ့တဲ့ နေ့တဝက်က

ပွက်လောရိုက် ငိုသံ ညည်းသံ ပေါက်ကွဲသံ

အော်သံ ဆူသံ သံရှည်ဆွဲသံ အသံနက်ကြီးတသံ

စက်သေနတ်သံ၊ ထိမှန်တဲ့အသံ အမြောက်သံ

လဲကျသံ ငရဲဟက်တက် ကွဲအက်သလို …

ဆူသံ အူညံခဲ့ပါပကော။

ဘယ်ဆိုးကြမ္မာတို့

ညှိုးလျာရက်တယ်။


(၆)


ဟိုတုန်းခါက

စိမ်းပြာ ရေကြော

ဝါးတောရိပ်အောက်

ကျနော် လျှောက်ပြေးရတာ

သိပ်ပျော်တာပဲ။

စမ်းချောင်းလေး၊ တေးဆိုပြတော့

ကျနော် ကလိုက်တာပေါ့ ။

စမ်းရေစီးပေါ်မှာ

ကျနော်အိပ်မှေးတဲ့အခါ

စမ်းပုခက်ကလည်း

ဒန်းလွှဲလျက်ပါ။

အခုတော့

စမ်းချောင်းလေးက

“ချစ်လှတဲ့မိတ်တွေရေ

ကျွန်ုပ်လည်း

လူသွေးညှီနှောက်လို့ 

အရူးတယောက်လို

နောက်ကျိနေရပါပကောလားဗျာ” … တဲ့ 


(၇)


ဆည်းဆာနေညို

နွေပန်းချီလည်း၊ မပီမှုန်ရီဝါး

ဆေးသားပြယ်လွင့်စ

အမှောင်စများ

မညီမမျှ

ဒီတစ ဟိုတစနဲ့

စမ်းချောင်းဝမှာ

ပျပျညို့ပြီ။

ဟို အရင်ကဆို

ဒီတဲအိုကလေးမှာ

သူတို့လင်မယား

အကြည်စားသန်တုန်း

နှစ်ယောက်ကြား ကျနော်ဝင်ထိုင်လို့

သူတို့စကား

နားထောင်ရတာ

ကြည်နူးစရာ့

ရွှင်စရာ့

ပျော်စရာ့ ညနေ ၊ ညနေများစွာ … ။


(၈)


အခုတော့

ထရံနဲ့ တဲတိုင်တွေဟာ

ကျည်ဆံရာ အထပ်ထပ်

စစ်တံဆိပ် အမှတ်အသားတွေ ။

တဲပေါ်က မိခင်အလောင်း

သွေးစီးကြောင်းပွက်

ချောင်းကလေးနဲ့ ဆက်လို့ ။

လူ့သားကလေးလေ

လေးဘက်တွားတက်

အမေ့အလောင်း ရင်ခွင်ထက်မှာ

နို့ချိုရှာလျှက် … ၊

“ပေးလိုက်စမ်းပါ

သားကလေးအတွက်

နို့တစက်”

“အို … လောကသခင်

သင်ဘယ်မှာလဲ

မတရားတာတွေ

မတားဘူးလား။”

ငါက

လူ့သူငယ်လေးကို ပွေ့လျက်။

“ကလေးရာ

မင်းအနားမှာ ငါ

ငါ့ ရင်ခွင်ထဲမှာ မင်း

မင်းကိုယ်စား - ဟောဒီ ငါ”


(၉)


နေဟာလေ

အိပ်ရာပေါ်မှာ လဲလျောင်းဖို့ 

လူသူငယ်လေးကို ပစ်ထား

ထွက်ခွာသွားပြီကို။

လူကလေးက ငိုတော့တယ် ။

“မေမေ့ နို့ချိုချို

ဘယ်လိုအညှိုးနဲ့

ခိုးယူကြသလဲ ။

လူကလေးက ဘာပြစ်မှု

ပြုဖူးလို့လဲ”

လူကလေး ငိုတော့တယ်။

ငှက်ကလေးတွေလည်း

စမ်းချောင်းဘေး ဝါးရုံဖျားမှာ

ချစ်စကား ခွန်းမဟ

တေးအလှ မသီဆို

ငိုကြ ပြီ ကော ကွယ်။


(၁ဝ)


ငါလေ

လူ့သူငယ်လေးကိုနှုတ်ဆက်

တဲတံခါးဝက ထွက်ခဲ့တယ် ။

ဟို ဒီ ပြေးကာ

ကမ္ဘာကုန် ခြေဆန့်၊ မတန့်မနား

လောကကို တိုင်တန်းသွားဖို့လေ

ခရီးစတင် နှင်လေပြီ။

လူကလေးရဲ့ဖေဖေ့ဆီ …

လူကလေးအတွက်၊ နာကျင်တတ်သူတွေဆီ …

လူကလေးကို စာနာတတ်သူတွေဆီ …

တရားမှု မြတ်နိုးသူတွေဆီ …

မတရားမှု ခါးသီးသူတွေဆီ …

မတရားမှုမှန်သမျှ ၊ မသာချ မြှုပ်နှံရန်

သုဿန်ပြင်နေသူတွေဆီ … ။


နိုင်ဝင်းဆွေ

No comments: