Tuesday, November 11, 2008

မောင်လှဝင်း (မြင်းခြံ) ကာဝိုင်းဟာ နှင်းခါးသင်တိုင်းနဲ့ (၃)

ခုချိန်ဆို ကာဝိုင်း ဟာ နှင်းခါးသင်တိုင်းနဲ့

ပြာမှိုင်းနေရော့မယ် နိုင်ဝင်းဆွေရေ … (၃)


မောင်လှဝင်း (မြင်းခြံ)


ကိုကျော်ဆိုင်ကတော့ မကျုံနဲ့ရေစက်ဆုံလို့ ကြုံခဲ့ရတာ အမြတ်ထွက်ပါတယ်။ နောက်ပိုင်းမှာ သူ မကျုံကို ပိုးပန်း တာတွေ၊ မကျုံနဲ့ ကြိုက်သွားတာတွေ ကျနော် မသိတော့ပါ။ ကျနော် တာဝန်အရ ဟိုဒေသ ဒီဒေသ ခရီးလှည့်နေ ရလို့ပါ။


ကိုကျော်ဆိုင်ဟာ မကျုံနဲ့ ချစ်ကြိုက်နေတယ်ဆိုပေမယ့် ကိုကျော်ဆိုင် ဝ စကားမတတ်ပါ။ မကျုံဟာ လည်း အဲဒီတုန်းက ဗမာစကား မတတ်သေးပါ။ ဒါပေမယ့် မကျုံဟာ ပင်ကိုယ်အရည်အချင်းမညံ့တော့ ဗမာ စကားကို အကုန်မတတ်ပေမယ့် နားထောင်တတ်တယ်၊ အတန်းအသင့် နားလည်တယ်။ ကိုကျော်ဆိုင်နဲ့ရပြီး ဘာမှမကြာလိုက်ဘူး မကျုံဟာ ဗမာလို အတော်ပြောတတ်ဆိုတတ် ဖြစ်လာပါတယ်။


ကိုကျော်ဆိုင်ဟာလည်း ‘ခေ’သူ မဟုတ်ပါ။ တခြား လူမျိုးစုစကားတွေကို သူ များများမတတ်ပေမယ့် သူတတ် သလောက်နဲ့ ဝင်‘ရော’ လို့ ရပါတယ်။ သူ ဆိုလိုချင်တာကို လက်ဟန်ခြေဟန်နဲ့ပါရောပြီး ‘ပေါက်’ သွားအောင် ပြောလို့ရပါတယ်။ ဝ နယ်တောင်ပိုင်းမှာ ရှမ်းစကားဟာ ဒေသသုံးစကားပါ။ ရုံးသုံးစကားလည်းဖြစ်ပါတယ်။


တခါက သင်္ကြန်ရက်ကြီး သူ ကာဝိုင်းရွာကပြန်အလာ လမ်းမှာ လူမျိုးစုမိန်းကလေးတစုနဲ့တွေ့တော့ သူက ရေလောင်းပါတယ်။ သူက ရေလောင်းဖို့ခွင့်တောင်းရာမှာ သုံးခွန်းသော ရှမ်းစကားကို အသုံးပြုလိုက်ပါတယ်။ နားထောင်ကြည့်ပါ။


“သင်္ကြန် … သင်္ကြန် ထုံးစံ … ထုံးစံ အားနား … အားနာ’တဲ့။


မိန်းကလေးများကို ရေလောင်းနေစဉ် သင်္ကြန်တို့ထုံးစံတို့ကိုပြောပြီး ရေလောင်းအပြီးမှာ အားနာ အားနာကို အသုံးပြုလိုက်ပါတယ်။ ဒီစကားအားလုံးဟာ ဗမာစကားဖြစ်သလို အဲဒီဒေသရှမ်းဝေါဟာရလည်း ဖြစ်နေတော့ မိန်းကလေးတစုလည်း ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဖြစ်ခဲ့ကြပါတယ်။


ကျနော် ‘ပန်ဆန်း’ကိုရောက်သွားတဲ့တနေ့ မင်္ဂလာဆောင်ဖိတ်စာတစောင် ရောက်လာပါတယ်။ ‘ကျော် နဲ့ ကျုံ’ တို့ရဲ့ မင်္ဂလာပွဲတဲ့ လေ။ မင်္ဂလာဆောင်ကို မကျုံတို့ရဲ့နေအိမ်ရှိရာ ‘ပန်မာလန်’ရွာကလေးမှာ လုပ်ပါတယ်။ သူ့ရဲ့ ဌာနဆိုင်ရာမှ လူကြီးတွေဖြစ်သူ ပြည်သူ့အသံမှ ‘ရဲဘော် ဦးထွန်းအောင်’က သူ့ရဲ့မိဘကိုယ်စား မင်္ဂလာပွဲတက်ပါတယ်။ ကိုကျော်ဆိုင်ရဲ့သူငယ်ချင်းများဖြစ်သူ ဗမာရဲဘော်တွေလည်း အတော်လာကြပါတယ်။


မကျုံဘက်က သူ့မိဘဆွေမျိုးများအပြင် ကျနော်နဲ့ ဒိုင်နယ်မှူးတို့ကလည်း အုပ်ထိန်းသူ လူကြီးများအဖြစ် တက်ရောက်ခဲ့ကြပါတယ်။ ကိုကျော်ဆိုင်ရဲ့ အုပ်ထိန်းသူအဖြစ် ရဲဘော်ကြီး ဦးထွန်းအောင်က မင်္ဂလာစကား ပြောတော့ ‘ပန်မာလန်’ (ပိန္နဲပင်ရွာ)ကို မင်္ဂလာရှိတဲ့ ပန်မာလာရွာအဖြစ် မြန်မာမှုပြုပြီးပြောကြားခဲ့တာကို အခုထိ မှတ်မှတ်ရရ ဖြစ်နေမိပါသေးတယ်။ မကျုံဘက်မှ ကျနော်နဲ့ ဒိုင်နယ်မှူးတို့ မင်္ဂလာစကားပြောကြားခဲ့ပါတယ်။


ကိုကျော်ဆိုင်ဟာ အောက်သားပေမယ့် အညာသားလို အသားညိုညိုပါ။ လူပုံကြည့်တော့လည်း အနုပညာသမား လို့မထင်ရဘဲ အလုပ်ကြမ်းသမားတဦးပုံ ပေါက်နေပါတယ်။ မကျုံရဲ့ဆွေမျိုးသားချင်းများ၊ ပန်မာလန်းရွာသား များနဲ့အတူရှိနေတဲ့အခါ ဝ အမျိုသားများနဲ့ သူ တသားတည်းဖြစ်နေတာကိုကြည့်ပြီး ကျနော့်စိတ်ထဲ ကျေနပ် သဘောကျနေမိပါတယ်။


ကိုကျော်ဆိုင်နဲ့ မင်္ဂလာဆောင်ပြီးနောက် မကျုံ ပန်ဆန်းကို လိုက်လာပါတယ်။ မြို့ကလာတဲ့ ဗမာရဲဘော်အများစု ရှိတဲ့ ‘စံပယ်တော’မှာ သူတို့လင်မယားအတွက် အိမ်လေးတလုံး ပေးထားပါတယ်။ ဗမာရဲဘော်များကြားထဲလည်း ရောက်နေပြန်၊ ကိုကျော်ဆိုင် ဝ စကားတတ်ဖို့ကလည်းမလွယ်တော့ မကျုံကပဲ ချက်ချင်း ဗမာစကား တတ်သွားပါ တယ်။ တခြားရဲဘော်တွေဆိုရင် ပန်ဆန်းမှာ အိမ်တလုံးဆောက်ဖို့ အတော်ခဲခဲယဉ်းယဉ်း ကြိုးစားရပါတယ်။ ကိုကျော်ဆိုင်ကိုတော့ မြို့ကလာတဲ့စာရေးဆရာအဖြစ် ပါတီက တလျှောက်လုံး အထူးအခွင့်အရေးပေးထား တာပါ။


တခြား ဗမာရဲဘော်တွေဆိုရင် လွတ်မြောက်ဒေသမှာ ကာလအတန်ကြာဖြတ်သန်းပြီး လုပ်ငန်းတာဝန် အရ လိုအပ်လာတဲ့အချိန်ကျမှ ပစ္စတိုသေနတ် တပ်ဆင်ပေးတတ်တာပါ။ ကိုကျော်ဆိုင်ကတော့ သူမြင်းစီးပြီး ပန်ဆန်းကိုရောက်ရှိလာကတည်းက သူ့ကို ပစ္စတိုသေနတ် ပေးထားပြီးသားပါ။ သူ ဆီမီးတောက် ဥစားမိပြီး အဆိပ်သင့်တုန်းကလည်း မြေအောက်လုပ်ငန်းကို တာဝန်ယူထားတဲ့ ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ခေါင်းဆောင်ကိုယ်တိုင် ‘စံပယ်တော’ကိုဆင်းလာပြီး သူ့အပေါ် နွေးထွေးမှုကိုပြသခဲ့ပါတယ်။


အဲဒီအချိန်က သူဟာ ‘မှိုင်းအုံ့အုံ့ ပြက်၊ မိုးစက်မြူနှင်း၊ နှင်းမြစ်ယမုန်’ဆိုတဲ့ ဝတ္တုရှည်ကြီးကို ရေးနေပါတယ်။ ‘ဟယ်မင်းဝေး’ရဲ့ သွေးမြေကိုကျောခိုင်း၍ဆိုတဲ့ ရေးဟန်အတိုင်း ရေးထားတဲ့ ဝတ္တုရှည်ပါ။ သူ့ဇာတ်ကောင် နာမည်က‘ရဲဘော်ဝေး’ တဲ့။ ရဲဘော်ဝေး ဆိုတဲ့ သူ့ဇာတ်ကောင်အကြောင်း၊ သူ့ဝတ္ထုအကြောင်း ရဲဘော်တွေကို မကြာခဏ ပြောပြတတ်ပါတယ်။


စာမူတထပ်ကြီးကို သူမကြိုက်တော့ရင် အကုန်ဆွဲဆုတ် ပစ်၊ အသစ်ပြန်ရေးနဲ့ သူ့အနုပညာအတွက် အတော့်ကို ကြိုးပမ်းအားထုတ်တဲ့သူပါ။ မကျုံနဲ့ စံပယ်တောမှာ အတူနေတဲ့အခါမှာလည်း ဒီဝတ္ထုကြီးကိုရေးနေတတ်သလို သူ တိုက်ပွဲထွက်တဲ့ အခါလည်း ဒီဝတ္ထုစာမူကြီးကိုယူသွားပြီး ဆက်ရေးတတ်ပါ တယ်။ တိုက်ပွဲထွက်တယ်ဆိုတာက ဒီလိုပါ။


သူဟာ တိုက်ပွဲအတွေ့အကြုံရအောင် စစ်မြေပြင်သို့ စံပယ်တော် အမြောက်တပ်ဖွဲ့နဲ့ လိုက်လေ့ရှိပါတယ်။ သူက ရှမ်း စကားမတတ်တခေါက် ပြောတတ်လာတော့ အမြောက်၊ ကျည်ဆံ စတာတွေ တောင်ပေါ်ကို ထမ်းပိုးရတဲ့ ပြည်သူ့ စစ်တပ်ဖွဲ့ကို တာဝန်ယူအုပ်ချုပ်ရပါတယ်။ သူ့ခါးမှာ ပစ္စတို၊ ပခုံးမှာ ခေါက်ကာဘိုင်ကို လွယ်လို့၊ ကျောမှာလည်း ကျောပိုးအိတ်အကြီးကြီးအပြင် ဟန်းကောတွေ၊ ပန်းကန်တွေ၊ ခွက်တွေနဲ့ ရှုပ်ယှက်ခတ်လို့။


တခါတော့ ပြည်သူ့စစ်တွေ ကွင်းထဲမှာ လပ်ယားလပ်ယားလုပ်နေကြတုန်း သူက “ကွာ ညောင်ပင်၊ ရပင်ဆုပ်ဆပ်၊ ရပေလွတ်လပ်” (ရှုတ်မနေကြနဲ့ ညောင်ပင်ကို သွား) လို့ သူ ဆူတာကြောင့် လူမျိုးစု ပြည်သူ့စစ်တွေ ညောင်ပင် အောက် စုဝေးမိတဲ့အချိန် ရန်သူ့လေယဉ်ပျံရောက်လာပြီး ဗုံးကြဲပါတော့တယ်။ အားလုံးညောင်ပင်အောက် ရောက်ပြီး ပုန်းခိုလုံခြုံနေတာမို့ အသက်အန္တရာယ်က လွတ်ကင်းခဲ့ရတဲ့အတွက် ပြည်သူ့စစ်တွေက သူ့ကို ကျေးဇူး တင်ကြပါတယ်။


နောက်တခေါက်ကတော့ ရှေ့တန်းစခန်းမှာ အသီးအရွက်ခူးစားတာဝါသနာပါတဲ့ ကိုကျော်ဆိုင်က စွယ်တော် ပင်ပေါ်တက်ပြီး စွယ်တော်ပွင့်တွေခူးနေတုန်း ရန်သူကမြင်ပြီး သေနတ်နဲ့လှမ်းပစ်တာ ကမန်းကတန်း ဆင်းပြေး ရပါတယ်။ ကံကောင်းလို့ မသေတာ။


ဒီဝတ္ထုရှည်ကြီးအပြင် ကိုကျော်ဆိုင်ဟာ တော်လှန်ရေးအတွင်း အခါအားလျှော်စွာ ထုတ်ဝေတဲ့ ကဗျာစာအုပ်တွေ မှာ ကဗျာရေးတဲ့အခါ ရေး၊ အမှာစာရေးတဲ့အခါရေးပေါ့။ ပန်းဆန်းရှိ ပါတီဗဟို ဆေးကျောင်းမှာ ဆရာဝန်လောင်းလေးတွေက စာပေဝါသနာပါတော့ ‘အောက်တိုဘာ နှင်းပွင့်’ စတဲ့ ကဗျာစာအုပ်လေးတွေ ထုတ်တတ်ပါတယ်။


ဗဟိုဆေးကျောင်းကထုတ်တဲ့ ကဗျာစာအုပ်တအုပ်မှာ ကိုကျော်ဆိုင်က အမှာစာရေးတော့ သူက ကျေးငှက် သာရက အကြောင်း ငှက်နာမည်မျိုးစုံနဲ့ တခမ်းတနားဖွဲ့နွှဲ့ သီကုန်းပြီး ရေးလိုက်တဲ့စာသား ပါသွားတယ်။ ဒီအခါ စံပယ်တောမှာနေတဲ့တခြားရဲဘော်တဦးက “ခင်ဗျားဟာ ငှက်မျိုးတွေတော့ စုံနေတာပဲ။ ဒါပေမယ့် ‘လဒ’တော့မပါ ပါလားဗျ”လို့သွားနောက်မိတာ သူ့အနုပညာကို စော်ကားရပါ့မလားဆိုပြီး အကြီးအကျယ် စိတ်ဆိုးပါတော့တယ်။


၈ဝ ခုနှစ်က ပါတီနဲ့ မဆလ ဆွေးနွေးပွဲအပြီး ပါတီက အလံ ၃ လက် (ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးတင်ပြပြီးနောက် ထုတ်ဝေတဲ့ ငြိမ်းချမ်းရေး ချိုးဖြူကဗျာစာအုပ်တွင် ဖော်ပြထားတဲ့ တော်လှန်ခေတ်ဂျာနယ်ထဲမှာပါတဲ့ ကျနော့်ရဲ့‘သားလာမယ့်လမ်း’ ကဗျာရှည်က ဇာတ်အိမ်ကို သူ အတော်နှစ်သက်ပါတယ်။ ဒါနဲ့ သူက ‘မီးဇာပွန်အိမ်မြှင့်ထားတယ်’ နာမည်နဲ့ အသံလွှင့်ဇာတ် လုပ်ပါတော့တယ်။


ကဗျာကို ရွတ်တာ၊ နောက်ခံ စကားပြောတာ သူ လုပ်ပါတယ်။ သူနဲ့ကိုရန်လင်းတို့က ဒါရိုက်တာတွေပါ။ ဇာတ်ကောင် အတော်များများစုစည်းပြီး အတော်ကြိုးစားလုပ်ပါတယ်။ သူလိုချင်တဲ့စာသားတွေ ကိုရန်လင်းကို သီချင်းအရေး ခိုင်း၊ တီးလုံး တိုက်၊ ဇာတ်တိုက်နဲ့ အနုပညာလုပ်ငန်းထဲမှာ တကယ့်နှစ်မြှုပ်ပြီး လုပ်ကြတာပါ။ ကျနော်ကို ဇာတ်ကောင်တကောင်အဖြစ်ပါရမယ်ဆိုပြီး အတင်းခေါ်လို့ ကျနော့်မှာ မအားလပ်တဲ့ကြားက ဇာတ် သွားတိုက်ရ၊ သူတို့လိုချင်တဲ့ အသံအမူအရာ မရမချင်း အကြိမ်ကြိမ်ပြန်လုပ်ခိုင်းလို့ လုပ်ရ၊ လေ့ကျင့်ခိုင်းလို့ လေ့ကျင့်ရနဲ့ အချိန်အတော်ကုန်သွားပါတယ်။


သူတို့လိုချင်တဲ့ အနုပညာဆီမရောက်မချင်း ဇွဲနပဲနဲ့လုပ်ကြတဲ့ လူတွေပါပဲ။ ကျနော့်မှာတော့ ဒီလောက်လေ့ကျင့် ရပေမယ့် နောက်ဆုံးမှာ အသက်ထွက်ခါနီး ညည်းငြူပြော ဆိုရတဲ့ စကားတခွန်းပဲ ပါသွားပါတော့တယ်။


ဒါတောင်သူတို့မကြိုက်လို့ အကြိမ်ကြိမ်ပြန်လုပ်နေရပါတယ်။ နောက်ဆုံးကျမှ သူတို့ကြိုက်သွားပြီး အနုပညာမြောက်သွားပြီ ဘာညာနဲ့ ချွေးသိပ်ကြပါတယ်။ ဒါပေမယ့် အသံလွှင့်ဇာတ်လမ်းထဲမှာပါတဲ့ ကျနော့်အသံက ဝါကျတကြောင်းထဲပါ။ ဘာပဲပြောပြော သူတို့ကြိုးစားအား ထုတ်ခဲ့တဲ့ဇာတ်ဟာ လူကြိုက်များပြီး အောင်မြင်ခဲ့တယ်လို့ ဆိုရပါမယ်။


ကိုကျော်ဆိုင်ဟာ အသံလွှင့်ဇာတ်မှာ ဒါရိုက်တာလုပ်ခဲ့သလို စင်တင်တဲ့ပြဇာတ်မှာလည်း ဒါရိုက်တာလုပ်ခဲ့ပါသေး တယ်။ အစပိုင်းမှာတော့ သူ ဒါရိုက်တာ မဟုတ်ခဲ့ပါ။ ပန်ဆန်းတွင် ကပြသူပေါင်း ၂ဝဝ ကျော် ၃ဝဝ ခန့်ပါဝင်ခဲ့တဲ့ နာမည်ကျော် ‘မိုးသောက်ကြယ်နီ’မှာ သူလည်း သရုပ်ဆောင်တဦးအဖြစ် ပါဝင်ကပြခဲ့ပါတယ်။


ပန်ဆန်းကပွဲရုံမှာ ဇာတ်စင်က အင်္ဂတေကိုင်ထားတဲ့ အုတ်ခုံဇာတ်စင်ဖြစ်ပါတယ်။ တကြိမ်ထဲ လူ ၁ဝဝ နီးပါး တက်ရောက်ကပြနိုင်ပါတယ်။ ပွဲကြည့်ပရိတ်သတ် ၁ဝဝဝ ခန့်ကြည့်ရှုနိုင်ပါတယ်။ အမိုးကတော့ သက်ကယ်မိုးပါ။ ဒါကြောင့် တချို့ က ‘ကမ္ဘာ့အကြီးဆုံး သက်ကယ်တဲ’ လို့ နာမည်ပေးထားကြပါတယ်။ ဒီအဆောက်အဦဟာ ကပွဲရုံဖြစ်သလို ရဲဘော်များ၊ တပ်သားများ လူ ၁ဝဝဝ ကျော်ကျော်လောက် အစည်းအဝေး ကျင်းပရာ အစည်းအဝေးခန်းမလည်း ဖြစ်ပါတယ်။


ဒီဇာတ်စင်ပေါ်မှာ ကိုကျော်ဆိုင် ဒါရိုက်တာလုပ်တဲ့ ‘ကော့ဟန်ကြာညို’ ဗမာပြည်ကွန်မြူနစ်ပါတီ ပြည်သူ့အသံက အသံလွှင့်ခဲ့တဲ့ သူရဲကောင်း(ရဲဘော်ကြာညို) အကြောင်း ပြဇာတ်ထဲမှာ သူကိုယ်တိုင် တကယ့်မြင်းကြီးစီးပြီး ဇာတ်ခုံပေါ်မှာ ကပြခဲ့ဖူးပါတယ်။ သူက လားအကောင်းစားတကောင် ပြဇာတ်မှာ ထည့်သုံး ချင်တယ်လို့ ပူဆာတဲ့အတွက် ကျနော်က တိန့်အော ဒိုင်နယ်မှာ တရုတ်ယွမ်ငွေ တသောင်းခန့်တန်တဲ့ လားကြီးတကောင် ငှားပေးရပါတယ်။ အဲဒီလားကြီးကို ဇာတ်စင်ပေါ်မှာ အတင်းလေ့ကျင့်တာ နောက်ဆုံးမှာ အောင်မြင်သွားခဲ့ပါတယ်။ အဲသလိုလူမျိုးပါ။


ဆက်လက်ဖော်ပြပါမယ်။


No comments: