နှစ် နှစ်ဆယ်မှာ
နိုင်ဝင်းဆွေ
(၁)
ငါ့စိတ်ရဲ့
တံစက်မြိတ် အရိပ်စွန်းဆီမှာ
တဂိုးနဲ့ နံ့သာလှေတစင်း
ရွက်လွှင့်ရင်း တေးသီနေတယ် ။
“နောင်ဘဝမှာ
လူလာဖြစ်ခဲ့ရင် …
ဟင်အင်း … ညီအကိုတို့
ဘင်္ဂလားပြည်ရဲ့ခေါင်းဆောင်သစ်
ငါမဖြစ်ချင်ဘူး” တဲ့ …
“လုံမလေးတွေ ထောပတ်မွေ့ရာ
ဘရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ
ပုလွေကြူအေး
နွားကျောင်းသားလေးပဲ
ငါဖြစ်ချင်တယ်”
(၂)
ငါ့စိတ်ရဲ့
ထိုတံစက်မြိတ်
အရိပ်စွန်းအောက်မှာ
အို … ခရစ်တော် …
“အို … ဘုရားသခင်
အရှင်၌ ဂိုဂိုးသာတီးနဲ့
တဦးတည်းသာ
ထို့ကြောင့်ပင်
အရှင်၏
လက်ဝါးကပ်စင် နှင်းဆူးခက်
တပည့်တော်လက်သို့ နှင်းဆက်ခဲ့ပါ”
“ အို … ဆော့ခရတ္တီ
သင်၏ညာလက်ထဲ
ပုလဲမြှုပ်များဖိတ်လက်
အဆိပ်ခွက်ကို
ကျွန်ုပ်ထံလက်လှမ်း
ကမ်းခဲ့ပါလေ
(ဖြေဖို့မလိုပါ)
သင့်ရှေ့မှာဆိုလျှင်
သင့်ကိုသေဒဏ်စီရင်နေသူ
နှစ်ရာ့ငါးဆယ်မျှသာ
ရှိနေပါသည်။
အိုး … ကော်ပါးနီးကပ်စ်
သင့်လည်ပင်းမှ ကြိုးကွင်းကိုဖြုတ်
ကျွန်ုပ်လည်ပင်း
နှင်းအပ်ခဲ့ပါ။
(ဖြေဖို့မလိုပါ)
သင့်အပါးမှာ
သင့်အားတရားစီရင်နေသူ
ခရစ်တော်၏တပည့်များမှာ
အသိဉာဏ်တရား
အနည်းအပါးရှိပါသေးသည်။
အိုး … ဧကရာဇ်ဘုရင်
အရှင်ဂျူးလီယပ်စ်ဆီဇာ
သင်၏ရင်ဝမှ
နောက်ဆုံးရ ဓားချက်
ကျွန်ုပ်ရင်အုံထက်
ဆက်လွဲခဲ့လော့ …
(ဖြေဖို့မလိုပါ)
အရှင်မင်းမြတ်တွင်
ဘရူးတပ်စ်တယောက်သာ။
(၃)
ဟင်အင်း … ညီအကိုတို့
“အာဏာ
ငွေ
ကျော်ဇော်ခြင်း” နှင့်
ရောင်းဝယ်ခြင်းမပြုမှသာ
အနုပညာ၏
တြိသီလတရား … ဟု
ကျွန်တော်ယုံထားပါသည်။
ဟုတ်တယ် ညီအကိုတို့
တကယ်လို့ နောင်ဘဝမှာ
လူပြန်လာဖြစ်ခဲ့ရင်
ကျွန်တော်လည်း
အရိန္တာ တောအုပ်ထဲက
သော်ကပင်ရိပ်အောက်မှာ …
အနုပညာရဲ့ တြိသီလတရား
ဖြူစင်စွာဝတ်ဆင်ထားလို့ပေါ့ ။
ပုလွေကြူအေး တေးသီနေတဲ့
နွားကျောင်းသားလေး …
(၄)
ခုတော့
ကျွန်တော့်စိတ်ရဲ့
ဤတံစက်မြိတ် အရိပ်စွန်းအောက်မှာ
သူတို့ဆီက ထိုအရာတွေ
လုယက်ယူနေတယ်
“လက်ဝါးကပ်တိုင်နဲ့ ဆူးခက်
အဆိပ်ခွက်
ဓားချက်နဲ့ကြိုးကွင်းများ
ကျွန်ုပ်ထံပါး ထားခဲ့ကြ” … ။
နိုင်ဝင်းဆွေ
(၁၉၈၆ ဧပြီ ၁ ရက်။ ကလောင်သက် နှစ် ၂ဝ နေ့တွင် ပန်ဆန်း စပယ်တောစခန်းတွင် ရေးဖွဲ့ခဲ့သည်။)
No comments:
Post a Comment