စာပေအနုပညာ နှင့် အမျိုးသားယဉ်ကျေးမှု
ဆင်းရဲအတူ ချမ်းသာအမျှ ဆိုသလို တယောက်နှင့်တယောက် ဘယ်အခြေဆိုက်ဆိုက် မခွဲခွာကြဘူး၊ သစ္စာရှိကြတယ်။ ဟန်ရေး ပန်ရေး လုပ်ချင်စိတ်၊ တကိုယ်ကောင်း ငို့ဘစိတ်၊ မနာလိုဝန်တိုစိတ်၊ ညာဝါးလိုစိတ် တစွန်းတစရှိတဲ့ လူလောက်သာ တာဝန်နဲ့အလုပ်ကို၊ ရဲဘော်တို့ကို စွန့်ခွာတတ်ကြတယ်။ ဒီလိုမှမဟုတ်ရင် စွန့်ခွာခဲပါတယ်။
ဒါကြောင့် ကျနော်တို့ ပြုစုရမယ့် စာပေအရေးအသားဟာ ဒီသဘောတရားများနှင့် ပြည့်စုံတဲ့ စာပေမျိုးဖြစ်ရမယ်။ ဒါမှလည်း ကျနော်တို့ရဲ့စာပေဟာ ကမ္ဘာ့အဆင့်အတန်းကို မီမယ်။ ကမ္ဘာ့အဆင့်အတန်းမှ ကျပ်ပြည့်ဒင်ပြည့် တန်ဖိုးရှိတယ်။ သို့မှလည်း ယဉ်ကျေးမှုစံနစ်ကြီးဟာ ချက်ခြင်းတိုးတက်ပြောင်းလဲလာနိုင်မယ်။ ယဉ်ကျေးမှုစံနစ်ကြီး တိုးတက်ပြောင်းလဲခြင်းမရှိဘဲနှင့် အမျိုးခေတ်ပြောင်းတိုးတက်ရေးဟာ ကောင်းစွာ မအောင်မြင်နိုင်ဘူး။ တကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျနော်တို့လည်း
ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံလိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင်ကြိုးစားကြစို့။
ယခု လက်ဝယ်ရှိတဲ့ လုပ်ငန်းတာဝန်အလိုက် ကျနော်တို့ အလုပ်လုပ်ကြစို့။ ကျနော်တို့အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာဆရာရော၊ ဗမာတမျိုးလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်းအလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့။
ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး
စာရေးဆရာကြီး၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ
(မြဟန်ပြုစုရေးသားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ စာ - ၁၉၁ မှ)
No comments:
Post a Comment