Saturday, November 8, 2008

(ရဲဘော်ဖိုးသံချောင်း) လမ်းပြမြေပုံဆီကို လမ်းညွှန်နေတဲ့

လမ်းပြမြေပုံဆီကို လမ်းညွှန်နေတဲ့ ပုဂ္ဂိုလ်ကျော်များ


(ရဲဘော်ဖိုးသံချောင်း)


အခုတလော ဗမာပြည်နိုင်ငံရေးနယ်ပယ်မှာ “နိုင်ငံရေးသမား မလုပ်တော့ဘူး၊ နိုင်ငံရေးသမားကိုဆရာလုပ်တဲ့ အလုပ်ပဲ လုပ်တော့မယ်”ဆိုတဲ့လူတွေ ခုန်ထွက်လာတာကို တွေ့နေရပါတယ်။ သူတို့ဟာ ပြည်ပရေးသားကြတဲ့ အမျိုးမျိုးသော သဘောတရားတွေကို ကိုးကားပြီး လက်လှမ်းမှီရာ စာနယ်ဇင်းတွေထဲမှာ ရေးသားနေကြတာပါ။


သူတို့ဆရာလုပ်တယ်ဆိုတာ အများအားဖြင့်တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ဆရာလုပ်နေကြတာဖြစ်ပါတယ်။ တချို့ကဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်းတွေဖြစ်ပါတယ်။


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူလူထုထောက်ခံမှုတွေတခြိမ်းခြိမ်းနဲ့ အရှိန်အဝါတွေ လျှမ်းလျှမ်းတောက်နေပြီး နေ့လားညလား အာဏာရတော့မလိုဖြစ်နေတဲ့ ကာလတုန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံပြီး အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စစ်အစိုးရက အကြီးအကျယ်ဖိနှိပ်နေတဲ့အခါမျိုးးမှာ နိုင်ငံရေးသမား မဟုတ်တော့ဘူးလို့ နိုင်ငံရေးလောက ကနေ ကိုယ့်ဟာကို နှုတ်ထွက်စာတင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အပြင်ကနေပညာပေးနေကြတာဟာ အံ့သြစရာပဲလို့ ထင်စရာရှိပါတယ်။


ထူးခြားတာက ဒီလူတွေဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသာ ဆရာလုပ်တာဖြစ်ပြီး နအဖအစိုးရကိုတော့ ဘယ်သူမှ ဆရာ မလုပ်ကြတာပါပဲ။ နအဖဗိုလ်ချုပ်များဟာ ဆရာ မလို၊ တပည့်နဲ့ ကျွန်သာလိုကြောင်း သူတို့ နားလည်သဘောပေါက်ထားကြဟန်တူပါတယ်။ ဒါပေမယ့် ပြောသင့်တာတခုက အဲဒီလို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆရာလုပ်ရင်း၊ လုပ်ရင်းနဲ့ နအဖရဲ့ တပည့်တွေဖြစ်သွားတဲ့ဆိုတာဖြစ်ပါတယ်။


မသိဘဲ၊ မရည်ရွယ်ဘဲဖြစ်သွားတာလား၊ တချက်ခုတ်နှစ်ချက်ပြတ်လုပ်ကြတာလား ဆိုတာ ကာယကံရှင်များသာ သိကြမှာပါ။ တကယ်ကသူတို့ဟာ အင်မတန် နိုင်ငံရေးအကင်းပါးသူတွေဖြစ်ပါတယ်။ ခေတ်အဆက်ဆက်မှာ ဘယ်အကွေ့ ဘယ်တက်နဲ့လှော်ရမယ်ဆိုတာ အသိဆုံးလူတွေဖြစ်ပါတယ်။


မဆလလက်ထက်မှာ ဆိုရှယ်လစ်စကားတွေနဲ့ လှိုင်းစီးခဲ့သလို နအဖလက်ထက်မှာ “စည်းကမ်းရှိတဲ့ဒီမိုကရေစီ” ဆိုတဲ့ ဖောင်ကိုတွယ်ဖက်နေသူတွေလို့ဆိုရင် မမှားပါဘူး။ နအဖရဲ့စည်းကမ်းရှိတဲ့ဒီမိုကရေစီအောက်မှာ ဒီချုပ်ကိုဝေဖန်ရတာ၊ တိုက်ခိုက်ရတဲ့အလုပ်ဟာ အလွတ်လပ်ဆုံးဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။


လွတ်လပ်ရေး ဒီဘက်၊ ခေတ်အဆက်ဆက်သမိုင်းမှာ အစိုးရကိုမျက်နှာလုပ်ချင်ရင် စာနယ်ဇင်းတွေထဲမှာ

အစိုးရရဲ့အတိုက်အခံတွေကို တိုက်ခိုက်တဲ့ဆောင်းပါးတွေရေးကြ(ရ)တာဟာ အစဉ်အလာတခုလိုဖြစ်နေခဲ့ပါ တယ်။ နောက်ပြီး လက်နက်ချဖူးသူတွေအတွက်ဆိုရင် ဒါဟာသူတို့တတွေအစိုးရအပေါ်သစ္စာရှိမြဲဖြစ်ပါကြောင်း ဖော်ပြတဲ့နည်းလမ်းတခုလည်းဖြစ်ပါတယ်။


ဒီ ကိုယ့်ဟာကိုယ်ခန့်ထားတဲ့ နိုင်ငံရေးသုခမိန်တွေရေးတာဟာ နဝတ-နအဖလက်ထက် စာနယ်ဇင်းတွေထဲ မှာရေးနေကျ ထောက်လှမ်းရေးတွေ၊ မြက်ခင်းသစ်မှာ ကျက်စားသူတွေလို စာမျိုးတွေ မရေးပါဘူး။ သူတို့က ပိုပြီး အဆင့်မြင့်တယ်လို့ ပြောရမလားပါ။

သူတို့က ပိုသိမ်မွေ့တာတော့အမှန်ပါပဲ။ ပညာတတ်ဆန်ပြီး သကာရည်လည်း လူးတတ်ပါတယ်။ ဒါပေမယ့် အတွင်းသဘောမှာတော့ ဗြိဇုံနဲ့ ဗြုံဇိပါပဲ။


ဒီတလောမှာဆိုရင် သူတို့ပြောနေတာတွေဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အရှုံးပေးလက်မြှောက်ပြီး

နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ဆိုတာပဲဖြစ်နေပါတယ်။


တချို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ပြီးအရွေးခံမယ်လို့ မပြောရ စကောင်းလားဆိုပြီး ငါးစိမ်းသည်လို ရန်တွေ့ကြသလို အထက်မှာပြောခဲ့တဲ့ သုခမိန်များကတော့ ဒီခေတ်ဟာ ဘာခေတ်ဖြစ်တယ်၊ ညာခေတ်ဖြစ်တယ် စတာတွေပြောပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့

နအဖက ဖွင့်ပေးထားတဲ့ ခွေးတိုးပေါက်ထဲခေါင်းလျှိုးဝင်သင့်တယ်လို့ နတ်လမ်းပြ လုပ်နေကြပါတယ်။


ဗမာပြည်ရဲ့ အခြေအနေဟာ နအဖစီစဉ်တဲ့အတိုင်း အားလုံးကလိုက်နာကြမှသာ ဖြစ်တည်မှုအကြပ်အတည်းက လွတ်မြောက်မှာစသဖြင့်လည်း လိုရာဆွဲသဘောတရားတွေနဲ့ ချိန်ထိုးပြကြပါတယ်။ တကယ်က ဖြစ်တည်မှု အကြပ်အတည်းဆိုက်နေတာဟာ နအဖစစ်အစိုးရသာဖြစ်တယ်ဆိုတာကိုတော့ သူတို့က မပြောဝံ့ပါဘူး။


သူတို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆရာလုပ်သလိုလို၊ တွယ်သလိုလိုလုပ်တာနဲ့တချိန်ထဲမှာ ခဲတလုံးထဲ နဲ့ ငှက်နှစ်ကောင်ကိုပစ်တယ်ဆိုတာလို ဗကပရဲ့ပြည်သူ့အင်အားလမ်းစဉ်ကိုလည်း လှမ်းခတ်ပါတယ်။ အာဏာရှင်ဗိုလ်ချုပ်များက နှစ်ထပ်ကွမ်းကျောသပ်မှာကို မျှော်လင့်သလား မသိပါ။


တယောက်ကဆိုရင် ပြည်သူလူထုရဲ့အင်အားဟာ ၁၉၈၈ခုနှစ်မှာကုန်သွားပြီ၊ မောသွားပြီလို့ ရေးပါတယ်။ ပြည်သူလူထုနည်းနဲ့ နအဖကိုဖိအားမပေးနဲ့လို့ ပြောတာပါပဲ။ နအဖ စစ်ဗိုလ်တွေကတော့ အကျေနပ်ကြီး

ကျေနပ်နေမှာ သေချာပါတယ်။ ဒါပေမယ့် တကယ့်အဖြစ်က ပြည်သူလူထုကမောသွားတာလား၊ အဲဒီစာရေးသူတို့က ဖြုံသွားတာလား မေးစရာ ရှိပါတယ်။ မနှစ်တုန်းက လမ်းပေါ်ကိုတက်ပြီး ပရိတ်ရွတ် ဆန္ဒပြခဲ့ကြတဲ့ သံဃာတွေဟာ မောဟန်၊ ကြောက်ဟန်ပြခဲ့ကြပါသလား။


ဒီ နိုင်ငံရေးသုခမိန်တွေဟာ သူတို့ဖာသာသူတို့ မထူးဇာတ်ခင်းကြယုံမက ပြည်သူလူထုနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ မထူးဇာတ်ခင်းခိုင်းနေကြပါတယ်။ တကယ်တမ်း ဒီနေ့ဗမာနိုင်ငံမှာ မထူးဇာတ်ခင်းနေရတာက နအဖ စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပါတယ်။ ပြည်တွင်းရေးပဲဖြစ်စေ၊ ပြည်ပရေးပဲဖြစ်ပစေ၊ သူတို့မှာ တခြားရွေးချယ် စရာ မရှိပါဘူး။ ပြည်တွင်းရေးမှာ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာဆိုတဲ့ လမ်းစဉ်မျိုးကိုတောင် ချမှတ်လျှောက်လှမ်းနိုင်တဲ့ အနေအထားမရှိပါဘူး။ ဖြစ်ချင်ရာဖြစ်ရော့ဆိုပြီး ရွာလွန်ရွက်တိုက် ဆက်မိုက်ကြဖို့သာ ရှိပါတယ်။


ဒါကြောင့်လည်း ဒီ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲဆိုတာကို နအဖ အာဏာရှင်တွေဟာ သူတို့အတွက် တခုတည်းသော ထွက်ရပ်လမ်းအဖြစ် အတင်း ဖိလုပ်နေရတာဖြစ်ပါတယ်။ ဒါကို ဒီနိုင်ငံရေးသုခမိန်တွေ မသိတာ မဟုတ်ပါဘူး။ သိရက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်သူလူထုတရပ်လုံးကို မိုးခါးရည်သောက်ခိုင်း

နေတာပါပဲ။ အဓိကရည်ရွယ်ချက်ဟာ နအဖရဲ့ အကြံအစည် စီမံကိန်းများ ချောမွေ့စွာ အောင်မြင်ထမြောက်ရေး ပဲဖြစ်ပါတယ်။


အခုအချိန်ဟာ ဗမာပြည်ရဲ့နိုင်ငံရေးဟာ ရှေ့မတိုးသာ၊ နောက်မဆုတ်သာနဲ့ အီနေတယ်လို့ လူတော်တော်များ များက သုံးသပ်ကြပါတယ်။ ဒါပေမယ့် အီတာပဲဖြစ်စေ၊ မအီတာပဲဖြစ်စေ၊ ဒါဟာ စီးဆင်းမှုရဲ့ အစိပ်အပိုင်းတခု လို့ပြောမှ ပိုမှန်မယ်လို့ထင်ပါတယ်။


ဒီလိုအခါမျိုးမှ နအဖစစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့အကြံအစည်တွေကို အကောင်အထည်ဖော်ဖို့ ဗြောင်ရော၊ ကြိတ်ပုန်းပါ လုံးပမ်းနေသလို ပြည်သူ့ဖက်တော်သားများကလည်း မြေပေါ်မြေအောက်၊ တရားဝင်၊ တရားမဝင်နည်းတွေနဲ့ လုံးပမ်းကြရမှာဖြစ်ပါတယ်။ တဆက်တည်းပြောရမှာက အထက်မှာတင်ပြခဲ့တဲ့ နိုင်ငံရေးသုခမိန်ကြီးများဟာလည်း ဒီလိုအခါမှာ အခြေအနေတွေ ပိုမို မှုန်မှိုင်းအောင် မီးခိုးတွေ တမင်ထုတ်လွှတ်တာဖြစ်တယ်လို့ ယူဆရမလိုဖြစ်နေပါတယ်။ ။


ရဲဘော်ဖိုးသံချောင်း


မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု

(အက်ဖ်ဒီဘီ) မှ ကူးယူဖော်ပြပါသည်။


No comments: