အကြမ်းဖက်သမား
(ယောဟန်အောင်)
မိန်းကလေးရေ …
“အက်ဆစ်”တွေ ဘာတွေ လာပြောမနေနဲ့။
ငါက ပို အပြင်းထန်ဆုံးကောင်၊
ကျိတ်လောင်နေတဲ့ကောင် မဟုတ်။
အရမ်းချစ်
အရမ်းငို
အချစ်အတွက်ဆို ငါက ဘာဆိုဘာမှ
ဝန်လေးတာမဟုတ်။
“အချစ်ကြောင့်ပဲ
ကဗျာဆရာ ဖြစ်ခဲ့။
အချစ်ကြောင့်ပဲ
တော်လှန်ရေးသမားလည်း ဖြစ်ခဲ့” 1 တဲ့
ဆရာ နိုင်ဝင်းဆွေငဲ့ ...
ဒီခေတ်ကြီးမှာ
ဖော်နည်းကားမှား
အချစ်သမားလည်း
အကြမ်းဖက်သမားဖြစ်ပြန်သတဲ့။
ငါက ဘဝကို ခုံမင်သမှ
လူသား အားလုံးတွေရဲ့ဘဝကို ခုံမင်တယ်။
စိတ်ကူးယဉ်သမှ
ပန်းပွင့် ... လိပ်ပြာ ... တိမ်တောင်
အိပ်မက် မက်နေချင်တဲ့ကောင်။
အခုတော့ အခြေအနေက
လျှာတွေ ရိတ်သိမ်းခံရ၊
လမ်းတွေက ဈာပနပွဲတွေကျင်းပကာ
အမေနဲ့ ချစ်သူတွေက မျက်ရည်မိုးရွာ
ဘာသာရေးတန်ဆောင်း၊ ကျောင်း
ဘုရားတွေထဲ သွေးတွေပေါလောမျော
သောက ဗျာပါဒတွေ ငှက်အုပ် လန့်ပျံ
ရန်လို လက်စားချေမှု ကျီးပြို
ဒါကို ဘယ်လိုပန်းနဲ့ကြိုဆိုရမှာလဲ။
ငါက …
မခံချင်လွန်းလို့ ထလုပ်တဲ့ကောင်၊
နောက်လိုက်တထောင်ထဲကမှ
နောက်လိုက်တကောင်
ခေါင်းဆောင်ကြီးဆိုသူတွေက ထွက်ပြေး၊
လက်မှတ်ထိုးတဲ့သူတွေက မြို့ထိုးအပ်၊
သီလကြောင်တွေက ဂိုဒေါင်ဖောက်
ကပ်ဖားတဲ့ကောင်တွေ အာဏာရ
ခေတ်ပျက်မှာ ဗိုလ်လုပ်ကြတယ်။
ဒါကို ငါက
“မင်းတို့ယဉ်ကျေးမှု အဓွန့်ရှည်ပါစေ
မင်းတို့အချစ် အနှစ်ရာတည်ပါစေ”2
ပြောရမှာလား။
ငါက ငါ့နာမည် ငါပြောတာ၊
ငါက ငါ့အလံထောင်တာ
သူများအရုပ် ကြိုးတုပ်တွန်းလှဲတာ မဟုတ်ဘူး။
ငါက မောင်းတင်ကျည်ထိုးထားတဲ့သူ၊
ငါက ရင်ထဲ မိုးသည်း မုန်တိုင်းထန်တဲ့သူ
ငါက ဝမ်းထဲ မီးတောက်ပြင်းလောင်နေတဲ့သူ။
ငါကိုယ်တိုင်က
တစ် ... တောက်မြည်နေတဲ့ဗုံးကွဲ့ ...
ငါ့ကို အံ့ကျော်
ငါ့ကို စစ်သွေးကြွ
ငါ့ကို အစွန်းရောက်ညာသီ
ငါ့ကို အခြေခံဝါဒီ
ဘယ်လိုပဲသတ်မှတ်ကြ သတ်မှတ်ကြ
ငါက
အာဃာတနဲ့ ဖျက်ဆီးလိုစိတ်လောင်
ငါကြည်ညိုတဲ့ခေါင်းဆောင်ကို
သေအောင်လုပ်ကြံရိုက်သတ်မှတော့
ငါက ရပ်ကြည့်နေရမှာတဲ့လား။
ငါ့လူထုတွေ ငတ်နေမှတော့
ငါက တရားပြနေရမှာလား။
ငါ့မျက်စေ့ထဲ သွေးတွေရဲနေမှတော့
ငါ ဒီပွဲမရဲ ဓားမဆွဲရင်
ဘယ်ယောက်ျား ငါ ဟုတ်တော့မလဲ။
ညမှာအမြဲ ဆာလောင်နေတဲ့ကောင်
ဒီအချက်တခုနဲ့တောင်အကြမ်းဖက်ဖို့
လုံလောက်နေခဲ့။
လူးလားဘိုင်တေးတွေနဲ့
ဘယ်သူက ငါ့ကို
လွတ်မြောက်ရေးပေးမှာတဲ့တုန်း။
ဘယ်နိုင်ငံက လမ်းပြမြေပုံ
ငါဆူးပုံနင်းပြီး ယုံရမှာတဲ့တုန်း။
ဒီလိုနဲ့ပဲ မိန်းကလေးရေ …
ငါပြောတဲ့စကား
မှိုပွင့်လို ဗုန်းလောင်၊
ငါဟောတဲ့တရား
ဖျက်အားပြင်း ဗုံးတထောင်၊
ငါ့ မျက်နှာထား
ဂျေ-ဒီ-အက်စ်-အမ် ဟုံးဟုံးလောင်။
ယောဟန်အောင်
Endnote
1။ နိုင်ဝင်းဆွေ၏ လေညှင်းကလေး လာနေပြီ - မှ
2 ။ မာယာ့ကော့စကီး၏ ဘောင်းဘီဝတ် မိုးတိမ် - မှ
လူ့ဘောင်သစ် ဂျာနယ်
အတွဲ ၈ အမှတ် ၁
နိုဝင်ဘာလ ၂၀၀၃ ခုနှစ်
No comments:
Post a Comment